" ဥစ္စာကံပေးမရသေး နှောင့်နှေးဗျာပါမရှိရာ "

in #myanmar7 years ago

DQmWqM1faGeq5JaJJDK7gGwrcsY7HdrmUCrskL4S2tiDLKX.jpeg
ကျွန်တော် 2005 ခုနှစ်လောက်က မေခ - မလိခ မြစ်ကြောင်းထဲမှာ ရွှေဆက်လုပ်ချင်စိတ်မရှိတော့တာနဲ့ ဖားကန့်ကို တက်လာခဲ့တယ်ဗျ။ မရင်းနှီးတဲ့ဒေသ တစ်ခုကို လာခဲ့ရတာဆိုတော့ အခက်ခဲတွေတော့ အများကြီးကြုံခဲ့ရတာပေါ့ဗျာ။
FB_IMG_1515938444740.jpg
ကျွန်တော် ဖားကန့်ကို ရောက်တော့ သုံးနှစ်လောက်အထိ လုံးချာလည်လိုက်နေတာပါပဲ။ သူများတွေ ကျောက်ရှာတယ် ကျောက်ရတယ်ဆိုလို့သာ လိုက်ရှာကြည့်တာ ကျောက်မျိုးနားမလည်ရင် ရှာလည်းအလကားပဲဗျ။

ကျောက်ရှာတယ်ဆိုတာ ဒီဒေသ အခေါ် ရေမဆေးရှာတာပေါ့ဗျာ။ ရေမဆေးဘယ်လိုရှာရလဲဆိုတော့ ဒီမှာ ကျောက်တူးဖော်တဲ့ကုမ္ပဏီတွေရှိတယ်။ ကုမ္ပဏီတွေက စက်ယန္တရား တွေနဲ့ တူးဖော်တယ်။ မိုင်းတွေခွဲပြီးတောင်တွေဖြိုတယ်။ ပြီးရင် သူတို့ကုမ္ပဏီကွင်းတွေထဲမှာ လခစားအလုပ်သမားတွေနဲ့ ကျောက်ကို စိတ်ကြိုက် နှစ်ထပ်သုံးထပ် မွှေနောက်ရှာတယ်ပေါ့ဗျာ။
FB_IMG_1515981053726.jpg
ကုမ္ပဏီက သူတို့စိတ်ကြိုက်ရှာပြီးလို့ ကျောက်မပါလောက်တော့ဘူးထင်မှ အဲဒီမြေစာတွေကို သင့်တော်ရာ တစ်နေရာမှာ ပြန်စွန့်ပစ်တာဗျ။ သူတို့စွန့်ပစ်တဲ့မြေစာထဲကို ပြန်ရှာတဲ့သူတွေကို ရေမဆေးရှာကြသူများလို့ ခေါ်တာပေါ့ဗျာ ။ ဒါဆိုရင် ရေမဆေးတစ်ယောက် ကျောက်တစ်လုံးရဖို့ ဘယ်လောက်ခဲယဉ်းလဲဆိုတာ သဘောပေါက်မှာပါ။
FB_IMG_1515981076268.jpg
မြေစာပစ်တဲ့နေရာတွေဆိုတာကလဲ အမြင့်တနေရာကနေ ချောက်ကမ်းပါး ချိုင့်ဝှမ်းတွေထဲကို မြေစာကားဖင်ထိုးပြီး သွန်ချတာပါ။ အဲဒီလိုသွန်ချတဲ့အခါ ခဲမိုးရွာနေသလိုပါပဲ။ အဲဒီခဲမိုးရွာနေတဲ့ကြားထဲကမှ အများနဲ့တိုးဝှေ့ပြီးရှာရတာပေါ့ဗျာ။ ကျောက်ရမရဆိုတာ မသေချာပေမဲ့ နေ့စဉ် သေမင်းနဲ့စစ်ခင်းပြီး လုပ်နေရတဲ့အလုပ်ပဲ ဆိုပါတော့။
FB_IMG_1515981675915.jpg
ကျောက်မျိုးကောင်းကောင်းနားလည်ဖို့ကို မြေစာပုံမှာ ငါးလလောက်အထိ အချိန်ပေးခဲ့ရတယ်ဗျ။ ကျောက်မျိုးဆိုတာက လည်း မှော် တစ်မှော်နဲ့တစ်မှော် မျိုးတန်းခြင်းက မတူဘူးခင်ဗျ။

