အတိတ်ကို ပြန်လည်တူးဆွခြင်း ( 1 )

in #myanmar6 years ago (edited)

ဒီနေ့ဟာ Promotion အတွက် ကျွန်တော်တို့ group 1 စာကြိုတင်ရေးထားရမဲ့ရက်လို့ ကျွန်တော်တို့ group ရဲ့ SL နောင်တော်ကြီးကိုမိုးဇော်က မနက်ခင်းမှာ နှုတ်ဆက်စကားနဲ့အတူ အသိပေးတယ်ခင်ဗျ။ ကျွန်တော်တို့ SP နည်းသူတွေ အနေနဲ့ကလည်း အခုလို Promotion ရက်ကိုပဲ မျှော်ကိုးနေမိတာ အမှန်ဆိုတော့ အခုလိုရက်မျိုးဆိုရင် စာရှည်ရှည်လေး ရေးလေ့ရှိကြပါတယ်။ ဒီနေ့တော့ ကျွန်တော်စာရေးဖို့ရာ စိတ်ကမပါဘူးဖြစ်နေတယ်ဗျာ။

ဖြစ်ရတဲ့ အကြောင်းရင်းကလည်း ရှိတယ်လေ။ pro မရှိတဲ့ ကြားရက်တွေမှာ postလေးတွေ နေ့တိုင်းတင်ပြီး SP နဲ့ RP တက်ချင်တာကြောင့် ရှိစုမဲ့စု SBD လေးတွေနဲ့ bot တွေ သုံးမိပါတယ်။ SBD ရှုံးတာမြတ်တာထက် SP နဲ့ RP တော့ တကယ်တက်လာပါတယ်။ အရင်ရက်တွေတုန်းက ဘာ error မှ မဖြစ်ခဲ့ပေမဲ့ မနေ့ညက minnowbooster bot တာမှာ ညနေကတည်းက bot ထားတာ ဒီနေ့ မနက်ထိ ရောက်မလာလို့ သူတို့ရဲ့ discord ထဲ ဝင်ပြောလိုက် ဝင်ကြည့်လိုက်နဲ့ စာရေးရမှာကို စိတ်ကမဖြောင့်ဘူးရယ်။

နောက်ဆုံးတော့လည်း 10 SBD ဆုံးချင်လည်းဆုံးပါစေတော့ ဆိုပြီး စိတ်နှလုံးလုံးဒုန်းဒုန်းချ ပြီး မနည်း mood ပြန်သွင်းကာ စာရေးဖို့ အာရုဏ် ပြန်စုယူရတယ်။ စာရေးမယ်သာ ပြောတာ စိတ်ကမကြည်တဲ့အချိန်ဆိုတော့ ဘဲဥ အစရှာမရသလို ဘယ်ကနေစရန်းမှန်းမသိဘူးဖြစ်နေပြန်တယ်။ အဲဒါနဲ့ တောင်တွေး မြောက်တွေး စဉ်းစားနေတုန်း အိမ်ရှေ့က ဆိုင်ကယ်ကယ်ရီဂိတ်က ကယ်ရီသမားက မြို့ထဲကို ဘယ်နားသွားသွား တစ်ထောင် တစ်ထောင် ဆိုပြီး ကယ်ရီဆွဲဖို့ လူခေါ်နေတဲ့အသံ ကြားလိုက်ရတယ်။

သူအဲဒီလို လူခေါ်နေတဲ့အသံ ကြားရတော့ ကျွန်တော်လည်း အရင်က ဆိုင်ကယ်ကယ်ရီ ဆွဲခဲ့ဖူးတာကို ပြန်သတိရသွားတယ်။ ဆိုင်ကယ်ကယ်ရီတင် ဆွဲဖူးတာ မဟုတ်ဘူးဗျ။ ဆိုက်ကားလဲ နင်းခဲ့ဖူးသေးတယ် သိလား။ ဘယ်မှာလဲဆိုတော့ ကချင်ပြည်နယ်ရဲ့ မြို့တော် " မြစ်ကြီးနား " မှာပေါ့ဗျာ။
10255225_232517936945472_472372224_n.jpg

