မျှော်လင့်ချက်မဲ့ကောင်းကင်ပျို (စ/ဆုံး)

in #myanmar7 years ago (edited)

image

(၁)

တက္ကသိုလ်တစ်ခုရှိ စာသင်ခန်းတစ်ခုရှေ့တွင် မိန်းကလေးအုပ်စုတစ်စု စုရုံးနေကြပြီး စကားများဖောင်ဖွဲ့ကာဆူညံနေကြသည်။
“ဟဲ့ ရာရာ၊ နင့်ကောင်က ဒီအခန်းကဆိုတာ သေချာရဲ့လား “
မိန်းကလေးအုပ်စုမှ စာသင်ခန်းထဲသို့ ချောင်းကြည့်နေခြင်းကိုရပ်လိုက်ပြီး ရှင်းရှင်းဆိုသော ကောင်မလေးက ရာရာ့ကိုမေးလိုက်သည်။ ရာရာက -
“အာ . . . နင်ကလည်း၊ နင့်ကောင်လို့တော့မပြောပါနဲ့၊ ဘာလို့လဲဆိုတော့ ငါကသူ့ကို ခုမှလိုက်တုန်းလေ . . . အဟီး “
ရာရာဆိုသော ကောင်မလေးက ချစ်စရာမျက်နှာလေးဖြင့် Innocent အပြုံးလေးကို အရှက်နည်းနည်းထည့်ကာ ပြုံးပြလိုက်သည်။
“နင် သူ့နာမည်တောင် မသိဘူးမဟုတ်လား . . .”
“နာမည်စုံစမ်းရတာက လွယ်ပါတယ်ဟာ၊ ငါက သူ့ခုံနံပါတ်ကိုကို စုံစမ်းပြီးသားလေ၊ သူ့ခုံနံပါတ်က ထိပ်ဆုံးရဲ့ထိပ်ဆုံးက (၁) တဲ့၊ ဟော . ပြောရင်းဆိုရင်း သူလာနေပြီ . . . “
ရာရာက မျက်လုံးအမူအရဖြင့် သူလာရာကိုညွှန်ပြလိုက်ရာ ကောင်မလေးများအားလုံးလှည့်ကြည့်လိုက်ကြသည်။ ထို့နောက် -
“အားးးးးးးးးး၊ . . . အိုပါး”
“မြင်မြင်ချင်းတောင် ကြွေတယ်ဟာ . . .”
“မွားစ် ဆိုပြီး အနမ်းလေးတစ်ချက်ပေးချင်လောက်အောင်ကို မျက်နှာလေးကအပြစ်ပြောစရာမရှိလောက်အောင်ကို လန်းတာ . . .”
ဟု အမျိုးမျိုးတီးတိုးကာ ထင်ကြေးအမျိုးမျိုးပေးကြသည်။ ထို့နောက် ရာရာက -
“ဟိတ် ၊ နင်တို့ငါ့ဟာလေးကိုတော့ လာပြီးမပြစ်မှားနဲ့နော်၊ မိဘပြစ်မှားမိရင် ကံကြီးထိုက်သလို ၊ ငါ့ဟာလေးကိုနင်တို့ပြစ်မှားမိရင်လည်း . . . ၊ ဟင်းဟင်း
ရာရာ့အကြောင်းကိုသိတယ်မဟုတ်လား၊ နင်တို့ ဘဲသက်စေ့ထားတဲ့အကြောင်းတွေ နင်တို့အိမ်ရောက်ပြီသာမှတ် . . .”
“အေးပါဟာ၊ အော် . . ငါတို့လည်း ကိုယ့်ဘဲနဲ့ကိုယ်ရှိပြီးသားပါနော်၊ ဒါနဲ့ ခုငါတို့ဘာဆက်လုပ်မလဲ . . .”
“အခန်းထဲဝင်မယ်လေ . . .”
“ဟဲ့ . . . သူများစာသင်ခန်းထဲကို နင်က ဘာဝင်လုပ်ချင်တာလဲ . . .”