ကျောက် အလုံးသေးလေးတွေချည်းပဲ ထွက်တဲ့မှော် ရှိသလို အလုံးကြီးမှ စားရတဲ့ မှော် ဆိုတာလည်း ရှိတယ်။ လက်သီးဆုပ်လောက် အလုံးသေးသေးလေးနဲ့ သိန်းပေါင်း သောင်းထပ် သိန်းထပ် အထိ ရနိုင်သလို နှစ်တန်သုံးတန်လောက်ရှိတဲ့ ကျောက်ကြီးရပြီးမှ သုံးစားမရတာတွေလည်း ရှိတယ်။
IMG_1515982767938.jpg
ကျွန်တော် စ ရှာတော့ အလုံးသေးလေးတွေပဲ ထွက်တဲ့ မှော်စီစာ ဆိုတဲ့မှော်မှာ ရှာတာဗျ။ အလုံးကြီးလိုင်းကို နားမလည်ခဲ့သေးဘူး။ အဲဒီလို အလုံးကြီးလိုင်း နားမလည်လို့ခံစားခဲ့ရဘူးတယ်။
false_stamp_1.jpg
ဥစ္စာပစ္စည်းဆိုတာ ကံမပေးရင် လက်ထဲရောက်ပြီးသားဟာတောင် လွဲတတ်တယ် ဆိုတာ ကိုယ်တွေ့ဗျို့။ ဖြစ်ပုံက ဒီလိုရယ်။

ကျွန်တော် မှော်စီစာ မှော် မှာ ကျောက်ရှာနေရင်း ရာဂဏန်း ကျောက်တစ်လုံးရခဲ့တယ်ဗျ။ ရာကျောက် ရပေမဲ့ ကျွန်တော့် ရည်ရွယ်ချက်က ရာဂဏန်းနဲ့ မတင်းတိမ်နိုင်ဘူးလေ။ နောက်ထပ် ထောင်ထပ် သောင်းထပ် ကျောက်တွေ ရချင်သေးတာ။ အဲဒီလိုနဲ့ မျှော်လင့်ချက်နဲ့ ဆက်ရှာရင်း တစ်ရက်မှာ ကျွန်တော် ကျောက်ရှာရင်း မြေစာပြိုကျရာမှာ ခဲမှန်လို့ ပေါင်ကျိုးပါလေရောဗျာ။

ခြေထောက်က ဒဏ်ရာကို ဆေးကုသအပြီး အရင်လို ကျောက်မရှာနိုင်တော့တာကြောင့် ဆိုင်းဂျာဘွမ် ဆိုတဲ့မှော်မှာ အိမ်တစ်လုံးဝယ်ပြီး ဘိလိယက် ခုံ တစ်ခုံ ထောင်ခဲ့တယ်။ အဲဒီအလုပ်က ကျွန်တော်နဲ့ အဆင်ပြေတယ် ဆိုရမယ်။ အဲဒီရွာမှာ ဘိလိယက် ဝါသနာရှင်တွေ အများကြီးပဲဗျ။
com.oopoolxx.ius8xs-0.jpg
အဲဒီမှော်မှာကယားလူမျိုးတွေ နေကြတာ များတယ်။ မှော်အနေအထားက ကျွန်တော်ရှာခဲ့ဘူးတဲ့ အလုံးသေးထွက်တဲ့နေရာမျိုးမဟုတ်ဘူးဗျ။ အလုံးကြီးတွေချည်းပဲ ထွက်တာ။ ကျောက်တွေ ရကြပြီဆိုရင် အချိန် ငါးဆယ်ရဲ့ အထက်ကျောက်တွေချည်းပဲရယ်။ အချိန် လေးငါးရာ တစ်ထောင်လောက်ရှိတဲ့ကျောက်တွေလည်း ရကြတယ်။
FB_IMG_1515983196613.jpg
ဂျော်ကီများ ကျောက်တစ်လုံးကို ဝိုင်းထမ်းလာကြပုံ

