ဘယ်သူအကျိုးရှိလို့လဲ?

in #myanmar6 years ago (edited)

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01.png


ဘာစာရေးရမလဲဆိုတာ စဉ်းစားနေတာ ကုန်ကြမ်းမရ ဖြစ်နေတယ်။ ရသလောက်ကုန်ကြမ်းနဲ့ စာလေးတွေ ရေးလိုက်ပါတယ်။ အချို့သောလူတွေက အများပိုင် ပြည်သူပိုင် ပစ္စည်းတွေကို ဖျက်လိုဖျက်ဆီး ပြုလုပ်တတ်သည်ကို မြင်တွေ့ နိုင်ပါတယ်။ သူတို့ပိုင်ပစ္စည်းတွေကို ဖျက်ဆီးတာတွေ လုပ်သလား မလုပ်သလားတော့မသိပါဘူး။ အများပိုင် ပြည်သူပိုင်ဆိုတာတွေကလည်း လမ်းတွေ၊ လမ်းမီးလုံးတွေ၊ ပန်းဥယျာဉ်တွေ၊ အမှိုက်ပုံးတွေ၊ သောက်ရေအိုးစင် တွေ၊ လမ်းညွှန်အမှတ်အသားတွေ စတဲ့အရာတွေသာဖြစ်ပါတယ်။ ဒီလိုပစ္စည်းတွေကို ဖျက်ဆီးလိုက်ရလို့ သူတို့တွေ ဘယ်လိုအကျိုးအမြတ်ရ သွားကြသလဲလို့လည်း သိချင်မိတယ်ဗျ။ သေချာတဲ့အကျိုးအမြတ်တစ်ခုက တော့ သိနေပါတယ်။ ဒီခန္ဓာကိုယ်ကြီး သေပြီးတဲ့နောက်ဘ၀ရှိတယ်ဆိုတာကို ယုံကြည်နိုင်တယ်ဆိုရင်ပေါ့လေ။ အဲလိုဖျက်ဆီးခံရတဲ့ ပစ္စည်းလေးတွေများမြင်မိရင် နှမြောမိ ဒေါသဖြစ်မိတယ်။ ဖြုတ်ခိုးသွားတယ်ဆိုရင်တော့ တစ်ခဏတော့် အဆင်ပြေနိုင်သေးတယ်။ ပစ္စည်းက သူ့အလိုလိုပျက်စီးသွားလို့ အသစ်ပြန်လုပ်ကြရတာ မနှမြောတတ်ကြပေမယ့် ဖျက်ဆီးခံရတော့ စိတ်ထားမတတ်ရင် အကုသိုလ်ဝင်ပါရောလား။ သောက်ရေအိုးစင် လေးတွေ ပင်ပန်းလာတဲ့သူတွေ သောက်စေလိုတဲ့ စေတနာနဲ့ တည်ပေးထားတတ်ကြတယ်။ ဘာမဆိုင် ညာမဆိုင် သောက်ရေအိုးရိုက်ခွဲပစ်ထားခဲ့ကြတယ်၊ သောက်ရေအိုးကို ထိုးဖောက်ထားခဲ့ကြတယ်။ စေတနာနဲ့ ကုသိုလ်ဖြစ်ချင်တဲ့လူအဖို့ စိတ်ထားမတတ်ရင် ကုသိုလ်မရပဲ၊ အကုသိုလ်ရတတ်တာပေါ့။ စေတနာလည်း ပျက်သွားတတ်တော့ လမ်းဘေးက သောက်ရေအိုးစင်လေးတွေတောင် မမြင်ရရှာတော့ဘူး။ အခြားသော ကုသိုလ်ဖြစ်လုပ်ပေးကြတာလေးတွေလည်း ပျောက်ကုန်ကြရှာပါပြီ။ ရေအိုးစင်လေးတည်ထားတာ ကုသိုလ်ရ ချင်လို့ပါဆိုတော့ စိတ်ထားတတ်သူအဖို့ နောက်ထပ်ရေအိုးတစ်လုံး လှူခွင့်ရတယ်လို့မှတ်နိုင်ရင် ပြဿနာ မဟုတ် ကုသိုလ်တိုးနိုင်ပေမယ့် ရေအိုး တစ်လုံးက နှစ်လုံး၊ နှစ်လုံးက သုံးလုံး ဖြစ်လာပြီဆိုရင် အဲဒီလိုစိတ်ထားနိုင်ဖို့ကလည်း အတော်မလွယ်ကူတာပဲ။ အကုသိုလ်တွေ ၀င်လာနိုင်သလို စေတနာလည်း မရှိတော့ဘူးဖြစ်သွားကြတော့တာပါပဲ။ လမ်းဘေးရပ်ထားတဲ့ ကား ဆိုင်ကယ် စတာတွေကို ရိုက်ခွဲ ဖျက်ဆီးသွားတတ်ကြတယ်။ဘယ်သူအတွက် အကျိုးရှိနေလို့ ဒိလိုလုပ်ရပ်မျိုးကို လုပ်နေတာလဲ စဉ်းစားမရပါ။


