မနက်ဖြန်ဆိုရင် ကျွန်တော်သေမယ်။
ပြတင်းပေါက်ကတိုးထွက်လာတဲ့ မီးခိုးငွေ့လေးလိုပဲ တိမ်တွေဆီပြေးထွက်သွားလိုက်ရမလား။ ဒါမမဟုတ် စံပယ်ပန်းရနံ့လေးလိုပဲ လေနဲ့အတူ လိုက်ပါပျောက်ကွယ်လိုက်ရမလား။ ချစ်ခင်နှစ်သက်သောသူများနှင့် ကွေကွင်းရခြင်းဒုက္ခဆိုတဲ့ တိမ်တစ်အုပ်ဟာ အိမ်ရှေ့တံခါးမှာစောင့်လို့ အိမ်ရှေ့တံခါးဟာ သူ့ခရီးရဲ့အစပဲ။ ငှက်ကလေးတွေလို လူမသိ သူမသိသေလိုက်ရမယ့် ခရီးရဲ့အစ။ ခရီးရဲ့အစုံး။
အော်မကြားခေါ်မကြား အခန်းကျဉ်းထဲမျက်နှာကြက်နဲ့ ကြမ်းပြင်ကြား ပင့်ကူမျှင်တွေ တစ်လှုပ်လှုပ်။ အူနေတဲံနားထဲ ကြေးစည်သံတွေ တုန်ခါလို့ လက်ထဲမှာဆုပ်ကိုင်ထားတဲ့ အတိတ်ဆိုတဲ့အရာကို တဖြည်းဖြည်း လျှောချလိုက်တော့...။ လူငယ်ဘဝရဲ့ ရက်စွဲများနဲ့အတူ မိုက်မဲမှုများ။ ချစ်ခဲ့တဲ့ချစ်သူများနဲ့ မုန်းခဲ့တဲ့မုန်းသူများရဲ့ ရယ်သံများ၊ ကြယ်ရောင်ဆာတဲ့သီချင်း၊ ဂျင်းဘောင်းဘီအပြဲတစ်ထည်လို ဒဏ်ရာဒဏ်ချက်များ၊ မူးယစ်ရီဝေညများ၊ နီယွန်မီးလိုဒေါသ၊ ပန်းခြံထဲကရမ္မက်၊ အသစ်ရှာဖွေတွေ့ရှိချက်များ၊ မူးယစ်ဆေးဝါး၊ အသက်များ၊ ရယ်သံများ၊ ငိုသံများနဲ့ အမှောင်ထဲတိုးဝင်တဲ့ရထား... တဖြည်းဖြည်းမှေးမှိန်လို့ ငါ့စိတ်နဲ့ဝေးဝေးသွားတဲ့ အရိပ်များ... မေမေရဲ့ တည်ငြိမ်တဲ့ မျက်နှာလေးသာ မတည်ငြိမ်တဲ့ ငါ့စိတ် မှန်သားပြင်ပေါ် ထင်ကျန်နေခဲ့တဲ့ညနေ။
ငါချစ်ခဲ့တယ်။ ကမ္ဘာမြေကို ငါချစ်ခဲ့တယ်။ တုန်ခါနေတဲ့ ငါ့ဘယ်ဘက်ရင်အုံကို လက်နဲ့ဖိလို့ မေတ္တာတရားကို ယုံခဲ့တယ်။ အမှောင်ထဲ ပွင့်နေတဲ့ပန်းလေးတစ်ပွင့်ရဲ့ရနံ့ကို ကိုယ်ချင်းစာတယ်။ မိမွေးတိုင်းဖမွေးတိုင်း စိတ်နဲ့အရာရာကို ချစ်ခဲ့တယ်။ သံသရာကိုချစ်ခဲ့တယ်။ နံနက်ခင်းအရုဏ်အောက် ဆွမ်းခံကြွလာတဲ့ ရဟန်းတော်များနဲ့ ဂေါတမဗုဒ္ဓကိုချစ်ခဲ့တယ်။ ဒုက္ခကိုချစ်ခဲ့တယ်။ ဗေဒါပင်လေးကိုချစ်ခဲ့တယ်။ အမှန်တရားကိုချစ်ခဲ့တယ်။ ပိတောက်ပန်းတွေနဲ့ အဘွားကိုချစ်ခဲ့တယ်။ ငါ့ကိုယ်ငါချစ်ခဲ့တယ်။ ရည်းစားဟောင်းတွေကိုချစ်ခဲ့တယ်။ ဘယ်လိုပြောရမလဲ။ ဘယ်လိုပြောခဲ့ရမလဲ။ ငါချစ်ခဲ့တယ်ဆိုတဲ့အကြောင်း။ ငါချစ်တဲ့ ကမ္ဘာကြီးနဲ့ ငါချစ်တဲ့ ချစ်သူတွေသိအောင် ဘယ်လိုပြောပြခဲ့ရမလဲ။
တစ်စတစ်စ နာရီဆိုးများအောက်တိုးဝင်နေတဲ့ ဝိဥာဉ်။ ခန္ဓာကိုယ်ထဲ ဘာသာစကားတွေပျောက်ဆုံးလို့ ဆက်သွယ်မှုဧရိယာပြင်ပရောက်နေတဲ့ လူတစ်ယောက်ရဲ့ ရင်ထဲကစကား နတ်ဘုရားတွေကြားနိုင်ပါစေ။ ဒုက္ခနဲ့တစ်ခါတွေ့တိုင်း မိန်းမတစ်ယောက်ရဲ့ ရင်ခွင်ထဲတိုးဝင်မိတဲ့နေစွဲများ။ မနက်ဖြန်ဆို ကျွန်တော်သေမယ်။
ဘဝမှာ မလုပ်ဖူးတာဆိုလို့ မနက်ဖြန်သေမယ့် အလုပ်ပဲရှိမယ်ထင်တယ်။ ဟုတ်တယ်။ မနက်ဖြန်ဆို ကျွန်တော်သေမယ်။ မနက်ဖြန်မှာ ကျွန်တော်သေသွားခဲ့ရင် မည်သူမဆို လွတ်လပ်စွာ ငိုပိုင်ခွင့်ရှိသလို၊ မည်သူမဆို လွတ်လပ်စွာ ရယ်မောခွင့်ရှိရဲ့။ မည်သူမဆို လတ်လပ်စွာ ချီးမွမ်းခွင့်ရှိသလို မည်သူမဆို လွတ်လပ်စွာ ဆဲရေစခွင့်ရှိရဲ့။ တစ်ခုပဲ။ ကျွန်တော်ရဲ့ဈာပနကို စိတ်ပါမှသာ လာခဲ့ကြဖို့တစ်ခုပဲ။ တစ်ယောက်ဖြစ်စေ နှစ်ယောက်ဖြစ်စေ စိတ်ပါမှသာ လာခဲ့ကြပါ။ အစဉ်အလာဘောင်တွေကို ရိုက်ချိုးပစ်ပါ။ ဝတ္တရားတစ်ခုအနေနဲ့ မလာခဲ့ပါနဲ့။ ခင်ဗျားတို့အလုပ်ပျက်ရုံပဲ။ မနက်ဖြန်ဆို ကျွန်တော်သေမယ်။
ဘာမှပြင်ဆင်မထားဘူး။ ဘာမှမှီခိုမထားဘူး။ ဘာမှသယ်ယူမထားဘူး။ လွတ်လွတ်လပ်လပ်ပဲ ကျွန်တော်အသက်ရှူ နေတယ်။ လွတ်လွတ်လပ်လပ်ပဲ ကျွန်တော်တွေးနေတယ်။ ဟိုးအဝေး... တောင်တော်ပေါ်က မီးရောင်သဲ့သဲ့ကို လှမ်းမြင်နေရတယ်။ ဧရာဝတီမြစ်ကြီးရဲ့စီးသံ။ အများအကျိုးအတွက် အသက်စွန့်သွားကြတဲ့ သူရဲကောင်းတွေရဲ့အရိပ်တွေ၊ အသံတွေကိုမြင်နေရ ကြားနေရတယ်။ ကျွန်တော်ကတော့ အများအကျိုးအတွက်မဆိုထားနဲ့ ကိုယ့်မိသားစု အကျိုးအတွက်တောင် ဘာမှမလုပ်ပေးနိုင်တဲ့ လူတစ်ယောက်။ ဗာလာနံ ပေပေတေတေစီးဆင်းခဲ့တဲ့မြစ်တစ်စင်း၊ ကမ္ဘာကြီးကိုပူနွေးစေမဲ့ ကြွပ်ကြွပ်အိတ်တစ်လုံး။ ပတ်ဝန်းကျင်ကို နားငြီးစေမယ့် ဟဲဗီးရော့ခ်တစ်ပုဒ်။ လူ့ကျင့်ဝတ်တွေကို မလိုက်နာနိုင်ခဲ့တဲ့ စည်းအပြင်ကလူ။ ကိုယ်မှန်တယ်ထင်ရာ ပြေးစိုက်ပစ်လိုက်ဖို့ ဝန်မလေးတဲ့ ဓားမြှောင်တစ်ချောင်း။ အမှန်တရားအတွက် ဘယ်တော့မှသွေးမကြောင်သူ။ ငွေသံကြေးသံတွေကို ရွံမုန်းသူ။ ယုံကြည်ချက်မရှိ၊ ခံယူချက်မရှိတဲ့ သာပေါင်းညာစားတွေကို မီးပုံရှို့ချင်သူ။ ကျွန်တော်ရဲ့ လုအဖြစ်အပေါ်မှာတော့ ကျွန်တော်ဟာရိုးသားခဲ့တယ်။ ကျွန်တော်ရဲ့လူမျိုး ကျွန်တော်ရဲ့ တိုင်းပြည်အပေါ် ရိုးသားခဲ့တယ်။ ကျွန်တော်လုပ်နိုင်ခဲ့တာဒါပဲ။ ကျွန်တော်ပိုင်ဆိုင်သမျှဟာဒါပဲ။ ကမ္ဘာကြီးကို ပေးနိုင်ခဲ့တာဆိုလို့ ကဗျာတစ်ပုဒ်လို ရိုးသားမှုတစ်ခုတည်း။ သွေးရိုးသားရိုးအမှားတွေပဲ။
မနက်ဖြန်ဆိုရင် ကျွန်တော်သေမယ်။ လေနှင်ရာလွင့်ခဲ့တဲ့ တိမ်တစ်အုပ်လို မိုးကောင်းကင်ကြီးရဲ့ ခြေတော်ရင်းအရောက် အသက်ထက်ကြိုးမျှင်ကလေးလွင့်ပျံ့။ စကားဝါပင်လေးရဲ့ထံတော်ပါး။ နှင်းတစ်စလို မြေခဖို့ သံဝေဂသံတလွင်လွင်နဲ့လာခဲ့ပြီ။ လွမ်းစေတီနံဘေး သစ်ရွက်တွေကို ရှပ်ထိုးပြေးနေသလို ကန်ရေပြင်ရဲ့အလင်းနဲ့ လာခဲ့ပြီ။ မီးခိုလိုမသေခြာမှုနဲ့ ဒီဘဝကို ခဝါချဖို့ လှေကလေးတစ်စင်း ပိန်းပိတ်အမှောင်ထဲ တကျီကျီလှော်ခတ်လို့ မသေခြာမှုတစ်ခုဆီ သေချာဖို့လာခဲ့ပြီ။ တိမ်လိုလို လေလိုလို မီးတစ်စလိုလို ကဗျာဆရာလာခဲ့ပြီ။ ခရီးကိုအဆုံးသတ်ဖို့ ခရီးတစ်ခုဟာလာခဲ့ပြီ။