အဲဒီတော့ ကျောက်တစ်လုံးရပြီဆိုရင် ရတဲ့ပိုင်ရှင် တစ်ယောင်တည်း ဘယ်လိုနည်းနဲ့မှ အဲဒီကျောက်ကို မနိုင်ကြဘူးလေ။ ကျောက်ကို အိမ်ရောက်အောင် သယ်ဖို့ ရေမဆေးအချင်းချင်း အကူခေါ်ရတယ်။ အဲဒါကို ဂျော်ကီလို့ မှော်ဒေသ မှာခေါ်တယ်။ အဲဒီ ကျောက်ဝိုင်းထမ်းတဲ့ ဂျော်ကီတွေက ဘယ်လိုအကျိုးအမြတ်ရလဲဆိုရင် ကျောက်တန်ဖိုးရဲ့ သုံးပုံ တစ်ပုံကို ဂျော်ကီတွေက ရကြတယ်။

ကျောက်တန်ဖိုးရဲ့သုံးပုံနှစ်ပုံက ကျောက်ပိုင်ရှင်ရပြီးတော့ ကျန်တဲ့တစ်ပုံကို ဂျော်ကီသမားတွေ ခွဲဝေယူရပါတယ်။ ဆိုတော့ကား အလုံးကြီးထွက်တဲ့မှော်မှာ နေတဲ့သူတွေကျတော့ ကိုကျောက်မရလည်း ဂျော်ကီခလေးတွေ ရရနေတယ်ဆိုတော့ အဆင်ပြေကြတယ် ပြောရမယ်။
FB_IMG_1515983687703.jpg
ကယားအဖွဲ့ကလည်း ကျောက်ရှာတဲ့သူက လူငါးဆယ်နီးပါးလောက်ကို ရှိတယ်။ သူတို့အဖွဲကလည်း ကျောက်ရတာက စိတ်တော့ ငွေရွှင်ကြတယ်ဗျ။ အဲဒီတော့ ကျွန်တော့်ရဲ့ ဘိလိယက်ခုံကို နေ့တိုင်းလာကစားနိုင်ကြတယ်။

ကျွန်တော် ဘိလိယက်ခုံမှာ အကောက်က တစ်ပွဲကို တစ်ထောင်အနည်းဆုံးကောက်ပါတယ်။ မနက် ကိုးနာရီလောက်ကနေ စဖွင့်လိုက်တာ ည သုံးလေးနာရီလောက်ထိ ရောက်တတ်တယ်ဗျ။ အဲ့ဒီအချိန်က ကျွန်တော် တစ်ရက်ကို လေးငါးခြောက်သောင်းလောက်တော့ အသာလေးရပါတယ်။

ဘိလိယက်ခုံဆိုတာ လူစုံတဲ့အမျိုးဆိုတော့ ကျောက်လောပန်းတွေကလည်း ကျွန်တော့်ခုံမှာ ကျောက်ဝယ်ဖို့စောင့်ရင်းကစားကြပါတယ်။ ညညဆို မိုးချုပ်မှ သိမ်းရတော့ မနက်ဆို တော်တော်နဲ့ မထနိုင်ပါဘူး။ ကစားမဲ့သူတွေက လာနိုးပြီး သူတို့ဟာသူတို့ တခါးပေါက်ဖွင့် သန့်ရှင်းရေးလုပ်ပေးပြီး ကစားကြပါတယ်။ အဲဒီအချိန်က အဲဒီနေရာမှာ ဘိလိယက်ခုံက ကျွန်တော့်တစ်ခုံတည်းရှိတာဆိုတော့ အတော့်ကို အလုပ်ဖြစ်ခဲ့ပါတယ်။

