ရုပ်ပစ္စည်း နဲ့ စိတ်ချမ်းသာမှု

in #myanmar5 years ago

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01.png


ချစ်မိတ်ဆွေများရဲ့ အတွေးတွေထဲမှာ ပိုက်ဆံ ဒါမှမဟုတ် ငွေကြေးချမ်းသာနေမယ်ဆိုရင် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတွေနဲ့ ပြည့်စုံပြီလို့ ယူဆနေသူတွေ ဘယ်နှစ်ယောက်လောက်များရှိနေနိုင်မလဲ? လူအများ စုကတော့ ငွေရှိရင် အကုန်ဖြစ်တယ်လို့ ယူဆတတ်ကြတာများပါတယ်။ တကယ့်လက်တွေ့မှာ ငွေကြေးရှိတိုင်း ကိစ္စရပ်အားလုံး အဆင်မပြေနိုင်ပါ။ ငွေကြေးဖြင့် ပြဿနာတို့အား ဖြေရှင်းကြရာမှာ ဘေးထွက်ဆိုးကျိုးများ ပါလာတတ်ပါသေးတယ်။ ဘ၀လမ်းခရီးမှာ ငွေကြေးတစ်ခုတည်းဖြင့် အရာရာကိုတော့မဖြေရှင်းနိုင်ပါ။ ဘယ်လိုပဲ ပြောကြပါစေ၊ ဘယ်လိုပဲ တရားတွေဟောကြပါစေ။ ပြောဟောသူတွေရဲ့ ရှေ့မှောက်မှာတော့ ခေါင်းလေးတငြိမ့်ငြိမ့် နဲ့ ထောက်ခံတတ်ကြပေမယ့် လက်တွေ့မှာတော့ “ရလေ လိုလေ အိုတစ္ဆေ”ဆိုသလိုပဲ ပြူးပြဲ ကုန်းရုန်းရှာဖွေကြတာပါ။ ငွေကြေးဆိုတာ မရှာဖွေလို့တော့မရပါဘူး။ လိုတာထက်ပိုပြီး လောဘတကြီး ရှာဖွေမယ်ဆိုရင် ဘေးထွက်ဆိုးကျိုးတွေခံစားရနိုင်ကြောင်းလည်း အသိရှိသင့်ပါတယ်။ ငွေကြေးအဆင်ပြေလာ တယ်။ ဒီထက်တစ်ဆင့်ပိုပြီး ငွေကြေးပိုလျှံလာတယ်။ နောက် ဒီထက်ပိုပြီး သုံးမကုန် ဖြုန်းမကုန်ဖြစ်လာတယ်။ ဒါလည်းပဲ လောဘနဲ့ဆက်လက်ငွေရှာနေကြဆဲပဲမဟုတ်လား။ ငွေကြေးနောက်ကို တဇွတ်ထိုးလိုက်တဲ့အခါမှာ ကိုယ့်ရဲ့ ချစ်ရသူတွေကို ဥပေက္ခာပြုထားသလိုဖြစ်သွားတတ်ပါတယ်။ ဒီအခါမှာ အချစ်တွေလျော့ကျကုန်တတ် ပါတယ်။ တစ်ချိန်ချိန်မှာ “ငါသူတို့အတွက် အချိန်မပေးခဲ့လေခြင်း” ဆိုတဲ့ နောင်တနဲ့အတူ ပူဆွေးသောကနဲ့လည်း ကြုံတွေ့နိုင်ပါတယ်။ ငွေကို ရှာပါ။ ဒါပေမယ့် ကိုယ့်ကို ချစ်တဲ့သူတွေ၊ ကိုယ့်ရဲ့ချစ်ရသူတွေကို ပစ်ထားမိလောက်အောင်တော့ မဖြစ်သင့်ပါ။ ငွေက ရုပ်ကိုချမ်းသာအောင်လုပ်ဆောင် ပေးနိုင်ပေမယ့် စိတ်ချမ်းသာမှုကိုတော့ မပေးစွမ်းနိုင်ပါဘူး။ စိတ်ချမ်းသာမှုကိုတော့ ကိုယ်ချစ်ရသူတွေ၊ ကိုယ်ကိုချစ်တဲ့သူတွေဆီကပဲ ရရှိနိုင်တယ်ဆိုတာကို မမေ့စေချင်ပါ။


