နွားချစ်သူနှင့်စုန်းကဝေမလေး အပိုင်း(၁၃)

in #myanmar7 years ago

image
နွားချစ်သူက မယ်နန်းဘုံ၏ နှုတ်ခမ်းဖူးလေးကို နောက်တစ်ကြိမ်စုပ်ယူနမ်းရှိုက်လိုက်မိသည်။ အနမ်းကြောင့်လား မည်သည့်အရာကြောင့်လဲတော့မသိ . . ။ သူတို့နှစ်ဦးလုံး ကြက်သီးမွေးညှင်းများ ဖြန်းခနဲထသွားပြီး နွားချစ်သူ၏ နားထဲတွင်တော့ မနေ့ညက ခုန်ဆင်းခါးကျိုးကြီးပြောခဲ့သော "သူ့ကိုနမ်းလိုက်ပါ"ဆိုသော စကားသံကြီးကို အကြိမ်ပေါင်းများစွာပင် ပဲ့တင်ထပ်လျက် ကြားနေမိသည်။ မယ်နန်းဘုံမှာလည်း တစ်ကိုယ်လုံး ကြက်သီးမွေးညှင်းများထသွားပြီး ခေါင်းထဲမှာအလွန်ပင်ပူထူလာလျက်ရှိနေသလို သူစိမ်းယောက်ျားလေးနမ်းတာကို ဒီတိုင်းပင်ငြိမ်ခံနေသည့် ကိုယ့်ကိုယ်ကိုပင် အလွန်အံ့သြနေမိသည်။ သူတို့နှစ်ဦး၏ အနမ်းမှ ရုတ်တရက် လှိုင်းများပြန့်ကားထွက်လာပြီး နှစ်ဦးစလုံး၏ ခေါင်းထဲမှာ ပူထူရင်း ပူထူရင်းနှင့် နှစ်ယောက်စလုံးရဲ့ အမြင်အာရုံတို့မှာ အတိတ်ပုံရိပ်တစ်ခုကို ရေးရေးလေး . . ပြီးနောက် ထင်ထင်ရှားရှားမြင်လာရပါတော့သည်။
ထိုပုံရိပ်တွေထဲတွင် နွားချစ်သူက ရွာတည်ဖို့စုန်း ၇ ဦးရှာရန်အတွက် မီးအိမ်တစ်လုံးနှင့် ချေးစားစုန်းတို့ရွာကို ရောက်လာပုံများ၊ မယ်နန်းဘုံ စုန်းဘဝငယ်စဉ်က စူးစမ်းမှုများ၊ မယ်အိုစာပြဒါးရှင်လုံး ၇ လုံးကို ဖန်တီးပြီး နွားချစ်သူမေ့မျောနေစဉ်နှင့် မယ်နန်းဘုံအိပ်မောကျနေစဉ် သူတို့နှစ်ဦးလုံးကို ခုန်ဆင်းခါးကျိုးကြီးပေါ်သို့ တင်ပြီးနောက် ဒေဝေါဆီသို့ပို့ဆောင်ပေးရန် အမိန့်ပေးသံများကိုကြားလာရသည်။ ထိုအဖြစ်အပျက်များသည် မယ်နန်းဘုံ ယခင်က အိပ်မက်လိုလို ပုံရိပ်လိုလိုများနှင့် သိနေကျကိစ္စများဖြစ်ပြီး မယ်နန်းဘုံ မမှတ်မိလိုက်တော့သည့် ခုန်ဆင်းခါးကျိုးကြီးသယ်သွားပြီးနောက် အဖြစ်အပျက်ကို ယခုမှပင် အောက်ပါအတိုင်းမျက်ဝါးထင်ထင်မြင်တွေ့လိုက်ရပါတော့သည်။
× × × × × × × × ×
လွန်ခဲ့သော နှစ်အတန်ကြာက . . .။
မယ်နန်းဘုံနှင့်နွားချစ်သူတို့၏ယခင်ဘဝ . . .။
ဆင်ကွပ်တို့နေထိုင်ရာ ရွာလေးကို တန်ဆောင်မုန်းလရဲ့ လပြည့်ည လရောင်က ထိန်ထိန်လင်းကာ ဖြန့်ကျက်နေပြီး ချေးစားစုန်းရွာသူရွာသားများမှာ နက္ခတ်ပွဲသဘင်သွားကြသောကြောင့် ရွာထဲမှာ ဘယ်သူမှမရှိကြ။ သို့သော် ရွာ၏ အဓိကလမ်းမကြီးမှာတော့ ကုန်းကုန်းကွကွနှင့် ခုန်ဆင်းခါးကျိုးဟု ခေါ်သော စုန်းမကြီးမယ်အိုစာ၏ လက်စွဲမွေးမြူသည့် သတ္တဝါကြီးက ချေးစားစုန်း ကလေးမလေးတစ်ယောက်နှင့် လူသားယောက်ျားပျိုတစ်ယောက်တို့ကို အနောက်တွင်တင်ဆောင်ကာ ပြေးလွှားသွားလျက်ရှိသည်။ ထိုရွာ၏ ဟိုးအရှေ့ကတောင်ကုန်းထိပ်တွင်တော့ စုန်းများအားလုံးက နက္ခတ်ပွဲသဘင်ကို ဆင်ယင်လို့နေကြသည်။ နက္ခတ်ပွဲသဘင်ဆင်ယင်နေရင်းနှင့်မှ ဆံထိုးတွင်အရိုးထိုးထားသောစုန်းမကြီးက လရောင်အောက်တွင် စုန်းမတစ်ယောက်နှင့် လူသားတစ်ယောက်ကိုသယ်ဆောင်လို့သွားသော ခုန်ဆင်းခါးကျိုးကြီးကို လှမ်းတွေ့လိုက်ရသောအခါ -