ဘိလိယက်ခုံထောင်ထားပြီးတစ်ဖက်ကလည်း သူများရလာတဲ့ကျောက်တွေကို ရှယ်ယာလိုက်ထည့်တယ် ဝယ်တယ်ဗျာ။ မြတ်တဲ့အခါ ရှိသလို ရှုံးတဲ့အခါလည်း ရှိတာပေါ့။ ဒါပေမဲ့ အခုရောက်နေတဲ့မှော်ရဲ့ ကျောက်ကို ကျွန်တော်က ကောင်းကောင်းနားမလည်သေးဘူးဗျ။ နားမလည်လို့လည်း ရသင့်ရထိုက်တဲ့ကျောက်တစ်လုံး လက်လွတ်ခဲ့ရဖူးတယ်။

ကျွန်တော့်ဆီမှာ လာလာကစားနေကြတဲ့သူတွေ ကျောက်ရပြီဆို ကျွန်တော် ဝယ်သင့်တာဝယ်ပြီး ရှယ်ယာ ထည့်သင့်တာ ထည့်ပေးပါတယ်။ ဘာဖြစ်လို့လည်းဆို အချိန်တန်ရင် ကျနော့် ခုံမှာ ပဲ လာဖြုန်းကျမယ်ဆိုတာ သိထားလို့ပါပဲ။ သောင်းကြီးသိန်းငွေတန်လောက်အထိ သူ့တို့ကျောက်တွေကို အားပေးဖူးပါတယ်။

ကျွန်တော့်အိမ်ရဲ့နံဘေးမှာ ရေမဆေးရှာနေတဲ့ ဆေးဘဲ ဖိုးသမားလေးတစ်ယောက် ရှိတယ်ဗျ။ သူ့ကျောက်လေးတွေဆို ကျွန်တော် လေးငါးထောင် တစ်သောင်းနဲ့အမြဲ ဝယ်နေကြပါ။ သူကလည်း သူ့ဖိုးရှူဖို့မရှိရင် မြေစာပုံက ကျောက်စုတ်လေးတွေ ကောက်လာပြီး ရောင်းတတ်တယ်။

တစ်ရက်ကျတော့ ညဆိုင်သိမ်းပြီးစ အချိန် အဲဒီဖိုးသမား ရောက်လာပြီး ကျောက်တစ်လုံး လာပြတယ်ဗျ။ ကျောက်က အချိန်သုံးဆယ် ကျော်လောက်တော့ ရှိမယ်။ ကြက်သွေးအခွံနဲ့ အရည်ကြိုးက လက်နှစ်လုံးလောက် ပတ်နေတာဗျ။
FB_IMG_1515983544255.jpg
ကျွန်တော်က ဘယ်လောက်နဲ့ရောင်းမလဲ မေးတော့ အပြတ်တော့ မရောင်းနိုင်ဘူးတဲ့။ရှယ်ယာတစ်ဝက်ထည့်ပါတဲ့။ ဘယ်လောက်ထည့်ပေးရမလဲဆိုတော့ ကျောက်ရဲ့တန်ဖိုးကို သိန်းလေးဆယ်မှာထားပြီး တစ်ဝက်ကြေး သိန်းနှစ်ဆယ် ထည့်ပေးပါတဲ့။ အမြင်အားဖြင့်ဆိုရင် သူပြောတဲ့ဈေးက မများပါဘူး။ အရည်လည်းပါတယ် ကြိုးလည်း ပတ်နေတယ်လေ။

ဒါပေမဲ့ခက်တာက ခါတိုင်းဝယ်နေကျ ကျောက်တွေလို သိန်းပိုင်းလောက်နဲ့က မရဘူး လက်ထဲမှာ ငွေအရံသင့် ရှိနေပေမဲ့ မှော်ရဲ့ကျောက်မျိုးကိုလည်း ကျွန်တော်ကမနိုင်ဘူး ။ ရေဆေးလိုက်ရင် ရှုံးသွားမှာ စိုးရိမ်နေမိတယ်။ အဲဒါနဲ့ လောလောလတ်လတ် သိန်းလေးရာလောက် အောင်ထားတဲ့ ဘေးအိမ်က အကိုကြီးကို အကူညီတောင်းကြည့်မိတယ်ဗျ။