“ဒါတော့ မကြာမီလာမည်ပေါ့၊ အခန်းထဲကိုသာ ဝင်လိုက်ခဲ့စမ်းပါ . . .”
ဒီလိုနှင့် ဒီမိန်းကလေးအုပ်စုက စာသင်ခန်းထဲသို့ ဝင်လိုက်သွားပါသည်။ ထို့နောက် ဟိုတစ်ယောက်ထိုင်သည့်နေရာ အနောက်မှဝင်ထိုင်လိုက်ပါသည်။ ခဏကြာတော့ Roll Call စာရွက်က ခုံတန်းတစ်တန်းချင်းစီ လက်မှတ်ထိုးခံရင်း ရာရာတို့ဆီ ရောက်လာခဲ့သည်။
အဖွဲ့မှ မေဇင်နွယ်ဆိုသောကောင်မလေးက -
“ဟဲ့ . . . ၊ ဒီစာရွက်ကို အနောက်ကိုပေးလိုက်ရတော့မလား”
ထိုအခါ ရာရာက -
“ငတုံးမ၊ ဘယ်ပေးမှာလဲ၊ ပေး . . အဲ့စာရွက်ငါ့ဆီကို”
ရာရာက ထိုစာရွက်၏ထိပ်ဆုံးမှ ခုံအမှတ်နှင့် နာမည်ကိုကြည့်လိုက်သည်။
“ခုံအမှတ်(၁)၊ ကောင်းကင်တမန် ဆိုပါလား၊ အော . . .နာမည်ကလည်း လူအတိုင်းအလန်းစားပါပဲလားဟ . .”
ရာရာက ထိုသို့ကြိတ်တွေးကာ Roll Call စာရွက်ကို အနောက်သို့ပို့ကာ တိတ်တိတ်လေးကြိတ်ပြုံးလိုက်သည်။ ထို့နောက် ဘေးမှ သူငယ်ချင်းများကို -
“ဟေ့ . . . ရှေ့ကဟိုတစ်ယောက် ကျောပိုးအိတ်ပွင့်နေဇစ်ပွင့်နေတာ တွေ့လား”
ဟုတီးတိုးပြောလိုက်သည်။
“အင်း . . တွေ့တယ်”
“နင်တို့ သူမသိအောင်ဒီစာရွက်ခေါက်လေးကို သူ့ထဲကိုထည့်ပေးပါနော် . .၊ ဆရာထွက်တာနဲ့ လုပ်လိုက်တော့ . . .”
ရှင်းရှင်းက ထိုစာရွက်ခေါက်လေးကို အသင့်ယူထားလိုက်သည်။ ဆရာထွက်သွားတော့ ရှင်းရှင်းက ကောင်းကင်တမာန်၏ လွယ်အိတ်ကို နှိုက်ရန်အပြင် -
“ဒါ ဘာလုပ်တာလဲဗျ”
ကောင်းကင်တမန်က ရုတ်တရက်ထအော်လိုက်သောကြောင့် သူတို့အားလုံးလန့်သွားကာ စာရွက်လေးကို ကောင်းကင်တမန် ဆီသို့ပစ်ထားလိုက်ကာ ရုတ်ရုတ်ရုတ်ရုတ်နှင့် ထွက်ပြေးသွားကြသည်။
ရာရာကတော့ ကောင်းကင်တမန်ကို တစ်ချက်လှည့်ကြည့်ကာ အပြစ်ကင်းစင်သောရှက်ပြုံးလေးတစ်ချက်ကို ပြုံးပြလိုက်သည်။ ကောင်းကင်တမန်က ရုတ်တရက် ကြောင်အမ်း ငေးကြည့်နေပြီးမှ စာရွက်ခေါက်လေးကိုဖြန့်ကြည့်လိုက်သည်။ စာရွက်ခေါက်လေးထဲတွင်တော့ -
“Zac Efron နဲ့တူတယ်” ဟုရေးထားလေသည်။