ကျွန်းလှမြို့ နယ်က ရေနံမှော်ကနေ ငှက်ဖျားမိပြီး ရွာပြန်ကုရတာ လူက ထူထူထောင်ထောင် ပြန်ဖြစ်လာခဲ့တော့ ခြေထောက်မှာ ဗွေပါတယ်ပြောရမလားပဲ။ အိမ်မှာမနေချင်ပြန်ဘူး။ မြစ်ကြီးနားမှာ အကိုတစ်ယောက်ရှိတယ်။ သူ့ဆီသွားလည်ရင်း အလုပ်ကလေးဘာလေး လုပ်မယ်ဆိုပြီး အိမ်ကိုပြောပြီး မြစ်ကြီးနားကို ထွက်လာခဲ့တယ်။ ကျွန်တော်က အဲဒီတုန်းက ဆယ်တန်းဖြေထားတာ အောင်စာရင်းတောင် မထွက်သေးဘူးရယ်။

အဲ့ဒီတုန်းကတော့ မြစ်ကြီးနားကို သွားဖို့ဆိုတာက ရထားနဲ့ပဲအဆင်ပြေတာမို့ ထုံးစံအတိုင်း ရထားနဲ့ပဲ လိုက်ခဲ့တယ်ဆိုပါတော့ဗျာ။ မြစ်ကြီးနား ဘူတာရောက်တော့ အကိုက လာကြိုပေးတယ်ခင်ဗျ။ သူနင်းနေတဲ့ဆိုက်ကားလေးနဲ့ပေါ့ဗျာ။ မြို့အကြီးကြီးတွေဆို မန္တလေးလောက်ပဲ ရောက်ဖူးတဲ့ ကျွန်တော် စရောက်ရောက်ခြင်း အတော်လေးကိုအူလည်လည်ဖြစ်သွားသေးတယ်ဗျ။ မန္တလေးဆိုတာ မြန်မာနိုင်ငံရဲ့ ဒုတိယ မြို့တော်မို့ လူနေထူထပ်ပြီး တော်တော်စည်တာ ကျွန်တော်ရောက်ဖူးလို့ သိထားတယ်လေ။

မြစ်ကြီးနား စရောက်တော့ ရထားပေါ်က ဆင်းဆင်းခြင်း အကိုလုပ်သူရဲ့ ဆိုက်ကားပေါ်ကနေ ထိုင်လိုက်လာရင်း လူတွေ ရှုပ်ရှုပ်ခပ်ပြီး ကားတွေ ဆိုင်ကယ်တွေ ဆိုက်ကားတွေ ကျပ်ညှပ်နေတာ မြင်ရတော့ မြစ်ကြီးနား ဆိုတာကြီးက အဲ့လောက်စည်ပါလားလို့ တွေးမိပါရဲ့။ နောက်မှ အကြောင်းစုံ သိရတာက ရထားဝင်လာလို့ ဘူတာနားက ကားလမ်းဖြတ်ကူးတဲ့ မောင်းတံ တံခါးကို ပိတ်ထားလို့ အဲ့လောက် ရှုပ်နေတာဆိုတာ သိရတယ်။ အူချင်မိရင် အဲလိုအူတဲ့ ကျွန်တော်တောသားပါဗျာ။

အကိုရဲ့အိမ်ရောက်တော့ အကိုက ဆိုက်ကားသာ နင်းနေတာ အတော်အဆင်ပြေနေပုံပဲဗျ။ မြို့သစ်ထဲက ယုဇနဆိုတဲ့ ကွက်သစ်လေးမှာ ကိုယ်ပိုင်အိမ်လေးနဲ့တောင် ဖြစ်နေတယ်။ သူ့မှာ တစ်ရက်ကို ၁၅၀ အုံနာကြေး ရနေတဲ့ ဆိုက်ကား ခြောက်စီးတောင် ရှိနေတယ်လေ။ အဲဒီနေ့က တော့ ထမင်းစားသောက်ပြီး အကိုက မြို့အနှံ့ ဆိုက်ကားလေးနင်းပြီး လိုက်ပို့ပေးရှာတယ်။ ညနေရောက်တော့ သူအုံနာ ပေးထားတဲ့ ဆိုက်ကားသမားတွေက အုံနာကြေးလေးတွေ ကိုယ်ဆီ ကိုယ်ဆီ လာပေးကြတာတွေ့ရတယ်။