အဲဒီလူကို အကူညီတောင်းမိတာ ငါးပါးမှောက်တော့တာပဲ။ သူကလည်း ကျောက်လေးအောင်ထားတာက မကြာသေးတော့ ရာမတွေ နေ့တိုင်းညတိုင်းရှူပြီး ရာမကြောင် နေတာ။ သူက ကျောက်ကို ယူကြည့်ပြီး မျိုးပျော့တယ် နုတယ်နဲ့ ကျောက်ရဲ့အပစ်တွေ အကုန်ချပြတယ်ဗျ။ ကျွန်တော်လည်း နဂိုကမှ ရှယ်ယာထည့်ရမှာ ဆုံးရှုံးမှာ စိုးနေတာ သူပြောလိုက်တော့ အာရုံက မရှိဘူးလေ။

အဲဒါနဲ့ ငါတော့ ရှယ်ယာမထည့်တော့ဘူး လောပန်းနဲ့ ပွဲတိုက်ပေးမယ်ဆိုပြီး ညတွင်းချင်းပဲ ကျွန်တော့်အသိ လောပန်းနေတဲ့ မမုံဆိုတဲ့ရွာကို ဖိုးသမားလေး ဆိုင်ကယ်ပေါ်တင်ပြီး သွားကြတယ်။

ဟိုရောက်တော့ လောပန်းက အိပ်နေလို့ အတော့်ကို နှိုးယူရတယ်။ လောပန်းကျောက်လာပြတာ ဆိုတော့ အေး ကြည့်တာပေါ့ကွာ ဆိုပြီး ကျောက်ကို ကြည့်ပါတယ်။ လောပန်းက ဘယ်လောက်ထည့်ပေးရမလဲ မေးပါတယ်။ လောပန်းပဲ ဈေးဖွင့်ပေးပါဆိုတော့ ။ ရှစ်ဆယ်မှာ ထားပြီး လေးဆယ်ထည့်ပေးမယ်တဲ့ မင်းပွဲခ ငါးသိန်းယူလိုက်ပေါ့တဲ့။

သွားပြီ။ ပွဲခကို လောပန်းဆီက ငါးသိန်းရတယ်။ ကျောက်ပိုင်ရှင်က ငါးသိန်းနဲ့ ရှစ်သောင်းတန် ကျောက်ကြည့် ဓါတ်မီးတစ်လက်ရယ် အကျီ င်္တစ်ထည့်ရယ် လက်ဆောင်ပေးသေးတယ်။ ဒါပေမဲ့ မပျော်နိုင်တော့ဘူး။
FB_IMG_1515983709504.jpg
ဘယ်ပျော်နိုင်ပါ့မလဲ။ နောက်ရက်ကျ ကျောက်ကို ရေးဆေးပြီး ဖြတ်ချလိုက်တဲ့အခါ ကျောက်က သိန်းကိုးရာကျော် အောင်တယ်လေ။ ကျွန်တော့်မှာဗျာ စိတ်တွေ မကောင်းလိုက်တာဆို တစ်ပါတ်လောက်အထိ ထမင်းမစားနိုင်ဘူး။ တနုံ့နုံ့နဲ့ပေါ့ဗျာ။ ကျောက်က ကို့လက်ထဲ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်ခဲ့ပြီးမှ သူများစားသွားရတာလေ။

ဥစ္စာပစ္စည်းဆိုတာ ထိုက်သူမှ ရတာဆိုတာ သိပ်မှန်တာပဲဗျာ။ အဲဒီအချိန်ကတော့ တကယ်ကြေကွဲတာဗျ။ ခုမှသာ ဖြေတွေးလေးတွေးနိုင်တာ။
FB_IMG_1515032699697.jpg
အဲဒီတော့ Steemit က ကျွန်တော့်ရဲ့ညီအကို မောင်နှမတွေလည်း အလုပ်ဆိုတာကတော့ ပုံမှန်လုပ်ကြရမယ်ဗျာ ။ ပစ္စည်းဥစ္စာကတော့ ကံကပေးမှ ရတတ်တတ်ပါ။ ဒါကြောင့်မို့ " ဥစ္စာကံပေးမရသေး နှောင့်နှေးဗျာပါ မရှိရာ" လို့ နှလုံးသွင်းနိုင်ကြပါစေဗျာ။
Photos Credit >>>Google & Facebook

Author>>>@aungzawhtwe

MSC : 014

Sort:  