ကောင်းကင်တမန်က သဘောကျဟန်ဖြင့် တစ်ချက်ပြုံးလိုက်ကာ ထိုစာရွက်လေးပေါ်တွက် အောက်ပါအတိုင်း ရေးချလိုက်ပါတော့သည်။
“အပြစ်ကင်းစင်တဲ့အပြုံး၊ အဖြူရောင်စာရွက်တစ်ရွက်နဲ့
ငါ့အတွက် ရင်ခုန်သံတွေပဲ ပေးမသွားနဲ့လေကွာ . . .
မင်းဆီက ပြုစုယုယမှုနဲ့ အချစ်ဆိုတာ ကျန်သေးတယ်”
x x x x x x
image
(၂)
ရာရာတို့ သူငယ်ချင်းအုပ်စု အခန်းထဲမှပြေးထွက်လာကြသည်။ ထို့နောက် ရည်ရွယ်ထားသောကိစ္စတစ်ခုကို အောင်မြင်အောင်ပြုလုပ်နိုင်သည့်အတွက် အားလုံးအပြုံးကိုယ်စီနှင့် လက်ဝါးရိုက်လိုက်ကြသည်။
စာသင်ခန်းထဲမှ သူတို့အောင်မြင်စွာထွက်လာနိုင်ခဲ့သော်လည်း ရင်ခုန်သံများကတော့ ရာရာ့ရင်ထဲမှာ ကျန်ရှိနေဆဲပင်ဖြစ်သည်။ ထို့နောက်ရှင်းရှင်းက -
“ဒါနဲ့ ရာရာ၊ နင် ဒီနေ့မနက်က ကျောင်းမလာခင်ယူခဲ့တဲ့ result မကြည့်ရသေးဘူးမဟုတ်လား. . .”
“အော် . . . အေး၊ ဟုတ်သားပဲ၊ ခုမှသတိရတယ် . . .”
ရာရာက result လေးကိုထုတ်ကြည့်လိုက်သည်။ ထိုစာရွက်လေးက ရာရာ၏ရင်ခုန်မှု၊ ပျှော်ရွှင်မှုများအားလုံးကို စုပ်ယူသွားသယောင် ရာရာ့မျက်နှာတစ်ခုလုံး ဖြူရော်လာပြီး ခုနကအပြုံးတွေလည်း အဝေးကိုလွင့်စင်သွားသည်။ ထို့နောက်ရာရာက ဖုန်းထဲမှ သီချင်းလေးတစ်ပုဒ်ကိုထုတ်ဖွင့်လိုက်ကာ လေးလံသောခြေလှမ်းများနှင့် သူငယ်ချင်းများရှေ့မှ ထွက်သွားလေတော့သည်။
“♫ကမ်းခြေကနေမျှော်ကြည့်ရင် ပင်လယ်ပြင်ကိုဟိုအဝေးမှာ၊
မိုးကုပ်စက်ဝိုင်းကြီးနဲ့ နီးကပ်လို့သွားသလို ♫”
ရာရာထွက်သွားကာ ဖုန်းထဲမှ သီချင်းသံလေးကသာပျံ့လွင့်ကျန်ခဲ့ပါတော့သည်။ ရှင်းရှင်းက “ဘာဖြစ်သွားတာလဲ” ဟူသောအမူအရာဖြင့် ပုခုံးနှစ်ဖက်ကိုတွန့်ကာ လက်နှစ်ဖက်ကိုဖြန့်ပြလိုက်ရာ ကျန်သူငယ်ချင်းများက နှုတ်ခမ်းလေးများကိုစူကာ ခေါင်းကိုသာတွင်တွင် ခါပြလိုက်လေတော့သည်။
x x x x x x x
ရာရာက လေးလံသောခြေလှမ်းများဖြင့် ကန်တင်းရှိဆိုင်လေးတစ်ဆိုင်ထဲသို့ ဝင်ရောက်လာလေသည်။ ထို့နောက် ခါးသက်သက် Espresso Coffee တစ်ခွက်ကိုမှာယူကာ အကြောင်းမဲ့ ပတ်ဝန်းကျင်ကို မှိုင်တွေစွာငေးမောနေသည်။
