YBS တစ်နှစ်ပြည့်ပြီ

in #myanmar6 years ago

image
YBS တစ်နှစ်ပြည့်ပြီ
ရန်ကုန်မြို့တော်အတွင်း အဓိကကျတဲ့ သယ်ယူပို့ဆောင်ရေးတစ်ခုဖြစ်တဲ့ မြို့တွင်းဘတ်စ်ကားစနစ် ပြောင်းလဲခဲ့တာ တစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။
၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၁၆ ရက်မှာ စတင်ခဲ့တဲ့ YBS လို့ခေါ်တဲ့ ရန်ကုန်မြို့တွင်းဘတ်စ်ကားစနစ်ဟာ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၁၆ ရက်မှာ တစ်နှစ်ပြည့်မြောက်ခဲ့တာ ဖြစ်ပါတယ်။ တစ်နှစ်တာကာလအတွင်း ၇ဝ ရာခိုင်နှုန်းအောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) က ပြောကြားခဲ့ပါတယ်။
image

တစ်နှစ်တာကာလအတွင်း တိုးတက်လာတဲ့ အချက်အလက်တွေနဲ့ လိုအပ်နေဆဲ အချက်အလက်တချို့ကို ဖော်ပြလိုက်ပါတယ်။

၁။ ဘတ်စ်ကားများအဆင့်မြှင့်တင်မှု

စတင်စအချိန်ကာလတွေအတွင်း ယာဉ်လိုအပ်ချက်မြင့်မားခြင်း၊ ယာဉ်တွေရဲ့ ကြံ့ခိုင်မှုအားနည်းခြင်းတွေ ကြောင့် ခရီးသည်တွေအကြား အခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမယ့် ၅ လအကြာ ဇွန်လအတွင်းမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဝယ်ယူထားတဲ့ ကားသစ်တွေ ရောက်ရှိလာခဲ့ပြီး ဇူလိုင်လကစတင်ကာ မော်ဒယ်နိမ့်ကားတွေနေရာမှာ ဘတ်စ်ကားသစ်တွေနဲ့ စတင်အစားထိုးပြေးဆွဲခဲ့ပါတယ်။ လက်ရှိ YBS ယာဉ်လိုင်းတွေအတွင်း Yutong၊ Ankai၊ Foton စတဲ့ အမျိုးအစား ဘတ်စ်ကားသစ်တွေ လည်ပတ်ပြေးဆွဲနေပြီဖြစ်ပါတယ်။

၂။ စည်းကမ်းလိုက်နာမှု

ဘတ်စ်ကားသစ်တွေ၊ မော်ဒယ်မြင့်ဘတ်စ်ကားတွေနဲ့ အစားထိုးပြေးဆွဲနေပေမယ့် စည်းကမ်းလိုက်နာမှု၊ စည်းကမ်းဖောက်ဖျက်မှုတွေကတော့ ဘတ်စ်ကားယာဉ်မောင်းတွေရော၊ ခရီးသည်တွေရောမှာ တွေ့ရှိနေရဆဲဖြစ်ပါတယ်။ မှတ်တိုင်မဟုတ်တဲ့ နေရာတွေမှာ ရပ်ပြီး ခရီးသည်တင်မှုတွေ၊ မှတ်တိုင်မှာ မရပ်မှုတွေ၊ ခရီးသည်တွေ စည်းကမ်းတကျ ကားပေါ် မတက်မှုတွေ၊ ကားခိုးစီးမှုတွေ၊ ဘတ်စ်ကားမှတ်တိုင်တွေ နေရာ တခြားယာဉ်တွေ ရပ်နားထားမှု စတဲ့အချက်တွေကတော့ လက်ရှိအချိန်ထိ ရှိနေဆဲဖြစ်ပါတယ်။

၃။ အရေးယူမှု

ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) အနေနဲ့ YBS လုပ်ငန်းစဉ်တစ်ခုလုံးကို စနစ်တကျ စီမံကွပ်ကဲနိုင်ဖို့ ဦးစောဘိုဘိုကို အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ပေးခန့်ထားခဲ့ပါတယ်။ အမှုဆောင်အရာရှိချုပ်အနေနဲ့ ခန့်အပ်ခံရပြီးနောက်ပိုင်းမှာ စည်းကမ်းထိန်းသိမ်းမှုတွေ၊ စစ်ဆေးမှုတွေကို ခပ်စိတ်စိတ်လုပ်ဆောင်လာခဲ့သလို အရေးယူမှုတွေကိုလည်း ပြုလုပ်လာခဲ့ပါတယ်။ စည်းကမ်းဖောက်ဖျက်တဲ့ ယာဉ်မောင်းတချို့ကို YBS ယာဉ်လိုင်းတွေ မောင်းနှင်ခွင့် ရာသက်ပန်ပိတ်ပင်ခဲ့သလို စည်းကမ်းမလိုက်နာတဲ့ အော်ပရေတာကုမ္ပဏီတစ်ခုကိုလည်း YBS ပြေးဆွဲခွင့်ကနေ ပိတ်သိမ်းခဲ့ပါတယ်။ YRTA က သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေကို မလိုက်နာတဲ့အတွက် ခေတ်သစ် ငြိမ်းချမ်းရေးအများပိုင်ကုမ္ပဏီကို ယာဉ်လိုင်းပြေးဆွဲခွင့် ရပ်နားခဲ့တာဖြစ်ပြီး YBS လောကရဲ့ မြင့်မားတဲ့ အရေးယူမှုတစ်ခုဖြစ်ခဲ့ပါတယ်။

