တန်ဖိုးရှိသောအသိ

in #myanmar6 years ago

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


02.png


လောကတွင် အမှောင်တို့တွင် အမှောင်ဆုံး အမိုက်ဆုံးသည်ကား မသိခြင်း ဖြစ်ပေသည်။ မသိသူသည် မမြင်သူပင်ဖြစ်သောကြောင့် ကန်းနေခြင်းပင်ဖြစ်ပေမည်။ မည်သို့ကန်းသနည်းဆိုသော အသိပညာမျက်စိ ကန်းနေခြင်းပင်ဖြစ်ပေသည်။ အသိပညာရှိသူတို့သည် လင်းလက်သော အလင်းနှင့် အောင်မြင်မှုတို့၏ ရောင်ခြည်တန်းများပင်ဖြစ်ပေမည်။ အသိရှိရန်လည်း လွယ်ကူလှသည်မဟုတ်ပါ။ သိရန်အတွက် အလွန်ကြိုးစားကြရပါသည်။ အသိတရားတစ်ခု ရရှိစေရန်အတွက် တခါတလေတွင် တန်ဖိုးကြီးကြီး တို့အား ပေးဆပ်ကြရတတ်ပါသည်။ အသိတရားတစ်ခုရရှိရန်အတွက် အချိန်များ၊ ဇွဲ နှင့် တခါတရံ မိမိတို့၏ နာမည်ဂုဏ်သတင်းကိုပင် ရင်းနှီးကြရတတ်ပါသည်။ ထိုကြောင့် အသိတရားတစ်ခုကို အလွယ်တကူနှင့်မရနိုင်ပါချေ။ အသိတစ်ခု ရရှိခဲ့ပြီဆိုပါကလည်း အလွန်တန်ဖိုးရှိသော ရတနာ တစ်ခုပင်ဖြစ်ပေသည်။ ပညာတစ်ခုအား လေ့လာနေစဉ်ကာလတွင် ဘေးမှ လူတို့သည် အမျိုးမျိုးသော ထင်မြင်ချက်တို့ဖြင့် ဝေဖန်ကြပေမည်။ ကောင်းသော အကြံပြုချက်၊ ကောင်းသော ဝေဖန်ချက်များပါရှိသကဲ့သို့ မကောင်းမြင်ဝါဒဖြင့် ဝေဖန်ကြသူများလည်း ရှိနိုင်ပါသည်။ မည်သို့ပင် ဝေဖန်ကြသည်ဖြစ်စေ ခံနိုင်ရည်ဇွဲဖြင့် လိုရာပေါက်မြောက်အောင် သင်ယူလေ့လာ နိုင်မှသာ အသိပညာရရှိနိုင်မည်ဖြစ်ပါသည်။ ကမ္ဘာကျော်တီထွင်ဖန်တီးသူတို့သည် အကြိမ်ကြိမ်ပျက်စီး ပြီး လူအများ၏ ဝေဖန်ကဲ့ရဲ့မှုများကို ဇွဲသတ္တိတို့ဖြင့် ကျော်ဖြတ်ခဲ့သောကြောင့် ကမ္ဘာကျော်ခဲ့ပေသည်။ မအောင်မြင်သေးသောအချိန်တွင် လူတို့သည် အရူးတစ်ယောက်ဟု သမုတ်ခံရသူအများအပြားပင်ရှိခဲ့ကြပါသည်။