သူတို့တွေတစ်ရက်ကို ဘယ်လောက်စီရကြလဲ စပ်စုကြည့်တော့ တစ်ရက်ကို ငါးထောင်ကနေ တစ်သောင်းလောက်အထိ ဝင်ငွေရှိကြတယ် ဆိုပဲ။ အဲဒီအချိန်တုန်းက တနေကုန်စာ ထမင်းအပြင်မှာ ဝယ်စားရင် တစ်နပ်ကို ၂၀၀ လောက်ပဲ ရှိသေးတဲ့ခတ်လေ။ တစ်နေကုန်မှ တစ်ထောင်လောက်ပဲ ကုန်မယ်ထားပါတော့။ ဆိုက်ကားနင်းတာက တစ်ရက်ကို ငါးထောင်လောက်ဝင်တယ်ဆိုတော့ ကျွန်တော်လည်း စိတ်ဝင်စားသွားတယ်။ အကို့ဆီမှာ အပိုရှိနေသေးတဲ့ ဆိုက္ကားတစ်စီးကို တက်ခွကြည့်ပြီး ဆိုက်ကားနင်းသင်တယ်။ စနင်းကာစကတော့ဗျာ လက်ကိုင်က တအားဆွဲတာဗျ။

နောက်ကျတော့လည်း အကျင့်ရသွားတော့ အေးဆေး ဆိုပါတော့လေ။ နည်းနည်းလေးနင်းတတ်သွားတော့ ကျွန်တော့်အကိုကိုပြောပြီး ဆိုက်ကားနင်းချင်တယ်ပေါ့ဗျာ။ သူကဖြစ်ပါ့မလားတဲ့။ ကျွန်တော်ကလည်း ဖြစ်ပါတယ် လုပ်ကြည့်မယ်ပြောတော့ သူဂိတ်ထိုးတဲ့ လဖ ရွှေမှော် စက်လှေဆိပ်ဖက်ကို ခေါ်သွားတယ်။ သူပိုင်တဲ့ဆိုက်ကားထဲက တစ်စီးကို ကျွန်တော်က နင်းမယ်ပေါ့။ စက်လှေဆိပ်ရောက်တော့ ကျွန်တော့်အကိုက စက်လှေပိုင်ရှင်တို့ ရွှေမှော်သွားကြမဲ့ ကုန်သည် လောပန်းတွေနဲ့အစ ရင်းနှီးပြီး မိတ်ဖြစ်နေတာလေ။

ဒါ ကျွန်တော့်ညီလေးပါဆို မိတ်ဆက်ပေးထားတယ်။ ပေါ့ပေါ့ပါးပါးပစ္စည်းလေးတွေသယ်စရာ ဝယ်စရာရှိရင် သူ့ကိုခိုင်းပါဆိုပြီး ပြောပေးထားတယ်။ ခဏနေတော့ ဈေးဦးဖောက် တစ်ကြောင်းစ ရတယ်ခင်ဗျ။ စက်လှေ ပိုင်ရှင် ကရင်ကြီးဆိုတဲ့လူက ငါးရာတန်တစ်ရွက်ထုတ်ပေးပြီး " ညီလေး လှေဦးမှာ ထိုးဖို့ ဘုရားပန်း သွားဝယ်ပေးပါတဲ့ " ။
chrysanthemum_eurosunnyj.JPG
သွားရတဲ့ဈေးကလည်း နီးနီးလေးဗျ။ လှမ်းမြင်နေရတယ်။ အသွားအပြန်ငါးမိနစ်တောင်မကြာဘူး ပြန်ရောက်လာတယ်။ ဘုရားပန်းက နှစ်ရာဖိုး ဆို အများကြီးရတယ်။ နှစ်ရာဖိုးပဲ ဝယ်ခဲ့တာ ပိုတဲ့သုံးရာ ပြန်ပေးလိုက်တော့ " ညီလေး ဆိုက်ကားခ ယူလိုက် " ဆိုပြီး ပေးတယ်ခင်ဗျ။ ဆိုက်ကားနင်းတာ မပင်မပမ်းနဲ့ ပထမဆုံး ဈေးဦးဖောက် ရတာဆိုတော့ ပျော်တာပေါ့ဗျာ။

