တူညီစွာ

in #myanmar6 years ago

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01.png


တူညီသောအရာတစ်ခုကို တူညီစွာ ပိုင်ဆိုင်ထားကြတဲ့ လူတွေချင်းအတူတူ ဘယ်လိုတွေ ဘယ်အကြောင်းတွေကြောင့် ကွဲပြား တာတွေ ခြားနားတာတွေရှိကုန်ကြလေသနည်း။ ပေါက်တတ်ကရ စဉ်းစားမိခဲ့ပေရာ အစဆွဲမိတော့ အဆုံး ဆက်လိုက်ရတော့မှာပဲဗျို့။ နို့မို့ဆို တစ်ခြားအစပြန်ဆွဲနေရမှာလေ။ ဒီတော့လဲ ဆွဲလက်စ အစကိုပဲဆက်ဆွဲရ ပါတော့မယ်။ ဘယ်လိုအရာကို တူညီစွာ ပိုင်ဆိုင်ထားတာလဲလို့ မေးစရာ၊ ဘယ်လိုတွေ ကွဲပြား ခြားနားနေသလဲ လို့ မေးစရာဖြစ်လာတော့မှာပါပဲ။ စာဖတ်သူတွေကို ပြန်မေးရလိမ့်မယ်ထင်တယ်။ စာရေးလိုက် ထသွားလိုက် ပြန်လာထိုင်လိုက် အဲဒီလို ထလိုက် ထိုင်လိုက် နဲ့ လုပ်နေလေတော့ ကိုယ်ဘာရေးမလို့ စဉ်းစားထားတယ်ဆိုတာ မေ့မေ့သွားတယ်ဗျို့။ ကျွန်တော်ဘာရေးမလို့ စဉ်းစားထားမိတာလဲဗျာ။ ဖြေပေးကြပါဦး။ တကယ်ပါဗျာ Messenger ကတိန်ကနဲ မြည်လိုက် သွားဖွင့်ကြည့်လိုက်၊ ဧည့်သည်လာလို့ထလိုက်စကားလက်ခံပြော ပေးလိုက်၊ ပြန်ထိုင်လိုက် Messenger က တိန် ကနဲမြည်လိုက် သွားဖွင့်ကြည့်လိုက် တစ်ခါ ဧည့်သည်လာလို့ ထဧည့်ခံလိုက် ဒါနဲ့ သံသရာလည်ပြီး ကိုယ်ဘာရေးမလို့ စဉ်းစားထားမှန်းမသိဖြစ်ဖြစ်သွားတယ်ဗျာ။ အခု ဘာရေးမလို့ အပေါ်ကလို အစပျိုးထားသလဲဆိုတာ အတော်စဉ်းစားနေရတယ်ဗျ။ စာလာဖတ်တဲ့သူတွေကို ပြန်မေးရမလိုဖြစ်နေတယ်။ ခဏစဉ်းစားလိုက်ဦးမယ်။ မကြာဘူးနော်။ ခဏနေ ပြန်လာခဲ့မယ်။ (နာရီဝက်ခန့်ကြာသော်) ပြန်လာပါပြီဗျာ။ ဘာရယ်လို့မဟုတ်ပါဘူး။ ပြင်းပြင်းထန်ထန်စာတွေကို ဖတ်နေကြရတော့ နည်းနည်းလောက်ပေါ့သွားစေချင်လို့ ပါ။ ကျွန်တော်ရေးချင်တာလေးကတော့ လူတိုင်း တူညီစွာ ပိုင်ဆိုင်ထားကြပေမယ့်လို့ ကွဲပြား ခြားနားသွားရတဲ့ အကြောင်းလေးကို စဉ်းစားပြီး ရေးသားလိုခြင်း သာဖြစ်ပါတယ်။ ဒါကလည်း နည်းနည်းတော့ ပြင်းထန်နေသလားလို့ပါ။ ခုရက်ပိုင်းကလည်း စိတ်ရွှင်စရာ ဟာသ အတွေးတွေက ဘယ်ချောင်သွားပုန်းနေမှန်းမသိ လေတော့(စစ်ကိုင်းတောင်ရိုးကလည်း ချောင်တွေကပေါမှပေါကိုး ☺☺☺) ပြင်းထန်တာတွေပဲရေးနေရတယ်ဗျို့။ သည်းခံပြီးသာ ဖတ်ပေရော့။