02.png


ရုပ်ဝတ္ထုပစ္စည်းတွေအပေါ်မှာ တပ်မက်မှု အလွန်အကျွံဖြစ်လာတဲ့အခါမှာ ပြဿနာပေါင်းစုံတက်တတ်တဲ့အပြင် အရေးအကြီးဆုံးဖြစ်တဲ့ ကိုယ်ကျင့်တရားလည်း ပျက်စီးသွားတတ်ပါတယ်။ နာမည်ဆိုးနဲ့လည်း ကျော်ကြားသွား စေနိုင်ပါတယ်။ ရှိသင့်တာထက်ပိုပြီး ရုပ်ဝတ္ထုပစ္စည်းတွေကို မစွဲလန်းစေသင့်ပါ။ တင်းတိမ်ရောင့်ရဲမှုဆိုတဲ့ အသိ မရှိခဲ့ရင်တော့ စိတ်ချမ်းသာမှုဆိုတာက ဝေါင်ဝေါင်ရှေးပြီး ဝေးဝေးရှောင်သွားပါလိမ့်မယ်။ ရုပ်ဝတ္ထုပစ္စည်းတစ်ခု ဆုံးရှုံးပျက်စီးသွားတဲ့အခါမှာ စိတ်ချမ်းသာမှုဆိုတာ ပျောက်ဆုံးသွားတတ်တဲ့အပြင် လူတွေကို ပူလောင်စေတတ် ပါတယ်။ ဒါက ရုပ်ဝတ္ထုဆိုတာကို အလွန်အကျွံ အလေးထားမိလိုက်လို့ပါပဲ။ ရုပ်ဝတ္ထုတစ်ခုဆိုတာလည်း သက်တမ်းတစ်ခုအတွင်းမှာပဲ ပျက်စီးပျောက်ကွယ်သွားရတာပဲမဟုတ်ပါလား။ စိတ်ချမ်းသာမှု ဆုံးရှုံးစေပြီးတော့ ငွေကြေးဆိုတဲ့အရာနောက်ကို အလွန်အကျွံမလိုက်မိစေဖို့ သတိပြုစေချင်တဲ့သဘောသာဖြစ်ပါတယ်။ အဓိက အနေနဲ့ ငွေကြောင့် လူငယ်အများစုရဲ့ ဘ၀တွေပျက်စီးကုန်တာ နှစ်ဆယ်ချီနေခဲ့ပါပြီ။ လိုနေတဲ့ငွေရဖို့ အတွက် အသိဥာဏ်ကွယ်ပျောက်ပြီးတော့ အချုပ်ခန်းရောက်သူရောက်၊ ကြေးစားဖြစ်လိုဖြစ်နဲ့ နောက်ဆုံး စိတ်ဆင်း ရဲမှုတွေနဲ့ ရင်ဆိုင်ရတာကို နေ့စဉ်လိုလိုမြင်တွေ့နေရတာ စိတ်မချမ်းသာကြပါဘူး။ ဘေးကနေ ကြားရ၊ ကြည့်ရ၊ မြင်ရတဲ့သူတွေတောင် စိတ်မချမ်းမသာဖြစ်နေကြရင် မိသားစုဝင်များကကော စိတ်ချမ်းသာနေနိုင်မယ် မဟုတ်ပါ ဘူး။ စိတ်ချမ်းသာမှုရလိုရင် ရုပ်ပစ္စည်းတွေနောက်ကို အလွန်အကျွံမလိုက်မိစေဖို့ကိုလည်း နီးစပ်ရာ လူငယ် မောင်မယ်တွေကို အသိပညာပေးနိုင်ရင်ပိုကောင်းမယ်ထင်မြင်ပါတယ်။ ဒါက စိတ်ဓာတ်ကျစေတဲ့အကြောင်း အရာတစ်ခုမဟုတ်ပါဘူး။ အလွန်အကျွံမဖြစ်ရင် စိတ်ဆင်းရဲရမှု နည်းပါးသွားတဲ့အတွက် စိတ်ချမ်းသာမှု ပိုရတယ်လို့ ပြောနိုင်မယ်ထင်ပါတယ်။