ငယ်စဉ်က သင်ကြားခဲ့ဖူးသော စာတိုငညို အကြောင်းအရာလေးမှ တချို့အား ယနေ့အချိန်ထိ မှတ်မိနေကြဆဲဖြစ်ပါသည်။ ထိုစာတိုငညိုဆိုသူသည် စာပေများအား ဖတ်ရှုလေ့လာရခြင်းကို အလွန် ၀ါသနာထုံလေသည်။ ရှေ့မီ နောက်မီလူပုဂ္ဂိုလ်တို့ထံသို့လည်း ဗဟုသုတ ရှာမှီးလေ့လာသူ တစ်ယောက်ဖြစ်ပါသည်။ စာမြင်သမျှအကုန်ဖတ်သည်အထိ စာပေ၀ါသနာကြီးလေသည်။ ထိုကြောင့် ရွာထဲမှ ငညိုအား စာရူး ပေရူး အဖြစ် သတ်မှတ်ခေါ်ဝေါ်ကြပေသည်။ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းမှ လူအချို့တို့သည်ကား အလုပ်မလုပ်ချင်သော လူဘော်ကြော့၊ လူပျင်းအဖြစ်သတ်မှတ်ထားကြလေ သည်။ ထိုသို့သတ်မှတ်ထားသောအထဲတွင် စာတိုငညို၏ ယောက္ခမလောင်းများလည်း ပါဝင်ပေသည်။ သူ့ချစ်သူရည်းစားသည်ကား ရွာသူကြီး၏ သမီး ဖြစ်လေသည်။ သူကြီးက သူ့သမီးဖြစ်သူအား ငညိုသည်လက်ကြောမတင်းသော လူ့ဘော်ကြော့တစ်ဦးဖြစ်သောကြောင့် သဘောမကျကြောင်း သို့သော်လည်း သမီးအနေဖြင့် အိမ်ထောင်ဖက်ရွေးမည်ဆိုပါက လုပ်ကိုင်စားသောက်ရန် နွားတစ်ရှဉ်း နှင့် လယ်တစ်ကွက်အား ပေးလိုက်မည်။ အဖေတို့နှင့်လွတ်ကင်းရာ ဝေးဝေးနေပါဟုပြောကြားလေ သည်။ စာတိုငညိုနှင့်အတူ ပေါင်းသင်းနေထိုင်ကာ ဆင်းဆင်းရဲရဲလုပ်ကိုင်စားသောက်နေကြ လေသည်။ မိတ္ထီလာကန်ကျိုးပေါက်သောကြောင့် အင်းဝဘုရင် မင်းကြီးစွာမှ ဆည်ဖို့ ပြုပြင်သောအခါ ကန်ဘောင်တွင် မိန်းမရုပ်နှင့် နတ်ကွန်းကိုမြင်တော်မူရာ ထိုနတ်ကွန်းအကြောင်းကို သိလိုသဖြင့် မေးမြန်းလေသည်။ မည်သူမျှ မသိ၊ မဖြေနိုင်ဖြစ်နေခဲ့သည်။ ထိုအခါ လူတို့သည် စာတိုငညိုအား ဘုရင့်ရှေ့တော်မှောက်ခေါ်ကာ ဖြေဆိုခိုင်းခဲ့ရလေသည်။ စာတိုငညိုဟုခေါ်ဆိုသော မောင်ညိုမှ ထိုမိန်းမရုပ်နှင့် နတ်ကွန်းအကြောင်း ပြည့်စုံစွာရှင်းပြနိုင်သောကြောင့် ဘုရင်မှအလွန်သဘောကျကာ မောင်ညိုအား အမတ်ခန့်ကာ နေပြည်တော်သို့ခေါ်ဆောင်သွားခဲ့ပါသည်။ ထိုအကြောင်းအရာသည် တစိုက်မတ်မတ် နှင့် စူးစူးစိုက်စိုက် လေ့လာသင်ယူခဲ့သော စာများ၏ ပြန်လည်အကျိုးပြုခြင်းပင် ဖြစ်ပါသည်။