ထိုစဉ် ရာရာက သူမထိုင်နေသောဝိုင်း၏နောက်ကျောပေးဝိုင်းကို သတိထားမိလိုက်သည်။ ထိုဝိုင်းတွင်တော့ ကောင်းကင်တမန်နှင့် ကောင်လေးတစ်ယောက်ထိုင်နေသည်ကိုတွေ့ရသည်။ ထို့ကြောင့် ရာရာက သူတို့ပြောနေသော စကားများကိုစူးစိုက်ပြီး နားထောင်ကြည့်လိုက်သည်။
“ဟေ့ကောင် ၊ ကောင်းကင် . . . မင်းဖုန်းနံပါတ် ပြောင်းသွားပြီဆို . .”
“အေး . . . ဟုတ်တယ်လေ”
“မင်းဖုန်းနံပါတ်အသစ် ငါ့ကိုမပေးရသေးဘူးနော် . .”
“အော် . . အေး၊ ဟုတ်သားပဲ၊ မှတ်ထားလိုက်နော်၊ ငါ့ဖုန်းနံပါတ်က xxxxxxxx”
ရာရာက ကောင်းကင်တမန်၏ဖုန်းနံပါတ်ကို အသင့်ပါလာသော ဖုန်း၏ Contact List ထဲတွင် မှတ်ထားလိုက်သည်။ ဟိုဘက်ဝိုင်းတွင်တော့ -
“ဟေ့ကောင် . .”
ကောင်းကင်တမန်၏ သူငယ်ချင်းက တီးတိုးပြော၍ ရာရာရှိရာကို မျက်စပစ်ပြလိုက်သည်။ ကောင်းကင်တမန်က ရာရာ့ကို မြင်မြင်ချင်း သူတို့ထိုင်နေသော ဝိုင်းမှထကာ ရာရာရှိနေသောဝိုင်းသို့ ချက်ချင်းသွားလိုက်ပြီး ရာရာပေးခဲ့သော စာရွက်ခေါက်လေးကိုပြန်ပေးလိုက်သည်။
“အပြစ်ကင်းစင်တဲ့အပြုံး၊ အဖြူရောင်စာရွက်တစ်ရွက်နဲ့
ငါ့အတွက် ရင်ခုန်သံတွေကိုပဲ ပေးမသွားနဲ့လေကွာ . . .
မင်းဆီက ပြုစုယုယမှုနဲ့ အချစ်ဆိုတာကျန်သေးတယ်”
ရာရာက ကောင်းကင်တမန်ထပ်ရေးထားသော ထိုစာလေးကိုဖတ်မိကာ ထရပ်လိုက်သည်။ ထို့နောက် သူတို့နှစ်ယောက်အကြည့်ချင်းဆုံသွားကြသည်။ ထို့နောက် သူတို့နှစ်ယောက်လုံးအတွေးထဲမှာ အရာအားလုံးငြိမ်ကျသွားသည်။
အချိန်ဘယ်လေက်ကြာကြာဒီလိုဖြစ်နေသည်လဲတော့မသိ။ ခဏကြာတော့ ရာရာကဘယ်သူမှ ထင်မှတ်မထားသော အပြုအမူတစ်ခုကိုလုပ်လိုက်မိလေသည်။
“ဖြန်း”
ကောင်းကင်တမန်က နီရဲသွားသော ပါးတစ်ဖက်ကိုကိုင်ရင်း ရာရာ့ကိုအံသြစွာကြည့်လိုက်သည်။ ထို့နောက် -
“နင် . . နင်ငါ့ကို ရိုက်လိုက်တယ်”
ရာရာကတော့ မျက်ရည်များဝေ့ဝဲတက်နေသောမျက်လုံးများနှင့် ကောင်းက်တမန်ကိုကြည့်ကာ ကော်ဖီဖိုးထားခဲ့ပြီး ဖြေရှင်းချက်မပေးဘဲ အဝေးသို့ ပြေးထွက်သွားပါတော့သည်။
x x x x x x x
(၃)