အဲဒီအချိန်တုန်းက ကျွန်တော့်အသက်ဆယ့်ခြောက်နှစ် ကျော်ကျော်လောက်ပဲ ရှိဦးမယ် ထင်ပါတယ်။ စက်လှေဂိတ်ရှေ့မှာ ဂိတ်ထိုးထားတဲ့ ဆိုက်ကားသမားတွေထဲမှာတော့ ကျွန်တော် အငယ်ဆုံးပါပဲ။ အဲဒီဂိတ်မှာ စက်လှေပိုင်ရှင်တွေ ကုန်သည်တွေက ဘာပစ္စည်းလေး လိုလို ကျွန်တော့်ကို ပိုက်ဆံပေးလွှတ်ပြီး ဆိုက်ကားနဲ့ သွားဝယ်ခိုင်းတတ်ကြတယ်။ ပိုတဲ့ပိုက်ဆံ သူတို့ပြန်ပေးတဲ့အခါ များသောအားဖြင့် တစ်ထောင်နှစ်ထောင်ပိုလည်း ကျွန်တော့်ကို ဆိုက်ကားခ အဖြစ်သာ ပေးကြတာများတယ်ဗျ။

ကျွန်တော်တောင် ဆိုက်ကားနင်းရင်းနဲ့ တစ်ရက်ကို ခွန်နှစ်ထောင် ရှစ်ထောင် ရှာနိုင်တဲ့သူ ဖြစ်လာတယ်ဆိုပါတော့။ ရွှေမှော်က ပြန်ဆင်းလာတဲ့ စက်လှေတွေမှာ ဆီပေပါ အခွံတွေ သံဖောင်တွေမှာ သုံးတဲ့ ချိန်းပြားအပျက်တွေ ပါလာတဲ့ရက်တွေဆိုရင်တော့ တော်တော်ကိုက်တယ်ဗျ။ ဆီပေပါအခွံတွေကို ဆီဆိုင်တွေဆီ ပို့ပေးရတယ်။ ပေပါထဲက ဆီလက်ကျန်တွေကို စစ်ယူလိုက်ရင် ပေပါဆယ်လုံးလောက်ဆို ဆီလေးငါးဂါလံ လောက်အထိ ရတတ်တယ်။
FB_IMG_1519278200433.jpg
အဲလိုရက်မျိုးဆိုရင်တော့ ပေပါသွားပို့ပေးရတဲ့ အခလဲ ရတယ် ဆီလည်း ပြန်ရောင်းစားလို့ရတယ်လေ။ နှစ်သီးစားပေါ့ဗျာ။ အဲလိုရက်ဆိုရင်တော့ နှစ်သောင်း သုံးသောင်းအထိ ရတတ်တယ်။

ဆိုက်ကားနင်းလာတာ တစ်လကျော် နှစ်လနီးပါး ကြာလာတော့ မြို့ထဲလည်း မသွားတတ်တဲ့နေရာကို မရှိတော့ပါဘူး။ မြစ်ကြီးနားကို မရောက်ဖြစ်တာ အခုဆို ဆယ်နှစ်ကျော် ကြာလာပေမဲ့လည်း အခုချိန်ထိ မြစ်ကြီးနားမြို့ထဲ မှာ ဘယ်နားမှာ ဘာရှိတယ်ဆိုတာ မှတ်မိနေတုန်းပါပဲ။

စက်လှေဂိတ်မှာ ဂိတ်ထိုးထားတုန်း တနေ့ စက်လှေပိုင်ရှင် တစ်ဦးက " ညီလေး ငါ့ကို မြို့ထဲ လိုက်ပို့ကွာ " တဲ့။ လမ်းကျတော့ " ငါ အခု ဘယ်သွားတယ်ဆိုတာကို ဂိတ်ကျရင် ဘယ်သူ့မှ ပြန်မပြောနဲ့နော် " တဲ့ မှာသေးတယ်။ သူနင်းခိုင်းတဲ့ " ရွှေညောင်ပင် " ဆိုတဲ့ရပ်ကွက်ထဲ နင်းသွားလိုက်တယ်။ လမ်းကြား တစ်ခုထဲ ဝင်သွားလိုက်တော့ ထူးထူးဆန်းဆန်းဗျာ အဲ့ဒီလမ်း တစ်ခုလုံးက အိမ်တွေက အမွှေးတိုင်တွေ ဖရောင်းတိုင်တွေ ထွန်းထားကြတယ်။ နေ့လည်ခင်းကြီးမှာ နော်။ အိမ်တွေထဲမှာလည်း မိန်းခလေးတော်တော်များများ ရှိနေကြတယ်။
NightClub-KTV.jpg