02.png


ပစ္စည်းဖျက်ဆီးတတ်ကြတာအပြင် ကျောင်းသားဘ၀ကဆိုရင် ကျောင်းကို စက်ဘီးလေးတွေနဲ့လာတဲ့သူတွေ ရှိတယ်။ ထမင်းစားကျောင်းဆင်းချိန် အိမ်ပြန်မယ့်အချိန်မှာ စက်ဘီးက ရှေ့ရော နောက်ရော လေမရှိတော့ဘူး။ ဘယ်လိုစိတ်ဓာတ်မျိုးနဲ့များ ရှင်သန်လာခဲ့ကြတာလဲမသိပါဘူး။ လေလျော့သွားတာမျိုးလောက်ဆိုရင် ပြဿနာ သိပ်မရှိသေးဘူး။ လေထိုးဆိုင်လေးတွေပေါတယ်။ လေလေး အပြေးအလွှားထိုးပြီး ထမင်းအမြန်စား ကျောင်းချိန်မှီအောင် ပြန်လာလို့ရတယ်။ တခါတလေမှာ လေလျော့ရုံနဲ့အားမရဘူးလားမသိပါဘူး။ ဘာကျွတ်တိုင်ရော၊ အရစ်လေးတွေရောကို လွှင့်ပစ်လိုက်ကြတာကို ကြုံဖူးတယ်။ အဲဒီလို လွှင့်ပစ်လိုက်တော့ လေပြန်ထိုးဖို့လည်းခက်သလို ဘားကျွတ်တိုင်ပြန်ရဖို့က အချိန်ကြာတယ်။ ထမင်းစားချိန်နဲ့ ကျောင်းကို အပြေး အလွှားပြန်လာဖို့လည်း အဆင်မပြေဖြစ်ကုန်ကြတာတွေ တွေ့ရတယ်။ ဘယ်သူ ဘယ်ဝါဆိုတာလည်း အတိအကျ မဖော်ထုတ်နိုင်လေတော့ အဲဒီကျောင်းသားတွေကို ဖမ်းမမိဘူး။ ဖမ်းမမိတော့ ပိုဆိုးလာတတ်တာ ပေါ့။ တခါတလေ သူများစားတဲ့ အစားအစာ၊ ထိုင်တဲ့ထိုင်ခုံ၊ လွယ်အိတ် စတာတွေထဲကို တစ်ခုခု ထည့်ကြတယ်။ ဖျက်ဆီးတတ်ကြတယ်။ ဖားကြောက်တတ်သူကို လွယ်အိတ်ထဲ ဖားထည့်ပေးတာမျိုးပေါ့။ အပျော်သဘောနဲ့ စတာ နောက်တာမျိုးမဟုတ်တော့ဘူး။ သူတစ်ပါးကို သက်သက်ဒုက္ခပေးရမှ ကျေနပ်တတ်တဲ့ လူတွေဖြစ်ကုန်ကြတယ်။ စတာ နောက်တာ ဆိုတာက ချစ်လို့ ပျော်ချင်လို့ဆိုတော့ လက်ခံလို့ ရကြပါတယ်။ ဒုက္ခပေးချင်တာကိုတော့ ဘယ်သူကမှ လက်ခံကြမှာမဟုတ်ဘူး။ ဘယ်သူလဲဆိုတာကို မသိကြ လို့သာ ငြိမ်ရင်ငြိမ်နေကြမှာပါ။ သိရင်တော့ အဲဒီကျောင်းသား တစ်ယောက်တည်းပဲဖြစ်ဖြစ် အုပ်စုနဲ့ပဲဖြစ်ဖြစ် ဆရာ ဆရာမတွေရဲ့ အရေးယူမှုကို ခံကြရမှာကတော့ သေချာပါတယ်။ ကျောင်းတက်နေတဲ့ ကျောင်းသားလေးတွေ တင်အဲဒီလိုလုပ်တာမှတ်နေတာ။ ဘယ်ဟုတ်ရမှာလဲဗျာ။ အချို့ဘွဲ့ရပြီးသားလူတွေတောင် အဲဒီလိုအလုပ် တွေကို လုပ်တာမြင်ရတယ်ဗျ။ သူတို့ကျတော့ဖျက်ဆီးတာတော့မဟုတ်ဘူး။ ကိုယ့်အတွက် အကျိုးရလာဒ်ကောင်းတစ်ခုခု ရသွားတာမျိုးလည်းမဟုတ်ပဲ ဘာကြောင့်များ ဖျက်ဆီးနောက်ပြောင်နေသလဲ ဆိုတာကို စဉ်းစားမရပါ။