ထိုအဖြစ်အပျက်များဖြစ်ပွားပြီး နောက်ရက်တွေတိုင်းမှာ ကောင်းကင်တမန်က ပထမဆုံးတစ်ရက်သာ တွေ့ဖူးသော အမည်မသိမိန်းမပျိုကို လိုက်ရှာပါတော့သည်။
သူ့ရဲ့နှလုံးသားထဲမှာ ထိုကောင်မလေးဝင်ရောက်လာတော့မှ ရှာရခက်နေပေသည်။
ကောင်းကင်တမန်က သူရှာနိုင်သလောက် အတိုင်းအတာတစ်ခုထိ ထိုကောင်မလေးကိုရှာဖွေသော်လည်း မတွေ့တော့ပါ။ သူကတော့ ထိုကောင်မလေးကို မတွေ့မချင်းလိုက်၍ ရှာနေဦးတော့မည်သာ ဖြစ်ပါတော့သည်။
x x x x x x x x
နေ့ရက်တွေသာ ပြောင်းလဲသွားသော်လည်း ကောင်းကင်တမန်ရဲ့ရင်ထဲတွင်တော့ ရင်ခုန်သံက မပြောင်းလဲဘဲ ရှင်သန်နေဆဲ။ ထိုကောင်မလေးကိုလည်း လိုက်ရှာနေဆဲ။
သို့သော် သူတို့နှစ်ယောက်၏ရေစက်ကား ရှိဟန်တူသေးသည်။ ကောင်းကင်တမန် စာလုပ်နေချိန်တွင်ဖြစ်သည်။
“ကလင်လင်လင် . . .”
အမည်မသိ ဖုန်းနံပါတ်တစ်ခုက ကောင်းကင်တမန်၏ဖုန်းထဲသို့ ဝင်ရောက်လာသည်။
“ဟဲလို . . .အမိန့်ရှိပါ”
“ကောင်းကင်ဆိုတာ ဘယ်သူလဲမသိဘူးကွယ်”
တစ်ဖက်မှ အသက်အရွယ်ခပ်ကြီးကြီးမိန်းမတစ်ယောက်၏ အသံပင်ဖြစ်သည်။
“အော် . . . ကျွန်တော်ခုပြောနေပါတယ်ဗျာ .”
“ခုဆက်နေတာ ရာရာတို့အိမ်ကပါကွယ်၊ ဒေါ်ဒေါ့်သမီး ရာရာ့ကိစ္စနဲ့ပတ်သတ်ပြီး မောင်ရင်ဒေါ်ဒေါ်တို့အိမ်ကိုလာခဲ့ပေးနိုင်မလား . .၊ အရမ်းအရေကြီးလို့ပါ . .၊ ဒေါ်ဒေါ်တို့အိမ်လိပ်စာကို messageပို့ပေးထားလိုက်ပါ့မယ်နော် . .”
တစ်ဖက်မှဒါပဲပြောကာ ဖုန်းချသွားလိုက်လေတော့သည်။ ကောင်းကင်တမန် အနည်းငယ်တော့ စိတ်ဝင်စားသွားမိသည်။ သူနှင့်ပတ်သတ်နေသော အရေးကြီးကိစ္စဆိုတာက ဘာများပါလိမ့် . . .။
x x x x x x x x x
ကောင်းကင်က တိတ်ဆိတ်နေသောလမ်းသွယ်လေးတစ်ခုရဲ့အိမ်ရှေ့မှာကားကိုရပ်လိုက်ပါသည်။ ထို့နောက် ကောင်းကင်က အိမ်ရှေ့ဘဲလ်ကိုတီးလိုက်ပြီးနောက် အိမ်၏အရိပ်အခြေကို စောင့်ကြည့်နေလိုက်သည်။ ခဏကြာတော့ လူလတ်ပိုင်းအရွယ်ရှိ အဒေါ်ကြီးတစ်ယောက်ထွက်လာကာ -
“လူလေးက ဘယ်သူလဲကွယ့်”
“ကျွန်တော်က ကောင်းကင်တမန်လို့ခေါ်ပါတယ်ခင်ဗျာ၊ ဖုန်းဆက်လိုက်လို့ရောက်လာခဲ့ရတာပါ . . .”
“အော် . . . ရောက်လာပြီလား၊ အထဲဝင်ပါဦးနော်၊ အထဲမှာ ရာရာရှိတယ်”
“ရာရာ”
ကောင်းကင်တမန်က ပထမဆုံးကြားဖူးလိုက်သောနာမည်ကို ရေရွတ်လိုက်သည်။ ရာရာဆိုတာ ဘယ်ကကောင်မလေးပါလိမ့် . . .။
ကောင်းကင်က မရဲတရဲနှင့် အိမ်ထဲသို့လိုက်ဝင်သွားခဲ့သည်။ ထိုမိန်းမကြီး၏ခြေလှမ်းများကတော့ အိမ်၏အစွန်ဆုံးရှိအခန်းလေးနားသို့ ဦးတည်ပြီးသွားနေသည်။ ထိုအခန်းနားအရောက်တွင်-
“ကောင်းကင် . . .၊ နင့်ကိုသိပ်ချစ်တယ်ဟာ”
ထူးဆန်းသောထိုအသံကြောင်း ကောင်းကင်၏ခြေလှမ်းများရပ်တန့်သွားသည်။ ထိုအခါ မိန်းမကြီးက -
“ဒေါ်ဒေါ့်သမီးလေးက မျှော်လင့်ချက်မဲ့နေတဲ့ရောဂါဝေဒနာတစ်ခုကို ခံစားနေရရှာတာလေ .၊ သူကမင်းကို တိတ်တခိုးလေး ကြိတ်ချစ်နေရရှာတာနဲ့ တူပါတယ်၊ အိပ်ချိန်ဆိုရင် မောင်ရင့်နာမည်ကိုပဲ ယောင်အော်ခေါ်နေတာကွဲ့၊ ဒါကြောင့် သူ့နောက်ဆုံးအချိန်မရောက်ခင်လေးမှာ သူ့ဖုန်း Contact List ထဲက မောင်ရင့်ရဲ့နာမည်ကိုတွေ့ပြီး ဒေါ်ဒေါ်ကခေါ်လိုက်တာပါ . . .”
ကောင်းကင်က တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် အခန်းထဲသို့ အပြေးအလွားသွားကြည့်လိုက်သည်။
“ဟင် . . . . တကယ်ပဲ သူပါလား”
သူကြိတ်ချစ်နေရသော အပြစ်ကင်းအပြုံးပိုင်ရှင်ကောင်မလေးကို သူရှာတွေ့နိုင်ခဲ့ပါပြီ။ သို့သော် . . .။
x x x x x x x x
(၄)