04.png


စိတ်ချမ်းသာမှုလို့ဆိုတာ စိတ်ရဲ့ ငြိမ်းအေးမှုဆိုတဲ့ တရားသဘောကိုဆိုလိုခြင်းမဟုတ်ပါဘူး။ သာမန်လူသား တို့ရဲ့ ပျော်ရွှင်မှုအဆင့်လောက်ကိုသာ ပြောဆိုခြင်းဖြစ်ပါတယ်။ စိတ်ချမ်းသာမှုကို ရှာကြရမှာလည်း နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုးဖြစ်စေနိုင်တဲ့လမ်းတွေကို မရွေးမိဖို့အတွက်လည်း အရေးကြီးပါတယ်။ စိတ်ချမ်းသာမှုဆိုတာ ပျော်ရွှင်မှုနဲ့ဆက်နွှယ်နေပါတယ်။ ပျော်ရွှင်မှုဆိုတာ မရှိလာပဲနဲ့တော့ စိတ်ချမ်းသာမှု ဆိုတာကလည်း ရှောင်ဖယ်နေမယ်မဟုတ်လား။ ငွေက စိတ်ကို ချမ်းသာစေတယ်ဆိုတာ အမြဲတမ်းတော့ မဟုတ်ပါဘူး။ အမြဲတမ်းမှန်နေမယ့်အရာက ရှားပါးလှပါလိမ့်မယ်။ စည်းစိမ်ချမ်းသာတွေကို ခံစားလိုတဲ့စိတ် တစ်ခုတည်းနဲ့ အလွန်အကျွံ အလုပ်တွေလုပ်နေရုံနဲ့လည်း စိတ်ချမ်းသာမှုဆိုတာ မဖြစ်နိုင်ပါဘူး။ မိသားစုနဲ့ အဆင်မပြေဖြစ်နေကြတယ်ဆိုရင်လည်း စိတ်ချမ်းသာမှုမရနိုင်ပါဘူး။ တကယ့်စိတ်ချမ်းသာမှုကိုရချင်တယ် ဆိုရင် အရင်ဆုံးအနေနဲ့ ကိုယ့်ကိုချစ်တဲ့သူတွေကို စိတ်ချမ်းသာအောင် လုပ်ပေးလိုက်ပါ။ ဒါဆိုရင် ကိုယ်လည်း စိတ်ချမ်းသာလာမှာ အမှန်ပဲဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ ကိုယ်ချစ်တဲ့သူတွေက စိတ်ချမ်းသာပေမယ့် ကိုယ်ကတော့ စိတ်ဆင်းရဲနေရတာမျိုးတွေလည်း ရှိတတ်ပါတယ်။ ဒါကလည်း အနည်းစုပဲဖြစ်မယ်ထင်တယ်။ ငွေလိုချင်စိတ်ကြောင့် မတော်လောဘဖြင့် လောင်းကစားအလုပ်ကို လုပ်ခဲ့မယ်ဆိုရင် နိုင်ရင်လည်း စိတ်ချမ်းသာ မှု ဖြစ်မယ်လို့ သေချာပေါက် မပြောနိုင်ပါဘူး။ လောင်းကစားအများစုကိုလေ့လာကြည့်မယ်ဆိုရင် ရှုံးဖို့ကတော့ ကိုးဆယ်ရာခိုင်နှုန်းလောက်ရှိပြီး နိုင်ဖို့ကတော့ တစ်ဆယ်ရာခိုင်နှုန်းလောက်ပဲရှိတယ်ဆိုတာ တွေ့နိုင်ပါတယ်။ ဒါပေမယ့်လည်း လောင်းကစားကို ရလိမ့်နိုးနိုးနဲ့ မွဲဆေးဖော် စိတ်ဆင်းရဲဆေးဖော်စပ်ကောင်းနေတုံးပဲဖြစ်ပါ တယ်။