02.png


လူရယ်လို့ဖြစ်လာတဲ့အခါမှာ အဲ လူရယ်မှ မဟုတ်ပါဘူး။ တိရစ္တာန်လည်း အတူတူပါပဲ။ လူနဲ့ တိရစ္ဆာန် တို့မှာ အရာတစ်ခုကို တူညီစွာ ပိုင်ဆိုင်ထားကြပါတယ်။ လူပဲဖြစ်ဖြစ် တိရိစ္ဆာန်ပဲဖြစ်ဖြစ်ပေါ့နော်။ (၃၁)ဘုံရှိတာကို လက်မခံနိုင်ရင်တောင် လူ နဲ့ တိရစ္ဆာန် ဘုံ နှစ်ဘုံလောက်တော့ လက်ခံနိုင်ကြမှာပါ။ လူတွေအချင်းချင်းတင်မက တိရစ္ဆာန်တွေလည်း လူတွေနဲ့အတူတူ ပိုင်ဆိုင်ထားကြရတဲ့အရာတစ်ခုဖြစ်ပါတယ်။ ဟာဗျာ လူနဲ့ တိရစ္ဆာန်က ဘယ်လိုများ ဘာကို အတူတူပိုင်ဆိုင်ထားတာလဲ စဉ်းစားချင်စရာပါ။ ပြောမှာပေါ့။ လောလိုက်တာ။ ဒီလိုဗျ။ ကျွန်တော်တို့ လူသားတွေ နဲ့ တိရစ္ဆာန်တွေမှာ တူညီစွာ ပိုင်ဆိုင်ထားတာကတော့ အချိန် ဆိုတဲ့ စက်ယန္တရားကြီးတစ်ခုပဲဖြစ်ပါတယ်။ အဲဒီ အချိန်စက်ယန္တရားကြီးကို လူပဲဖြစ်စေ၊ တိရစ္ဆာန်ပဲဖြစ်စေ တစ်နေ့ကို နာရီအားဖြင့်ပြောရရင် (၂၄) နာရီပဲ အတူတူ ပိုင်ဆိုင်ထားကြရပါတယ်။ ဘယ်လောက်ချမ်းသာတဲ့လူဖြစ်ဖြစ်၊ ဘယ်လောက်မွဲတေတဲ့လူပဲဖြစ်ဖြစ်၊ တိရစ္ဆာန်ပဲဖြစ်ဖြစ် အတူတူပဲ ပိုင်ဆိုင်ကြရတာပါ။ ချမ်းသာတဲ့သူဌေးကြီးမို့ အချိန်(၂၅)နာရီ (၁)နာရီအချိန်ပို မရသလို မွဲတေနေတဲ့သူဖြစ်လို့ (၂၃)နာရီပဲဆိုပြီး (၁)နာရီ လျော့ရနေတာ မဟုတ်ပါဘူး။ တိရစ္ဆာန်မို့လို့လည်း အချိန်လျော့သွားခြင်း ပိုသွားခြင်း မရှိပါဘူး။ လူရော တိရစ္ဆာန်ရော ဆင်းရဲ သူရော ချမ်းသာသူရော အတူတူ ပိုင်ဆိုင်ရတဲ့တစ်ခုတည်းသောအရာကတော့ အဲဒီ အချိန်စက်ယန္တရားကြီး တစ်ခုပဲ ရှိပါလိမ့်မယ်။ ကျန်တာတော့ မတူညီ ကွဲပြား ခြားနားနေပါလိမ့်မယ်။ ဘာလို့ကွဲပြားခြားနားနေသလဲ? ဆိုတာကတော့ ကိုယ်တိုင် စဉ်းစားရလိမ့်မယ် ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်အကြောင်း ကိုယ်သာ အသိဆုံးပဲဖြစ်တယ်မဟုတ်လားဗျာ။ တိရစ္ဆာန်တွေကတော့ မစဉ်းစားတတ်လို့ သိမယ်မထင်ပါဘူး။ သိချင်လည်း သိနေမှာပေါ့လေ။ ကိုယ်က တိရစ္တာန်မဟုတ်တာပဲ။ ပြီးတော့ တိရစ္ဆာန်တွေကလည်း အဲဒီလို အသိဥာဏ်မှ မရှိနိုင် တာပဲလေ။ မည်သို့ပင်ဆိုစေကာမူ အချိန်စက်ယန္တရားကြီးရဲ့ ကြိတ်ချေမှုက ရင့်ကျက်တည်ငြိမ်သူတွေ ကြေမွပျက်စီးသွားသူတွေကို ထွက်ပေါ်လာစေတတ်ပါတယ်။