“ကိုယ့်ကိုဘာလို့ ကြိုမပြောရတာလဲ . . ရာရာ ရာ၊ ကိုယ်ကတော့ မင်းကိုလိုက်ရှာလိုက်ရတာ၊ ဒါပေမယ့် တွေ့မယ့်တွေ့တော့လည်း . . .”
ကောင်းကင်ကစကားကိုဖြတ်တောက်လိုက်ပြီး ဝဲနေသောမျက်ရည်များကို ရာရာမမြင်အောင်မျက်တောင်ကို တဖျတ်ဖျတ်ခတ်ပစ်လိုက်သည်။
ရာရာက ကောင်းကင်၏နှုတ်ခမ်းကို လက်ချောင်းလေးနှစ်ချောင်းနှင့်ပိတ်ကာ ခေါင်းကိုတွင်တွင် ခါယမ်းလိုက်ပြီး -
“ဒီလိုစကားမျိုးတွေ မပြောပါနဲ့ ကောင်းကင်ရာ၊ ငါတို့ဒီလိုတွေ့တုန်းတွေ့ခိုက် အချိန်လေးမှာ ကောင်းမှုတွေအတူလုပ်ပြီး နောက်ဘဝကျရင် ပျော်ပျော်ပေါင်းရအောင် သစ္စာပြုကြတာပေါ့နော် . . .”
“ရာရာ ရယ်”
ရာရာက ကောင်းကင်၏ရင်ခွင်ထဲသို့ တိုးဝှေ့ဝင်ရောက်လာပါသည်။ ကောင်းကင်ကလည်း ရာရာ့ ကျောလေးကို ပြန်လည်ပွတ်သပ်ကာ ထွေးပွေ့ထားလိုက်သည်။
ရာရာရယ် . . .။ ကိုယ်မင်းကို အချိန်တွေဘယ်လောက်ကြာကြာထိ အနွေးဓာတ်ပေးထားနိုင်ဦးမှာလဲကွာ . . . .။
x x x x x x
ရာရာနဲ့ကောင်းကင်တို့ သံသရာမှာ ရေစက်အတူဆုံနိုင်ဖို့အတွက် စေတီလေးတစ်ခုမှာ တံမြက်စည်း အတူလှည်းကြပါသည်။ ထို့နောက် လာရောက်သူများသောက်ဖို့အတွက် သောက်ရေအိုးကို ရာရာကသန့်ရှင်းဆေးကြောပေးပြီး ကောင်းကင်က ရေဆွဲလာပေးပါသည်။ ထို့နောက် သူတို့နှစ်ဦးလုံး စေတီလေးပေါ်တွင် ဘုရားဝတ်ပြုလိုက်ကြပါသည်။ နှစ်ဦးလုံးဘုရားဝတ်ပြုအပြီးတွင် ကောင်းကင်က -
“ရာရာ . . .၊ ကိုယ်တို့ သစ္စာဆိုကြရအောင်နော် .”
“အင်း”
ရာရာက ဖြူဖျော့နေသော နှုတ်ခမ်းများဖြင့် ပြန်လည်ဖြေဆိုလိုက်သည်။ ထို့နောက် ကောင်းကင်က -
“လိုက်ဆိုနော် . .၊ ကျွန်တော်ကောင်းကင်နှင့် . . . . ကျွန်မရာရာတို့သည် . . . . ယခုဘဝတွင် . . . တစ်ယောက်ကိုတစ်ယောက် . . . အချစ်စစ် အချစ်မှန်ဖြင့် . . . . အမှန်တကယ်ချစ်ခဲ့ကြပါသည် . . . .၊ ဤမှန်သောသစ္စာစကားကြောင့် . . . . ကျွန်တော်ကျွန်မတို့နှစ်ဦးသည် . . . . ဘဝဆက်တိုင်း . . ချစ်သူအဖြစ်ဆုံစည်းရပါစေသား . . .”
ထို့နောက် ကောင်းကင်က ရာရာ့ကိုလှည့်ကြည့်ကာ ပြုံးပြလိုက်သည်။ ရာရာကလည်း ကောင်းကင်ကို ပြန်လည်လှည့်ကြည့်ကာ ပြုံးပြပြီးနော် ရာရာ့ကိုယ်တစ်ခုလုံး ခွေယိုင်လဲကျသွားပါတော့သည်။
x x x x x x x
ရာရာ့ကို မိဘတွေကိုအပ် ဆေးရုံပို့ပြီးနောက် ကောင်းကင်အိမ်ကိုပြန်လာခဲ့ပါသည်။ ရလဒ်သိနေသော အရာတစ်ခုကိ စိတ်ညစ်စွာနဲ့ စောင့်စားမနေချင်ပါ။
ကောင်းကင်က လေးလံသောခြေလှမ်းများဖြင့် အိမ်ထဲသို့ဝင်လာသည်။ ထို့နောက် သူသေချာစဉ်းစားကြည့်လိုက်သည်။ သူနှင့်ရာရာချစ်ခဲ့တာမှ တစ်ရက်ပင်ရှိသေးသည်။ ရာရာကသူ့ကို လောကကြီးထဲက နှုတ်ဆက်လက်ပြကာ ထွက်သွားပေတော့မည်။ ရာရာ့ကို သူတမလွန်မှာ အဖော်ပြုနေပေးချင်သေးသည်။ ထို့ကြောင့် -
“ရာရာ၊ ကိုယ်မင်းနောက်လိုက်ခဲ့မယ်” ဟုဆိုကာ မလုပ်သင့်သောလုပ်ရပ်အချို့ကို ပြုလုပ်လိုက်ပါတော့သည်။
x x x x x x x
image
(၅)