03.png


ရုပ်ပစ္စည်းများတိုးတက်လာတာနဲ့အမျှ လူတို့ရဲ့ လိုချင်တပ်မက်စိတ်များကလည်း ပိုပိုများလာတာကို မြင်ရပါ တယ်။ လူငယ်များသာမက လူကြီးများပင် ခေတ်ပေါ်ပစ္စည်းများကို လိုချင်တပ်မက်လာပါတယ်။ ခေတ်ရေစီး ကြောင်းကလည်း လျင်မြန်စွာ တိုးတက်ပြောင်းလဲနေသည်ဖြစ်ရာ ယနေ့ လူကြိုက်များနေတဲ့ ကုန်ပစ္စည်း တစ်ခုက မနက်ဖြန်မှာ လူကြိုက်များချင်မှများမယ်။ စမတ်ဖုန်းများပေါ်တွင် လူငယ်တို့ရဲ့တပ်မက်မှုက အလွန် မြင့်မားတာကို မြင်နိုင်ပါတယ်။ တပ်မက်ရုံသာမက စွဲလန်းလွန်းအားကြီးနေပါတယ်။ လူငယ်တွေသာမက လူကြီးများပင် စမတ်ဖုန်းများကို တစ်မျိုးမှ တစ်မျိုးပြောင်းလဲကိုင်ဆောင်ချင်ကြပါတယ်။ ဒါကလည်း ရုပ်ဝတ္ထုအပေါ်မှာ တပ်မက်မှု၊ စွဲလန်းမှုလွန်နေတယ်လို့ပဲ ထင်ပါတယ်။ မှန်ကန်တဲ့အသိနဲ့ မထိန်းချုပ်နိုင်ခဲ့ရင် ဘေးထွက်ဆိုးကျိုးတွေဖြစ်ပေါ်လာပါတယ်။ စိတ်ချမ်းသာမှုတွေ ကွယ်ပျောက်ကုန်ကြရတတ်ပါတယ်။ ဒီစာတွေကိုဖတ်ပြီး ငွေကို အပြစ်မြင်နေ၊ အပြစ်တင်နေတယ်လို့ မယူဆစေချင်ပါ။ ငွေကြေးကို အလွန်အကျွံရှာဖွေတာကိုသာ ပြောလိုခြင်းမဟုတ်ပဲ အလွန်အကျွံလုပ်တဲ့အရာ မှန်သမျှမှာ ဘေးထွက်ဆိုးကျိုးတစ်ခုခုတော့ ဖြစ်လာတတ်တာကို အသိရှိစေချင်လို့ ရေးတင်ခြင်းသာဖြစ်ပါတယ်။ ငွေမရှိရင် လည်း စိတ်မချမ်းသာတတ်သလို ငွေကြေးနောက်ကို အလွန်အကျွံလိုက်ရင် စိတ်ဆင်းရဲတတ်တယ်ဆိုတာ အသိလေးရှိစေလိုတဲ့ စေတနာဖြင့် ရေးသားတာဖြစ်ပါတယ်။ အယူအဆဆိုတာ မှားနိုင်ပါတယ်။ မှားလည်း မှားနေကြဆဲပဲဖြစ်ပါတယ်။ အခုလည်း ကျွန်တော့်အယူအဆကိုသာ ရေးသားခြင်းဖြစ်တဲ့အတွက် အမှားအယွင်း တစ်စုံတစ်ရာ ရှိတယ်ဆိုရင်လည်း ကျွန်တော့်တစ်ဦးတည်းရဲ့ အယူအဆအမှားသာဖြစ်ပါတယ်။ ဘယ်လိုပင် ဆိုစေကာမူ ချစ်မိတ်ဆွေအပေါင်းကို ဘယ်အရာမှ အလွန်အကျွံမဖြစ်ကြပါစေနဲ့လို့ အသိပေးစကားလေး ရေးသားရင်း ရပ်နားလိုက်ပါတယ်။