03.png


ဘာတွေ ကွဲပြားပြီး ဘယ်လို ခြားနားနေတာလဲဆိုတာကတော့ အလွယ်တကူသိနိုင်မယ်ထင်တယ်။ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ရင် တူညီတာ မရှိတဲ့လူတွေအများအပြားပါ။ ချမ်းသာတာ နဲ့ ဆင်းရဲတာ၊ ကျန်းမာရေးကောင်းတာ နဲ့ ကျန်းမာရေးမကောင်းတာ၊ စိတ်ကောင်းရှိတာ နဲ့ စိတ်ဆိုးရှိနေတာ စတာ စတာတွေ မတူညီကြဘူး။ အဲဒီလို မတူညီတဲ့သူတွေ ဘာကြောင့် ဖြစ်ကုန်တာလဲဆိုတာ စဉ်းစားဖို့သင့်တယ်လို့ ထင်မိ တယ်လေ။ ပေါက်ပေါက်ရှာရှာစဉ်းစားတယ်လို့မထင်ပါနဲ့။ တကယ်စဉ်းစားသင့်တယ် ထင်မိတာပါ။ တူညီတဲ့ အချိန်ကို ပိုင်ဆိုင်ထားကြပြီး ဘာလို့များ မတူညီတဲ့ ဘ၀တွေ ဖြစ်ကုန်ကြတာလဲဆိုတော့ တူညီစွာ ပိုင်ဆိုင်ထား ကြတဲ့အချိန်ကို အသုံးချတဲ့နေရာမှာ မတူညီကြလို့ပဲဖြစ်ပါလိမ့်မယ်။ ဒါတွေကို တိတိကျကျသိဖို့ဆိုရင်တော့ ချမ်းသာတဲ့သူတွေက သူတို့ရဲ့ ပိုင်ဆိုင်တဲ့အချိန်တွေကို ဘယ်လိုအသုံးချနေတာလဲ ဘယ်လိုအသုံးချခဲ့တာလဲ ဆိုတာ လေ့လာရင် သိနိုင်မှာ ဖြစ်သလို ဆင်းရဲမွဲတေနေတဲ့သူတွေကရော သူတို့ပိုင်ဆိုင်တဲ့အချိန်တွေကို ဘယ်လိုအသုံးချနေလို့လဲ ဘယ်လိုအသုံးချခဲ့တာလဲဆိုတာကို လေ့လာရပါလိမ့်မယ်။ တူညီစွာ ပိုင်ဆိုင်ထားတဲ့ အချိန်ကို ဘယ်လို ဖြတ်သန်းခဲ့ကြတာလဲ။ ဘယ်လို ဖြတ်သန်းနေကြတာလဲ ဆိုတာက အရေးပါလိမ့်မယ်။ အချိန်သည် အလွန်တန်ဖိုးရှိသည် ဟု ဆိုနေကြပါတယ်။ ဒါပေမယ့် အဲဒီတန်ဖိုးရှိတယ်ဆိုတဲ့အချိန်ကို ဘယ်လို အသုံးချနေကြသလဲဆိုတာကိုတော့ စဉ်းစားခဲ့ကြလိမ့်မယ်မဟုတ်ဘူး။ အူဝဲဆိုတဲ့အချိန်ကတည်းက အချိန်ဆိုတဲ့ စက်ယန္တရားကြီးရဲ့ ၀ါးမြို ကြိတ်ခွဲခြင်းကို ခံစားလာကြရတာ အတူတူပဲဖြစ်ပေမယ့် အကျိုးရှိအောင် အသုံးချတာ လား အကျိုးမဲ့အတွက်အသုံးချခဲ့တာ ကွာခြားမှုကြောင့် ကွဲပြား ခြားနားမှုတွေ ဖြစ်လာကြရပါတယ်။