ကျောက်အောင်ရင် လဲ steemit ကလူတွေ ကို မမေ့ နဲ့ အုံး။ ကံတရားက ကိုယ်ဘက်မှ မရှိသေးတဲ့ အချိန် ဖြစ်သွားတော့ပေါ့

ဟုတ်ကဲ့မမေ့ပါဘူး

အောင်မြင်ပါစေ အကိုရေ ။

ကျေးဇူးတင်ပါတယ်bro

ဖတ်လို့ကောင်းပါတယ် အကိုခုလိုမျှဝယ်ပေးတာ ကျေးဇူးတင်ပါတယ်

ဟုတ်ကဲ့bro ဝင်ဖတ်တာကျေးဇူးပါဗျ။

2011-12 လောက်က ဆိုင်းဂျာဘွမ်အောက်က မြေဇာပုံအကွက်ထဲမှ (ဇယံ) ဆိုတဲ့ ဆေးခန်းလေး တွေ့မြင်းဖူးလား bro ရေ
အဲဒီတုန်းက မြေဇာပုံမှာ ကျောက်ရှာရင်း ကျွမ်းထိုးခဲ့ဖူးတယ်ဗျ

အခုတော့မရှိတော့broရေ အရင်ကတော့ မြင်မိပါတယ်။

အဲလယ့် ဆရာဝန်နဲ့ လောပန်တေ့ပီ😝😁

aww အဲဒါ ဆရာ့ဆေးခန်းနဲ့တူတယ်

နောက်တစ်ခေါက်လောက်ပြန်လာချင်တယ် ဖားကန့် ကို

နှမြောစရာကြီးဂျာ...သိန်း၉၀၀ကြီးတောင်
shareဝင်လိုက်ရင် ကျောက်တန်းဖိုးတဝက် ရမှာပေါ့ အဲလိုလား
ပုံလေးတွေနဲ့ဆိုတော့ ခုပဲ ဖားကန့်ရောက်သွားသလိုပဲ ကိုထွေးရေ

ဟုတ်တယ်ကျွန်တော် ရှယ်ယာထည့်ခဲ့မိရင် ကျွန်တော် ၄၅၀ ရခဲ့မှာလေ မထည့်ခဲ့တော့ မရတော့ဘူးပေါ့ဗျာ

နားမလည်လို့တကယ်လို့ကျောက်တန်ဖိုးကမှန်းထားတာတက်နဲနေမယ်ဆိုရင် ရှယ်ယာကြေးကိုဘယ်လိုလုပ်လဲ

ကျောကိတစ်လုံးဟာ ဘာမှမမြင်ရတဲ့ ရေမဆေးမှာ ဈေးကြီးချင်ကြီးနေနိုင်ပေမဲ့ ရေဆေးလိုက်တဲ့အခါ ဘာမှမတန်တဲ့ကျောက်လည်းဖြစ်ချင်ဖြစ်နေတတ်ပါတယ်bro

ကျောက်တော့စိတ်ဝင်စားတယ်
နားမလည်ဖူး လေ့လာကြည့်သေးတယ်

ကျောက်ကို နားလည်ဖို့ အချိန်တွေ ဘဝတွေ ပေးဆပ်ခဲ့ရဖူးတယ် bro

ကျောက်အကြောင်းတော့ နားမလည်ဘူး ခဗျ
ဗဟုသုတလေးတေ မျှ ပေးလို့ ကျေးဇူးပါနော်

ဟုတ်ကဲ့ပါခင်ဗျ။

ကြွေတစ်လှည့် ကြက်တစ်ခုန်ပေါ့ဗျာ

ကျောက်လောက က လူတွေအတွက် အဲ့ဒီစကားက အမှန်ဆုံးပါပဲဗျာ။

ကို​ထွေး​ရေဖားကန့်​ကိုတစ်​​ခေါက်​​လောက်​​တော့​ရောက်​​အောင်​အလည်​လာအုန်းမယ်

လာခဲ့ရင် ဆက်သွယ်ခဲ့ပါ broရေ

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.028
BTC 59907.23
ETH 2647.48
USDT 1.00
SBD 2.43