03.png


ကျွန်တော်တို့ နိုင်ငံမှာလည်း နေရာအနှံ့မှာ ပျက်စီးနေတာတွေ မြင်နိုင်တယ်။ အဓိကအကျဆုံးနဲ့ အဆိုးရွားဆုံး ပျက်စီးနေတာကတော့ အကျင့်စာရိတ္တတွေပဲ။ ကုန်းကောက်စရာ မရှိလောက်အောင်ကို ဆိုးရွားနေတယ် ထင်ပါတယ်။ လူငယ် လူရွယ် ကြီးကြီးငယ်ငယ် အရွယ်စုံ အကျင့်စာရိတ္တတွေပျက်နေတာတော့ အသေအချာပဲ။ ကိုယ်တိုင်လည်း အကျင့်စာရိတ္တကောင်းတယ်လို့တော့ မထင်မှတ်ထားပါဘူး။ ဒါပေမယ့် ဆိုးရွားတဲ့ ပျက်စီးနေတဲ့အထဲတော့ မပါသေးဘူးလို့တော့ ထင်တာပဲ။ ကလေးအရွယ်ကနေ အသက်အရွယ်ကြီး ရင့်သွားတဲ့တိုင်အောင် အရွယ်စုံ ဆိုဒ်စုံ ပျက်စီးနေတာကို အလွယ်တကူ မြင်တွေ့နိုင်ရတယ်။ မကောင်းမှုလို့ သတ်မှတ်ထားတဲ့လုပ်ရပ်တွေကို ခုခေတ်မှာ ကောင်းမှုလို့များ ပြောင်းသတ်မှတ်ပြဌာန်းထားလေသလား။ မကြားမိသေးဘူးထင်ပါတယ်။ ဘီယာဆိုင်ထိုင်တာ(မိန်းကလေးကအစ)၊ တည်းခိုးခန်းထဲ လူကြီးများကိုယ်တိုင် မျက်နှာပြောင်ပြောင်ဝင်ရဲတာ(မိန်းကလေးများအပါအ၀င်)၊ သူတစ်ပါးပစ္စည်းခိုးယူတာတွေ၊ အခုခါ ခိုးတဲ့အဆင့် ပင်မဟုတ်တော့၊ ပစ္စည်းလု လူပါသတ်လုပ်နေကြတာက ဘာကြောင့်လဲလို့ စဉ်းစားစရာပါ။ ဆင်းရဲလို့ လုပ်တာလဲမဟုတ်၊ မိသားစုစားဝတ်နေရေးအတွက် လုပ်တာမဟုတ်၊ စီးပွားရေးအတွက်လုပ်နေကြတာ မဟုတ်တာ မြင်ရတယ်ဗျ။ အဓိကတရားခံကတော့ အသက်အရွယ်ငယ်ရွယ်တဲ့ လူငယ်လေးတွေအများစုက မူးယစ်ဆေးဝါးရဲ့ သားကောင်တွေဖြစ်နေကြတာပါပဲ။ မူးယစ်ဆေးစွဲနေကြတဲ့လူငယ်တွေနဲ့ ဘာကိုများတည် ဆောက်နိုင်မလဲဗျာ။ မူးယစ်ဆေးစွဲတာကလည်း နည်းမျိုးစုံဖြစ်နေတာပါပဲ။ အပြားတွေရော၊ အလုံးတွေပါ၊ အရည်မကျန်အကုန်လုပ်ပြီး မူးယစ်ဆေးတစ်ခါသုံးဖို့အရေး လူတောင်သတ်တဲ့အဆင့်ဖြစ်နေပါပြီ။ လူငယ်တွေ ပျက်စီးနေမှတော့ လူကြီးတွေကော ဘာတတ်မယ်ထင်သလဲ။ ဘာမှမတတ်နိုင်တော့ဘူး။ မျိုးဆက်သစ်က မူးယစ်ဆေးဝါးတွေ အလောင်းခံထားရမှတော့ ဘယ်လိုအညွှန့်လူနိုင်မှာလဲ။ အညွန့်မလူနိုင်တဲ့သစ်ပင်ကို ဘယ်လိုရေမျိုးတွေလောင်းပြီး မျိုးဆက်သစ်ခံယူနိုင်မလဲ။ ပျက်စီးနေတာတော့ အမှန်ပါပဲ။ ကိုယ်တိုင်အတွက် ကောင်းကျိုးရနေလေသလား ဆိုးကျိုးရနေလေသလား စဉ်းစားမရပါ။