ရေးသားသူ(Author)___


stemit ansoe myanmar no word logo 2.png


@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community .jpg

15-Nov-2018 ကြာသပတေးနေ့(Thursday)

Sort:  

အချို့​တွေမှာတအားကြီးမချမ်းသာ​ပေမဲ့စိတ်​ချမ်းသာပြီး​ပျော်​ရွင်​​နေကြပါတယ်​...အချို့ဆိုလည်းအရမ်းချမ်းသာပြီး၊စိတ်​ဆင်းရဲပူပန်​ရတာမျိုးရှိပါတယ်​....ရုပ်​၀တ္တုအ​ပေါ်​လောဘကြီးတာနည်းတာနဲ့ဆိုင်​မယ်​ထင်​ပါတယ်​...

Posted using Partiko Android

အမှန်ပါပဲ ချမ်းသာတိုင်းစိတ်ချမ်းသာမှုမရနိုင်သလို ဆင်းရဲတိုင်းလည်း စိတ်မဆင်းရဲတတ်ကြပါဘူး အလွန်အကျွံဆိုရင် ဘာမှမကောင်းတတ်ပါဘူး

ဖုန်းအလွန်အကျွံသုံးနေမိတာက ခက်တယ်ဗျာ

Posted using Partiko Android

ဖုံး မသုံးနဲ့ ဖွင့်သုံးပါ ☺ လက်ပုတော့လေးနဲ့ သုံးပါလားကိုစောရ ☺

ဟုတ် တစ်ခါတစ်လေ သုံးပါတယ်

Posted using Partiko Android

စိတ်​ချမ်းသာရင်​ကို ​ကျေနပ်​ပါတယ်

Posted using Partiko Android

စိတ်ချမ်းသာတာ စိတ်မချမ်းသာတာက ကိုယ်နဲ့တိုက်ရိုက်သက်ဆိုင်တယ်လေ စိတ်ချမ်းသာချင်ရင် စိတ်မဆင်းရဲအောင်နေ ☺

ငွေကြေးနောက်လိုက်ရင်း
စိတ်ချမ်းသာမှုတွေက ကျန်ခဲ့ရင်းပေါ့

အမြဲတော့မဟုတ်ပါဘူး အလွန်အကျွံဖြစ်လာရင်ပေါ့ ☺

ငွေမရှိ​ပေမဲ့  စိတ်​ချမ်းသာ​အောင်​​နေထိုင်​​နေတဲ့သူ​တွေရှိပါတယ်
ဗျာ အဓိက က​တော့​ရောင့်​ရဲတင်းတိမ်​မူ့ပါဘဲ၊

ငွေရှိတိုင်းစိတ်မချမ်းသာသလို ငွေမရှိတိုင်းလည်း စိတ်မဆင်းရဲတာ ကိုယ့်ပေါ်မှာပဲမူတည်နေမှာပါဗျာ

လိုချင်တယ် လိုချင်တယ် ခုထိဘာမှ ရသေးတာမဟုတ်ဖူး ။

ဘာလိုချင်တာဒုံး ရှင်းရှင်းပြောပါလား ရှင်းရှင်းပြောပါလား ☺

😁😁😁ဗငွ ငွေ ငွေ

Posted using Partiko Android

ငွေဆိုတာ သက်မဲ့ရုပ်ဝတ္ထုပါပဲ ဒေါ ကြည် ☺

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.032
BTC 61185.73
ETH 3012.54
USDT 1.00
SBD 3.84