04.png


လောကကိုတန်ဖိုးထားသူကို လောက ကလည်းတန်ဖိုးထားပါလိမ့်မယ်။ လူတွေကို တန်ဖိုးထားသူကိုလည်း လူတွေက တန်ဖိုးထားပါလိမ့်မယ်။ ဒီလိုပါပဲ အချိန်ကို တန်ဖိုးထားသူကို အချိန်ရဲ့ တန်ဖိုးထားခြင်းကို ခံရပါ လိမ့်မယ်။ ဒါတွေက သဘာဝရဲ့အမှန်တရားတွေပဲ ဖြစ်ပါလိမ့်မယ်။ အချိန်ကို တန်ဖိုးထားသူတွေက အကျိုးမဲ့ အချိန်ကို မဖြုန်းတီးတတ်ကြပါဘူး။ အဲဒီလို အကျိုးမဲ့အချိန်ကို မဖြုန်းတီးတဲ့သူတွေနဲ့ အကျိုးမဲ့အချိန်ကို ဖြုန်းတီး သူတွေဟာ နှစ်ပေါင်းအနည်းငယ်အတွင်းမှာပဲ ကွာခြားသွားတတ်ကြပါတယ်။ အဓိကအနေနဲ့ကတော့ အချိန်ကို ကောင်းစွာ စီမံခန့်ခွဲပြီး အသုံးချနိုင်သူတွေက အောင်မြင်သူတွေ ချမ်းသာသူတွေ ကျန်းမာသူတွေ ဖြစ်ကုန်တတ် ကြတာပါပဲ။ ကျန်းမာတိုင်း ချမ်းသာတယ်လို့တော့မဆိုပါဘူး။ ချမ်းသာတဲ့သူတိုင်းကလည်း ကျန်းမာနေမယ် မဟုတ်ပါဘူး။ သူတို့ရဲ့ အချိန်တွေကို ကျန်းမာရေးအတွက် စီမံခန့်ခွဲခဲ့သူက ကျန်းမာခြင်းကို ပိုင်ဆိုင်ပြီး ချမ်းသာရေးအတွက် အသုံးချသူတွေကတော့ ချမ်းသာမှုကို ခံစားနေကြရပါလိမ့်မယ်။ အားလပ်တဲ့အချိန်ကို ဘယ်လိုအသုံးချခဲ့ကြတာလဲဆိုတဲ့ အဖြေပေါ်မှာမူတည်ပြီးတော့ ကွဲပြားမှုတွေ ခြားနားမှုတွေ ဖြစ်ကုန်ကြတယ် လို့ မှတ်ယူနိုင်ပါလိမ့်မယ်။ မမြင်နိုင်တဲ့ ကံတရားကိုတော့ ဒီနေရာမှာ ထည့်တွက်မထားပါဘူး။ ယခုလက်ရှိအချိန်မှာ ကံကောင်းတယ်ဆိုတာ အရင် တစ်ချိန်ချိန်က ကောင်းတာတွေရဲ့အကျိုးကို ခံစားရတာပဲ ဖြစ်ပါတယ်။ ယခုလက်ရှိအချိန်မှာ ကံဆိုးနေတာကလည်း အရင်တစ်ချိန်ချိန်က မကေင်းတာတွေရဲ့ အကျိုးကို ခံစားနေရတာပဲဖြစ်ပါမယ်။ ဒါက မမြင်နိုင်တဲ့ကံတရားဆိုတာတွေလို့ ယုံကြည်မိပါတယ်။ တူညီစွာပိုင်ဆိုင်ထား တဲ့ (၂၄)နာရီဆိုတဲ့အချိန်ကို ကောင်းကောင်းအသုံးချနိုင်ဖို့အတွက် အထူးကြိုးစားအားထုတ်နေဖို့လည်း လိုမယ် မထင်ပါဘူး။ အခုလက်ရှိ ဆိုတဲ့ အချိန်ကလေးကိုပဲ ကောင်းစေဖို့အာရုံစိုက် လုပ်ဆောင်နေမယ်ဆိုရင် (၂၄)နာရီက အလိုလိုကောင်းသွား မှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းရေးသားရင်း ရပ်နားလိုက်ပါတယ်။