04.png


မြန်မာစာ၊ မြန်မာစကားဆိုတဲ့အရာတွေလည်း ပျက်စီးလာခဲ့တာ နှစ်အတော်ကြာနေပါပြီ။ ပြန်လည် ပြုပြင်ဖို့နေနေသာသာ အမှား အမှန်တောင် သေချာမသိကြသေးတာတွေ အတော်များများ တွေ့လာနေရ ပါတယ်။ ၀မ်းနည်းစရာပါ။ ကျွန်တော်ကိုယ်တိုင်လည်း သေချာ မကွဲမပြားဖြစ်နေတဲ့ စကားလုံးတွေ အများအပြားရှိနေဆဲပါ။ အထားအသို မှန်ကန်ဖို့ဆိုတာထက် စာလုံးပေါင်းမှန်အောင်တောင် အတော်လေ့လာ နေရဆဲပဲဖြစ်ပါတယ်။ မြန်မာစကားပြေ၊ မြန်မာကဗျာ ကို အလွန်ချစ်မြတ်နိုးသူတစ်ယောက် တော့ဖြင့်မဟုတ်ပါ။ ကျောင်းနေအရွယ် ကျောင်းသားဘ၀ကပင် မြန်မာကဗျာကို သူများရွတ်ဆိုလျှင် သဘာကျ မိသော်လည်း ကိုယ်တိုင်ကဗျာဖတ်ရန် ကဗျာရွတ်ဆိုရန် အင်မတန်ပျင်းပါတယ်။ ထို့အတူ မြန်မာစကားပြေ၊ မြန်မာစာ စာစီစာကုံးတို့ကိုလည်း ကြိုက်နှစ်သက်သည် မဟုတ်ခဲ့။ သို့သော် ကိုယ်တိုင်က စိတ်ဝင်စားခြင်း မရှိသော်လည်း စာပေ၊ ကဗျာတို့အား ဖျက်ဆီးရန်လည်း ဆန္ဒမရှိပါ။ တတ်နိုင်သမျှတော့ ထိန်းသိမ်းပါသည်။ အခု Steemit Platform မှာ စာတွေရေး တင်တော့လည်း စာရေးဆရာမဟုတ်ပေမယ့် စာလုံးပေါင်းသတ်ပုံ အမှားအယွင်း နည်းစေဖို့ ကိုယ်နားလည်သမျှတော့ ကြိုးစားရေးပါတယ်။ နားမလည်လို့ အမှားပါခဲ့ရင်လည်း ပြင်ပေးကြပါ။ မြန်မာစာ မြန်မာစကားတို့ကိုသာ မပျက်စီးစေလိုခြင်းမဟုတ်ပါ။ မြန်မာတို့၏ယဉ်ကျေးမှု၊ သဘာဝပတ်ဝန်းကျင်၊ ရေမြေတောတောင်သဘာဝများကိုလည်း မပျက်စီးစေလိုပါ။ သို့သော်လည်း မပျက်စီးစေလိုတိုင်း မပျက်စီးတော့ သည်မဟုတ်ပါ။ ဒီတော့လည်း တတ်စွမ်းသမျှလေးတော့ ထိန်းသိမ်းချင်ပါတယ်။ သဘာဝကပေးတဲ့ ပတ်ဝန်းကျင်ကတော့ တချို့ တချို့သော လူတွေအတွက် အကျိုးရှိသွားတယ်ဆိုတော့ ထားပါတော့လေ။ မြန်မာစာတွေ မြန်စကားတွေကို ဖျက်လို ဖျက်ဆီးလုပ်နေကြတာကကော ဘယ်သူတွေအတွက် ဘာအကျိုးရှိနေလို့လဲ ဆိုတာလေးကို မေးကြည့်ရင်း ရပ်နားလိုက်ပါတယ်။