၎။ ကတ်စနစ်

YBS စနစ်ရဲ့ အရေးပါတဲ့ လုပ်ဆောင်မှုတစ်ခုဖြစ်တဲ့ ကတ်စနစ်ကို မကြာမီကာလအတွင်း အကောင်အထည် ဖော်တော့မှာဖြစ်ပါတယ်။ ၂ဝ၁၈ ဇန်နဝါရီလလယ်ပိုင်းမှာ ကတ်စနစ်ဖြစ်တဲ့ YPS စနစ်ဖော်ဆောင်ဖို့ တင်ဒါအောင်ကုမ္ပဏီရဲ့ အမည်ကို ထုတ်ပြန်ကြေညာခဲ့ပြီး ၃ လအတွင်းအကောင်အထည်ဖော်မယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ တင်ဒါအောင်ကုမ္ပဏီအဖြစ် Excel KC Myanmar ကုမ္ပဏီကို ရွေးချယ်ခဲ့တာဖြစ်ပြီး အကြောင်းကြောင်းကြောင့် တင်ဒါအောင်ကုမ္ပဏီနဲ့ အဆင်မပြေခဲ့ရင် ချက်ချင်းအစားထိုးဖို့ ကုမ္ပဏီ ၂ ခုကိုလည်း ထပ်မံရွေးချယ်ထားခဲ့ပါတယ်။ ၂ဝ၁၈ ခုနှစ်အတွင်းမှာ YBS စနစ်ကို ထပ်မံအဆင့်မြှင့်မှာဖြစ်ပြီး YBS ယာဉ်လိုင်းအားလုံး အပါအဝင် တခြားသယ်ယူပို့ဆောင်ရေးတွေ၊ တခြားလုပ်ငန်းတွေမှာလည်း ကတ်တစ်ကတ်ထဲနဲ့ အသုံးပြုနိုင်အောင် ဆောင်ရွက်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့ပါတယ်။ ဘဏ်ကတ်တွေနဲ့လည်း အသုံးပြုနိုင်အောင် ကြိုးစားနေတယ်လို့ ဆိုခဲ့ပါတယ်။

၅။ လိုအပ်နေဆဲအချက်များ

YBS စနစ် တစ်နှစ်တာပြည့်မြောက်ခဲ့ပြီဖြစ်ပေမယ့် ညပိုင်းဘတ်စ်ကားရှားပါးမှုဒဏ်ကိုတော့ ခရီးသည်တွေ ရင်ဆိုင်နေဆဲဖြစ်ပါတယ်။ ည ၈ နာရီကျော်တာနဲ့ တချို့ယာဉ်လမ်းကြောင်းတွေမှာ ဘတ်စ်ကားတွေ ပြေးဆွဲခြင်းမရှိတော့သလို တချို့ယာဉ်လမ်းကြောင်းတွေမှာတော့ မြို့တွင်းကနေ မြို့ပြင်ပြန်ထွက်တဲ့ ကားတွေသာရှိပြီး မြို့ပြင်ကနေ မြို့တွင်းပြေးဆွဲတဲ့ ကားတွေကတော့ ရှားပါးသွားတာကို တွေ့ရပါတယ်။ ဒါကြောင်း ခရီးသည်တွေအနေနဲ့ အောက်ဆိုက်ကားလို့ ခေါ်တဲ့ ကြားကားတွေကို အားကိုးနေရဆဲဖြစ်ပြီး ညဘက်ပိုင်း သွားလာတဲ့ ခရီးသည်တွေအနေနဲ့ မလုံခြုံမှုအန္တရာယ်၊ ငွေကုန်ကြေးကျမှုဒဏ်တွေကို ကြုံတွေ့နေရဆဲဖြစ်ပါတယ်။

Thank you.

Sort:  

great content! and thanks again for following!

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.032
BTC 62699.43
ETH 2963.61
USDT 1.00
SBD 3.61