"ဟေ့. . .အားလုံးလိုက်ကြ"
ဟုပြောရင်း ခုန်ဆင်းခါးကျိုးရှိနေရာသို့ လက်ညှိုးညွှန်ပြလိုက်ရာ တောင်ကုန်းပေါ်မှာ အရာရာက ရုတ်ရုတ်သဲသဲပင်ဖြစ်လို့သွားသည်။ ချေးစားစူန်းများအားလုံးက ချက်ချင်းဆိုသလို သူတို့၏ မူလဘူတရုပ်ဖြစ်သော ရွှံ့လုံးများအဖြစ်သို့ပြောင်းလဲသွားကာ ရွှံ့လုံးတို့က ခုန်ဆွခုန်ဆွနှင့်ပင် တောင်ကုန်းအောက်သို့ လျှင်မြန်စွာ ခုန်ဆင်းသွားကြပါတော့သည်။
တောင်ပြိုသည့်နှယ် အရှိန်အဟုန်ပြင်းစွာနှင့် လိမ့်ဆင်းကာကျလာသော ရွှံ့လုံးကြီးများကိုကြည့်ကာ ခုန်ဆင်းခါးကျိုးကြီးက ဂါထာတစ်ပုဒ်ကို တီးတိုးရွတ်ဆိုလိုက်ရာ မိုးတိမ်ကဲ့သို့ အခိုးအငွေ့မြူများက သူတို့နားမှာ ရုတ်တရက် ရစ်ဆိုင်းလို့လာသည်။ ထိုမြူခိုးငွေ့များထဲမှာ မျက်လုံးနှစ်လုံးလို အရောင်တောက်တောင် အလင်းမှိန်စက်လေးနှစ်စက်က မီးခိုးလားရာအတိုင်း ရွေ့လျားနေလျက်ရှိသည်။ ခုန်ဆင်းခါးကျိုးက ထိုအလင်းစက်လေးနှစ်စက်ကို ကြည့်ကာ -
"ဒေဝေါ . . ငါတို့ကိုလမ်းပြပါ"
ဟုပြောလိုက်ရာ ထိုအစက်လေးနှစ်စက်က အရောင်စူးရှလာပြီးနောက် -
"မှတ်ဥာဏ်တွေကို စတေးဖို့ သဘောတူလက်ခံပါရဲ့လား"
ဆိုသော အသံတစ်ခုက မြူခိုးငွေ့များကြားထဲမှာ ရစ်ဝဲစွာ ထွက်ပေါ်လာသည်။ ခုန်ဆင်းခါးကျိုးက ခေါင်းကို ငြိမ့်လိုက်တော့ ပြန့်ကျဲနေသော မြူမီးခိုးငွေ့များအားလုံးက ခုန်ဆင်းခါးကျိုး၏ ခန္ဓာကိုယ်ရှိရာသို့ စုရုံးရောက်ရှိလာပြီး တိမ်တိုက်တစ်ခုအသွင်သို့ ပြောင်းသွားကာ ကောင်းကင်သို့ တက်သွားပါတော့သည်။
ထိုအခိုက် ချေးစားစုန်းရွှံ့လုံးများကလည်း တောင်ကုန်းပေါ်မှ ဒုန်းစိုင်းကာပင် အရှိန်နှင့်ဆင်းလာပြီးနောက်မှ ရုတ်တရက်ဆိုသလိုပင် အားလုံးက လူအသွင် ပြန်လည်ပြောင်းလဲကုန်ကြတော့သည်။ အရိုးကိုဆံထုံးမှာ ထိုးထားသည့် စုန်းမကြီးက လွင့်သွားသော ဒေဝေါတိမ်တိုက်ထုကို ကြည့်ရင်း -
"ငါတို့ဆင်ကွပ်ရွာကို ကျူးကျော်ဝင်ရောက်လာသူတွေရှိနေပြီ"
ဟုပြောလိုက်သည်။ နောက်လိုက်ချေးစားစုန်းများကတော့ ဆူညံစွာပင် တစ်ယောက်တစ်ပေါက်ပြောဆိုနေကြရင်းမှ ချေးစားစုန်းတစ်ကောင်က -
"ဒါ ဘယ်သူတွေဖြစ်နိုင်မလဲသခင်မ"
ဟုပြောလိုက်ရာ အရိုးကို ဆံထုံးမှာထိုးထားသည့် စုန်းမကြီးက ခနဲ့တဲ့တဲ့ရယ်လောက်ပြီးနောက် ရွာရှိရာဘက်သို့လှည့်ကြည့်ကာ -
"ဟားဟား . . . ဘယ်သူဖြစ်နိုင်မလဲအေ . . နက္ခတ်ပွဲသဘင် ဆင်ယင်ချိန် အမြဲရွာထဲမှာပဲကျန်တဲ့တဲ့ ဟိုစုန်းမအိုကြီး မယ်အိုစာအပြင် အခြားသူဖြစ်နိုင်စရာမရှိပါဘူး . . နင်က လူရှုပ်တွေ ရွာထဲခေါ်လာရက်သလား . . ဟင်းဟင်း . နင်ဒါငါ့ကို စိန်ခေါ်လိုက်တာလား. ဒီညတော့ နင်နဲ့ငါ ပညာချင်းယှဉ်ပြီပေါ့. . ဟားဟားဟားဟား"
ဟု ပြောရင်း မယ်အိုစာစုန်းမကြီးကို တစ်ကိုယ်တော်တိုက်ခိုက်ရန်အတွက် တောင်ဝှေးကြီးကို မြေသားပြင်ပေါ်မှာ တစ်ဒေါက်ဒေါက်ထောက်ပြီး ရွာရှိရာဆီသို့ ဦးတည်လျှောက်သွားလိုက်ပါတော့သည်။