သူရပ်ခိုင်းတဲ့ အိမ်တစ်အိမ်ရှေ့ ရပ်ပေးလိုက်တော့ အပြင်ကနေပဲ စောင့်တဲ့။ သူလည်း ဆိုက်ကားပေါ်ကဆင်းသွားတော့ အိမ်ထဲက အမျိုးသမီး တစ်ယောက်ထွက်လာပြီး " တို့ အကိုကြီး မလာတာကြာပြီနော် " တဲ့ " အသစ်ကလေးတွေ ရောက်နေတယ် " တဲ့။ ကျွန်တော်လည်း အခုရောက်နေတဲ့နေရာ ဘာဆိုတာ သဘောတော့ ပေါက်လိုက်ပါပြီ။ ခဏနေတော့ အစောက အမကြီး ထွက်လာပြီး " ရော့ မောင်လေး ဘော်ဒါကြေး " ဆိုပြီး ပိုက်ဆံ သုံးရာ လာပေးပါတယ်။ ကျွန်တော်လည်း အသာလေးယူထားလိုက်ပြီး တိုက်ကားပေါ်ကနေ စောင့်နေရတာပေါ့လေ။

ခဏနေတော့ ဆရာသမားက ကိစ္စ ဝိစ္စပြီးသွားတော့ ထွက်လာပြီး ပြန်စို့ ဆိုလို ပြန်ခဲ့လိုက်ပါတယ်။ သူ့ အိတ်ကပ်ထဲက ငါးရာတန် သုံးရွက်ထုတ်ပေးပြီး " ဒီကိုလာတာ ဘယ်သူ့မှ မပြောနဲ့ " နောက်ကျရင် သွားရင် မင်းကိုပဲ ခေါ်မယ်တဲ့လေ။ ဒီလမ်းနဲ့ ဒီလမ်းက အသွားအပြန် ပုံမှန်ရ ရင်တောင် ခြောက်ရာလောက်ပဲ ရမှာ။ သူ့ဆီက ထောင့်ငါးရာ ရယ် ဘော်ဒါ ကြေးသုံးရာရယ်ဆို ထောင့်ရှစ်ကြီးများတောင် ရတာလေ။ မပြောပါဘူး ကတိပေးလိုက်တယ်။

အဲဒီနေရာ သိထားရတာ ကောင်းတော့ ကောင်းတယ်ဗျ။ ဘာဖြစ်လို့လည်းဆို ရွှေမှော်က ဆင်းလာတဲ့ လူအများစုက သူတို့ရွယ်တူ ဆိုက်ကားသမားချင်း မမေးချင်တာလား မသိဘူးရယ်။ ကျွန်တော့်လာလာမေးပြီး ကျွန်တော်ပဲ လိုက်လိုက်ပို့နေရတော့ ဆိုက်ကားခရော ဘော်ဒါကြေးရော နှစ်သီးစားပါပဲ။

ဆိုက်ကားသမားဘဝမှာ လေးလလောက်ကျင်လည်ပြီးတော့ ဆိုင်ကယ် ကယ်ရီသမားအဖြစ် ပြောင်းလဲဖို့ အကြောင်းတိုက်ဆိုင်လာပါတယ်။ တစ်ရက်မှာ ညနေမှောင်ခါနီး ဒူကထောင်ဆိုတဲ့ ရပ်ကွက်ကို ခရီးသည်လိုက်ပို့ရပါတယ်။ ခရီးသည်ပို့အပြီး ပြန်ထွက်လာတော့ အသက် နှစ်ဆယ်ဝန်းကျင်လောက် အမျိုးသမီး နှစ်ယောက်က ကျွန်တော့် ဆိုက်ကားကိုတားပြီး အားလား မေးပါတယ်။ ဘယ်ကို သွားချင်လို့လည်း ဆိုတော့ စီတာပူ ရပ်ကွက်က ဆွမ်ပရာ ဟော်တယ်ကိုပါတဲ့။ ကျွန်တော်လည်း ဈေးစကားပြောပြီး လိုက်ပို့ပေးလိုက်ပါတယ်။