ဒီစာရေးလို့မှ မပြီးခင်မှာပဲ ကြားလိုက်ရတာက အိမ်ကဆိုင်ကယ် မီးလုံးတစ်ဖက် အခွဲခံလိုက်ရတယ်လို့ သိလိုက်ရပါတယ်

နေရင်းထိုင်ရင်း တိုက်လည်း တိုင်ဆိုင်ပါ့။


ရေးသားသူ(Author) ___


stemit ansoe myanmar no word logo 2.png


@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community .jpg

5-Sept-2018 ဗုဒ္ဓဟူးနေ့(Wednesday)

Sort:  

ဘယ့်နက် မီးလုံးအခွဲခံရတေလား ဥစိုးရယ် ဒိုးခပါဘဲ😞

ဒီပို့စ်တင်တော့မှာ သိလို့များလားပဲ အကြားအမြင်တေများရနေကြလေသလား မသိပါဘူး ☺☺☺

ပြော​နေရင်းကို အိမ်​က ဆိုင်​ကယ်​ မီးလုံးခွဲ ခံလိုက်​ရတယ်​ ဆို​တော့ 😁😁

အာ့ပြောထာဆို ဒီပို့စ်လေးတောင်မပီးသေးဘူး နတ်မျက်စိတွေများ ရနေလေသလားလို့ ☺☺☺

၁လုံးတည်း ခွဲသွားတာလား ကစိုး

ဟုပါ့ ညာဖက် မီးလုံးလေး

ဟုတ်​တယ်​...ခု​ခေတ်​လူငယ်​အချို့မူးယစ်​​ဆေးဝါးသား​ကောင်​ဖြစ်​​နေ​တော့အသိစိတ်​လည်း​ပျောက်​​နေကြပြီ....

မူးယစ်ဆေးဝါးသားကောင်ဖြစ်နေတော့အချိန်ကျလာရင် အသိဥာဏ်ကွယ်တော့တာပါပဲ

သောက်ရေအိုးစဉ်မှာစတီးခွက်ကိုသံကြိုးနဲ့ချိတ်ထားရသော
နိုင်ငံမှာကျွန်တော်တို့နေသည်

အသိကွယ်နေတော့ လုပ်သင့် မလုပ်သင့် မသိတော့ပါ ရေခွက်ကြိုးတန်းလန်နဲ့မြင်ရတာ အရုပ်ဆိုးပါ့

ဆရာက ​နောက်​ကျလိုက်​တာ

လူမပြည့်မှ လာထည့်တာဆိုတော့လဲ sorry ပါခင်ဗျ

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63294.77
ETH 2638.69
USDT 1.00
SBD 2.70