လက်ရှိအချိန်ကိုပဲ ကောင်းအောင် ကြိုးစားနိုင်ကြပါစေ…

အကျိုးမဲ့ အချိန်ဖြုန်းတီးခြင်းကို ရှောင်နိုင်ကြပါစေ...

လူ တိရစ္ဆာန်မကွဲ ချမ်းသာ ဆင်းရဲ မခွဲပဲ အတူတူပိုင်ဆိုင်နိုင်တဲ့ အချိန် ကို ကောင်းစွာ အသုံးချနိုင်ကြပါစေ...

အချိန်စက်ယန္တရားကြီးရဲ့ ကြိတ်ဝါးချေဖျက်မှုက တစ်ချို့ကို ရင့်ကျက်လာစေတတ်သလို တစ်ချို့ကိုတော့ ကြေမွ ပျက်စီးသွားတတ်ပါတယ်...

ကွဲပြား ခြားနားမှုတွေရဲ့ အစက အားလပ်ချိန်လေးတွေကို ဘယ်လို အသုံးချခဲ့တာလဲဆိုတဲ့ အဖြေပေါ်မှာ မူတည်နေပါလိမ့်မယ်...

ကိုယ်ပိုင်တဲ့အချိန်ကို စီမံခန့်ခွဲနိုင်ကြပါစေ...


ရေးသားသူ(Author) ___


stemit ansoe myanmar no word logo 2.png


@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community .jpg

19-Sept-2018 ဗုဒ္ဓဟူးနေ့(Wednesday)

Sort:  

အချိန်​ပိုင်​ဆိုင်​တာချင်းအတူတူ...​အောင်​မြင်​သွားသူနှင့်​ဘာမှဖြစ်​မလာသူ...ဒါကအချိန်​ကိုအကျိုးရှိရှိအသုံးချပြီးစီမံခန့်​ခွဲတတ်​မှုကဆုံးဖြတ်​သွားတာပါဘဲ....

အချိန်ကို ဘယ်လိုအသုံးပြုကြတာလဲဆိုတာပေါ်မူတည်ပြီး အောင်မြင်တာ မအောင်မြင်တာတွေဖြစ်နေကြတာပါပဲ အချိန်ကို စီမံခန့်ခွဲနိုင်ရင်အကောင်းဆုံးပါဗျာ

လူတိုင်း တစ်နေ့ ၂၄ နာရီ ပိုင်ဆိုင်ကြပေမယ့် အဲဒီ ၂၄ နာရီကို
အသုံးချပုံ မတူညီခြင်းကြောင့် မတူခြားနားသောလူတွေ ဖြစ်လာကြပါတယ်....