01.png


ဘ၀တွင်အောင်မြင်တိုးတက်နေသူတိုင်းသည် မိမိတို့၏ အချိန်မလပ်၊ အချိန်မပြတ် အာရုံစူးစိုက်ခြင်း ဖြင့် ဇွဲနှင့် တစ်ခုတည်းသောဦးတည်ချက်ပန်းတိုင်အား ပြည့်ပြည့်၀၀ ယုံကြည်မှုတို့ဖြင့် အသိပညာတစ်ခုကို ရရှိသည်အထိ လေ့လာကြိုးစား အားထုတ်ခြင်းကြောင့်သာ မျက်မှောက်ကာလ တွင် အောင်မြင်မှုကိုရရှိနေကြခြင်းသာဖြစ်ကြပါသည်။ ထိုသို့အောင်မြင်မှုရရှိခြင်းတွင် အချိန်အခါ၏ တန်ခိုးသတ္တိသည်လည်း အလွန်အရေးပါလှပါသည်။ လွန်ခဲ့သော ခုနှစ်ခန့်က လူငယ်လေးသည် ယနေ့ အချိန်တွင် အလွန်နာမည်ကျော်ကြားသော ဆရာဝန်တစ်ဦးဖြစ်နေနိုင်သလို အလွန်ကျော်ကြား အောင်မြင်နေသော အနုပညာရှင်တစ်ယောက်လည်းဖြစ်နေနိုင်ပါသည်။ သို့တည်းမဟုတ် သူတစ်ပါး၏ ပေးကမ်းမှုကို မျှော်လင့်နေရသော သူတောင်းစားတစ်ယောက်လည်း ဖြစ်နေနိုင်ပါသည်။ တန်ခိုးကြီး သော အချိန်အား မည်ကဲ့သို့ အသုံးချခဲ့သနည်းဆိုသည့်အပေါ်တွင် မူတည်နေပါသည်။ ရွေးချယ်လျောက်လှမ်းခြင်း၊ လေ့လာသင်ယူခြင်းသည် ကိုယ်တိုင်၏အလုပ်သာဖြစ်ပါသည်။ အချိန်အခါ ၏ အရေးပါမှုတွင် အခွင့်အလမ်း၊ အခွင့်အရေးများသည်လည်း ပါဝင်ပါသည်။ အချိန်တစ်ချိန်ချိန်တွင် အခွင့်အရေးတို့သည် လူတို့ထံသို့ရောက်ရှိလာတတ်ပါသည်။ သို့သော် အခွင့်အရေးမှန်းမသိသော ကြောင့် လက်လွတ်ဆုံးရှုံးခဲ့ကြရသူ အများအပြားပင်ရှိပါမည်။ အခွင့်အရေးမှန်းသိရှိနိုင်ရန်အတွက် အသိပညာလိုအပ်မည်ဖြစ်ပါသည်။ အခွင့်အရေးတို့သည်လည်း နောက်ထပ်ရရှိနိုင်ရန်အတွက် မျှော်မှန်းထားရန်မဖြစ်နိုင်ပါချေ။ ထို့ကြောင့်အခွင့်အရေးမှန်းသိရန်အတွက် အသိပညာရှိထားသင့်ပါ သည်။

အသိပညာနည်းပါးခဲ့သောကြောင့် လိမ်လည်ခြင်းကိုတတ်ပါသည်။ အသိပညာမဲ့သောကြောင့် အမှားအယွင်းတို့အား လွန်ကျူးမိတတ်ပါသည်။ အသိပညာမဲ့ခြင်းကြောင့် ကျေးဇူးရှင်တို့အား စော်ကား ပြစ်မှားတတ်ကြပါသည်။ အသိပညာသည် အရာရာတိုင်းတွင် လိုအပ်မည်ဖြစ်ပါသည်။ ထိုသို့ အဖိုးတန်လှသော အသိပညာအား တတ်နိုင်သမျှ ဆည်းပူးထားခြင်းသည် ယခု နောင် ကောင်းစားရေး ကို အထောက်အကူများစွာရရှိမည်ဖြစ်ပါသည်။ သို့ပါသောကြောင့် အားလုံးသောချစ်မိတ်ဆွေတို့သည် လည်း တန်ဖိုးရှိသော အဖိုးထိုက်တန်လှသော အသိပညာအား လေ့လာဆည်းပူးကြပါရန် တိုက်တွန်း ရင်းဖြင့် ရပ်နားလိုက်ပါသည်။


Success in Steemit အောင်မြင်ကြပါစေဗျာ.....

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

18-May-2018 သောကြာနေ့(Friday)

Sort:  

စာဖတ်ဖို့ အချိန် မပေးခဲ့တာ ကြာခဲ့တာကို သတိပြုမိခဲ့ပြီး နောင်တ တစ်ခု ရမိ အစ်ကိုစိုး

အချိန်အားရင်ပြန်ဖတ်လို့ရနိုင်တာပါ ကောင်းတာလုပ်တာနောက်ကျတယ်မရှိပါဘူးရွှေရောင်ရေ

စာဖတ်ပါ့မယ် အကိုစိုး😊

အချစ်ဝတ္ထုတွေလား

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63818.94
ETH 2624.28
USDT 1.00
SBD 2.78