“ကောင်းကင် . .၊ ရာရာပြန်လာပြီလေ”
ရာရာ့၏ အသံစူးစူးလေးက ကောင်းကင်၏တိုက်ခန်းလေးရှေ့တွင် ပျံ့နှံ့သွားသည်။
“ရာရာပြန်လာပြီ ကောင်းကင်၊ ရာရာမသေတော့ဘူးတဲ့၊ ရာရာ့ကျောက်ကပ်မကောင်းတာ လှူတဲ့သူပေါ်လာလို့ ရာရာမသေတော့ဘူးတဲ့လေ . .”
ရာရာက ကောင်းကင်၏တိုက်ခန်းတံခါးကိုဖွင့်ကာ ပြောလိုက်သည်။ သို့သော် -
“အဲ့လောက်တောင်ပဲလား ကောင်းကင်ရယ်”
ရာရာ့၏အပျော်များအားလုံး ပျက်စီးလွင့်စင်ကုန်သည်။ ကောင်းကင်တမန်ဆိုတဲ့ ကောင်လေးတစ်ယောက်က ရာရာ့ဘဝထဲကကော လောကကြီးထဲကပါ အပြီးတိုင်ထွက်သွားခဲ့ပြီလေ။
ကံကြမ္မာဆိုသောအရာ၏ လှည့်စားမှုကို ဘယ်သူမှပင်ကြိုတင်၍ မသိနိုင်ပါ။
ထို့အတူ ရာရာ့အဖြစ်ကို ကောင်းကင်တစ်ယောက်သာ မြင်ခဲ့ရင်တော့ ရာရာမသေသည့်အတွက် ဝမ်းသာနေမည်လား၊ သို့မဟုတ် မဆုံစည်းခဲ့ရခြင်းအတွက်ဝမ်းနည်းနေမလားဆိုတာကိုလည်း ဘယ်သူမှပင်မသိနိုင်တော့ပါချေ။