သြော် minnowbooster ကြောင့် စိတ်ထွေထွေနဲ့ လျှောက်တွေးနေမိတယ်။ စာရေးရဦးမှာဗျို့။ ခင်ဗျားတို့သိချင်ရင် နောက်ရက်မှ ဆက်ပြောပြတော့မယ်။ အခုတော့ ဒီလောက်နဲ့ နားထားပါရစေဗျာနော်။
image

Photos Credit >>>Google

Author>>>@aungzawhtwe

MSC : 014

Sort:  

စိတ်​​တွေ​ထွေ​နေလို့ပဲ မ​ထွေရင်​ဘယ်​​လောက်​​တောင်​​ရေးမလဲမသိဘူး ဖတ်​လို့​ကောင်းတယ်​​ဗျ 😊

ဖတ်လို့ကောင်းတယ်ဆိုရင်တော့ ကျေးဇူးပါဗျာ စိတ်မပါတစ်ပါ နဲ့ရေးလိုက်တာပါ။

နောက်ဆက်တွဲကို မျှော်နေပါ့မယ်ဗျာ

ကောင်းပါပြီ ကိုစော ကျေးဇူးပါ။

ဟင် စိတ်မပါပဲရေးတယ်ဒါဆိုတာ အလန်းကြီးဗျ
နောက်ထက်အဆက်လေးလဲ နောက်ရက်ကြရင်
ရေးပေးပါဗျို

ဟုတ်ကဲ့နောက်တစ်ပါတ်ဆက်ရေးပါ့မယ်ဗျ။

အဆက်လေးမျော်နေပါဦးမယ်
စိတ်ဝင်းစားစရာတော်တော်ကောင်းတယ် အစ်ကိုရေ

စိတ်ဝင်စားရင် လာပါ့မယ်ခင်ဗျာ။

သားရော ဝင်ခက်ဘူးလား😂😂 ဝင်ခက်ပါတယ် မညာချင်စမ်းပါနဲ့😋😋

အဲ့တုန်းကသားက ခေးပဲ ရှိသေးတာလေ ဘာဘာညာညာတွေနားမလည်သေးပူးလေ။

ကိုထွေးလည်း ဘဝသမားပါလား စိတ်ဝင်းစားဖို့အရမ်းကောင်းပါတဟ်

ဘဝသမားပါဗျာ။

ကိုထွေးလည်း အလုပ်စုံနေတာပဲနော်

အလုပ်ကတော့ တစ်ကယ်စုံအောင် လုပ်ဖူးတာ ကိုမြင့်ရ ဖြစ်ဖြစ်မြောက်မြောက်သာ ဘာမှမဖြစ်ခဲ့တာ။

အလုပ်ကတော့ တကယ်စုံတဲ့ bro ပါပဲဗျာ

ဘဝဆိုတာ ဒီလိုပါပဲbro စုံနေအောင်လုပ်ခဲ့ရတာပေါ့။

ကိုထွေကြီးကိုတော့ လိုက်မမှီတော့ပါ

မှီပါတယ်လေ လိုက်သာလိုက်ခဲ့ပါ။

နောက်​ဆက်​တွဲ​လေး​စောင့်​​နေပါ့မယ်​​ဗျာဆိုက်​ကားနင်းတာသူ​ဌေး​တောင်​ဖြစ်​နိုင်​တယ်​အဲ့​ခေတ်​မှာကိုဒီ​လောက်​ရတာဆို​တော့

အဲဒီခေတ်က ခေတ်ကောင်းမှီတယ်ပြောရမယ်ဗျ။ တကယ်ရတာ။

Coin Marketplace

STEEM 0.16
TRX 0.13
JST 0.027
BTC 58644.49
ETH 2625.45
USDT 1.00
SBD 2.38