အပိုင်း(၁၄)ဆက်ရန်

Own Feeling @ 2018 by
ကာရှိုင်း (ကြယ်စင်ချစ်သူ)
@AuroKarshine
MSC-136

Sort:  

အပိုင်းဆက်​အာ​စောင်​​မျှော်​လျှက်

ဆက်ရေးပါ ဖတ်ဖို့စောင့်နေတယ်

ဟုတ် ကျေးဇူးတင်ပါတယ်ဗျ အားပေးလို့

အားပေးနေပါတယ်။

ဟုတ်ကဲ့ . . . နောက်အပိုင်းတွေ ဆက်အားပေးပါဦးဗျ

အားပေးနေပါတယ် bro

ကျေးဇူးတင်ပါတယ် bro

အားပေးနေပါတယ်

အားပေးခဲ့ပါတယ်ရှင်

ကျေးဇူးတင်ပါတယ်ခင်ဗျ

ကောင်းတယ်ဗျာ

powerကျနေလို့လျော့ပေးခဲ့ပါတယ်ရှင်

စာ​ရေး​ကောင်းတယ်​​နော်​။ အား​ပေး​နေပါတယ်

အား​ပေးလျှက်​ပါbro

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.029
BTC 57475.27
ETH 2375.39
USDT 1.00
SBD 2.34