Own Feeling @ 2012 by
ကာရှိုင်း (ကြယ်စင်ချစ်သူ)
@AuroKarshine
MSC-136

Sort:  

ဇာတ်လမ်းလေး ကောင်းတယ်။

ကျေးဇူးပါဗျ

ကျေးဇူးပါဗျ

ဝမ်းနည်းရတယ် bro

အလွမ်းဇာတ်​က​လေး။ကောင်းပါတယ်​ရှင်​။

ဟုတ် . . ကျေးဇူးပါဗျ . . အားပေးတဲ့အတွက်

စာရေးဆရာလုပ်ပါဗျာ

စာရေးဆရာပဲလေ

ဘဝဆက်​တိုင်း​ပေါင်းရပါ​စေလို့ ဆု​​မ ​တောင်း​ကောင်းဘူးလို့ကြားဖူးတယ်

ဟုတ်တယ်ဗျ . . အပြင်မှာတော့ တကယ်ဆုတောင်းမကောင်းဘူး . .

ဝမ်းနည်းစရာဇာတ်လမ်းလေးပါလား

အရမ်းကောင်းတယ် ညီးလေး။

ဟုတ်ကဲ့ . . .အားပေးလို့ကျေးဇူးတင်ပါတယ်ဗျ

ခေါင်းစဉ်ပေးတာလေးတွေ သဘောကျတယ်ဗျာ plz v and m me back @mgtoetat

ကောင်းတယ်ဗျာ

ကျေးဇူးတင်ပါတယ်ဗျ . . အားပေးတဲ့အတွက်

ငိုခြင်ပြီလေ အရမ်းကောင်းပါတယ် bro

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 62410.74
ETH 2445.09
USDT 1.00
SBD 2.67