အသေအချာပါ ကိုဟိန်းရာ

အချိန်က အတူတူ ၂၄ ဆီ ပိုင်ဆိုင်ထားကြတာပဲ အသုံးချတဲ့အပေါ်မူတည်ပြီး ဘဝတွေ အဆင့်အတန်းတွေ ပြောင်းလဲ သွားကြတာပေါ့ တစ်ချို့လူသားတွေကျတော့လည်း ၂၄ နာရီဆိုတဲ့အချိန်ကို စား အိပ် ကာမ အတွက်သာ အသုံးချနေကြသေးတာမို့  တိရိစ္ဆာန်နဲ့တောင် သိပ်ပြီး မကွဲပြားတော့ပါဘူး

အမှန်ပါပဲဘုရား အိပ် စား ကာမ လုပ်ဖို့အတွက် လူဖြစ်နေတာလို့များထင်နေရော့သလားမသိပါဘူး ကောင်းကောင်း အိပ်မယ် ကောင်းကောင်းစားမယ် ကောင်းကောင်းကာမဂုဏ်အာရုံတွေကို ခံစားမယ်ဆိုတဲ့အဆင့်ပဲလုပ်နေကြတာပါဘုရား ကောင်းကောင်းနေမယ်လို့ စဉ်းစားတဲ့အထဲ ပါပုံတောင်မရပါဘူး တိရိစ္ဆာန် မဟုတ်ပါဘူးဘုရား တိရစ္ဆာန် ပါဘုရား

post‌တွေကိုဖတ်‌ပြီး ‌ရေးချင်‌တဲ့ အ‌ကြောင်း‌လေး‌တွေက ‌ပေါ် လာမိတယ်‌။အဆက်‌ မ ပြတ်‌‌ရေးနိုင်‌ခဲ့တာလည်း ဦးစိုးတို့လို ဆရာ‌တွေက အရိပ်‌ ပြခဲ့‌တော့ ‌ရေးစရာ‌တွေ ဖြစ်‌ ဖြစ်‌လာတယ်‌။‌ကျေးဇူးဘဲဗျာ‌ရေးစရာ မရှိလို့ စဉ်းစားရကြပ်‌‌နေတာနဲ့အ‌တော်‌ဘဲ။

ဘာကိုပဲရရ ၀မ်းသာပါတယ် ကိုမဟော်ရေ

ဝိုး ဟုတ်တယ်နော့ ဆင်းရဲရဲ ချမ်းသာသာ
တူညီစွာပိုင်ဆိုင်ထာကြတာ
တစ်နေ့ကို ၂၄ နာရီ
၂၄နာရီထဲ အတူတူပဲပေါ့

24 = 24 ဟုတ်သား အတူတူပဲကို

ဟုတ်တယ်။အသုံးချပုံချင်ဘဲမတူညီကြတာပါအကို

အဲဒါပါပဲ တဖြည်းဖြည်းနဲ့ကွာလာတာ အဲဒါပါ

ကွီးစိုးက အသိပညာကောင်းကောင်းကြီးပေးလိုက်တာဘဲ ဒီခေတ်ဆို ဂိမ်းတွေဘာတွေနဲ့အချိန်ကုန်နေတာများတယ် ဒီနေ့ကစ အချိန်ကို ပိုအကျိုးရှိအောင်အသုံးချဖို့ကြိုးစားမယ်ဗျာ

တကယ်ကြီးလားဗျာ ၀မ်းသာပါတယ် တကယ်ဝမ်းသာပါတယ် အဟုတ်ကြီးကို ၀မ်းသာပါတယ်

4a34e091b08e5fc8b6b9fbf90e53d90d.gif

ပျင်းပျင်းနဲ့ရေးထားပေလို့ဘဲ ကစိုးရေ ဖတ်လိုက်ရတာ တဝကြီးဘဲ

ဟုတ်လား ထိုင်လိုက် ထလိုက် ရေးနေတာဆိုတော့ကာ

ကိုယ့်ကို ပလန်ဆွဲမေ ဆွဲမေနဲ့ ခုထိ မဆွဲနိုင်ဘူး 😔

ဒါနဲ့ပဲ ဒါနဲ့ပဲ ဒါနဲ့ပဲပေါ့လေ

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.028
BTC 62984.76
ETH 2472.53
USDT 1.00
SBD 2.55