ဆွတ်ပျံ့ဖွယ်အလွမ်းအမောများနဲ့ မနက်ဖြန်ဆိုရင် ကျွန်တော်သေမယ်။ နားထောင်ပါ မနက်ဖြန်ဆိုရင် ကျွန်တော်သေမယ်။ မနက်ဖြန် ကျွန်တော်သေတဲ့အခါ ကျွန်တော်ပိုင်ဆိုင်သမျှ ဖျက်ဆီးလို့ရတဲ့ အရာမှန်သမျှ ကျွန်တော်နဲ့တစ်ပါတည်း ဖျောက်ဖျက်မီးရှို့ လို့ ကျွန်တော်ပိုင်ဆိုင်သမျှ ဖျက်ဆီးလို့မရတဲ့ အရာများကိုလည်း သူ့အတိုင်းထားလို့ ကျွန်တော်ခန္ဓာကိုယ်ရဲ့နဘေး သီချင်းတစ်ပုဒ်လွင့်ပျံ့နေပါစေ။ ချစ်ခြင်းမေတ္တာတရားတွေ သင်းပျံ့နေပါစေ။ ငိုသံများကို ကျွန်တော်ဝိဥာဉ်နဲ့ဝေးရာသို့ဖယ်ရှားလို့ ကဗျာတစ်ပုဒ်လိုပဲ ကျွန်တော်ကိုအဆုံးသတ်လိုက်ပါ။
နှုတ်ဆက်ခဲ့ရဲ့။ ကျွန်တော်အပေါ်တာဝန်ကျေပွန်ခဲ့သော၊ ကျွန်တော်က တာဝန်မကျေခဲ့သော နွေ၊ မိုး၊ ဆောင်းဥတုသုံးလီနဲ့ ကမ္ဘာမြေကြီးကိုနှုတ်ဆက်ခဲ့ရဲ့။ မေတ္တာတရားအကြောင်း သင်ပြပေးခဲ့တဲ့ အမေ့ကိုလည်း နှုတ်ဆက်ခဲ့ရဲ့။ ဘာသာစကားတွေမသုံးပဲ တို့နှစ်ယောက်သိပ်ချစ်ခဲ့ကြတဲ့ ချစ်သူလေးရဲ့ ကိုယ်သင်းရနံ့မွှေးညှင်းနုလေးများကိုလည်း နှုတ်ဆက်ခဲ့ရဲ့။ စိတ်တူကိုယ်တူ သူငယ်ချင်းများနဲ့ နေညိုချိန် ဘားကလေးကိုလည်း နှုတ်ဆက်ခဲ့ရဲ့။ ပြန်မလာတော့ဘူး။ စစ်ပွဲများနဲ့ ယမ်းငွေ့တဝေဝေ မြေကမ္ဘာဆီ ပြန်မလညတော့ဘူး။ မေတ္တာတရားကို မလေးစားသူတွေကြားထဲ ကျွန်တော်ပြန်မလာတော့ဘူး။ အပြီးအပိုင်ထွက်ခွာသွားတော့မယ်။ ကျွန်တော်သွားတော့မယ်။ နေခင်းကြောင်တောင်ကြီး ဗြုန်းကနဲ့ရွာချလိုက်တဲ့မိုးလို ကျွန်တော်သွားတော့မယ်။ လေထဲကဖယောင်းတိုင်လို့ ကောင်းကင်တံခါးကို ခေါက်ဖို့ကျွန်တော် သွားတော့မယ်။
ရုပ်ရှင်အနှေးပြကွက်တစ်ခုလို နောင်တတရားတွေ စိတ်ဖလင်ခွက်ပေါ့တစ်ကွက်ချင်း ကိုယ်ထင်ပြလို့ အမှောင်လိုလို ကြောင်လိုလို အော်သံများနဲ့ လေဟာပြင်တစ်ခု ငါ့ခန္ဓာကိုယ်ဆီ တရွေ့ရွေ့တွားတက်လာနေကြ။ လွှတစ်စင်းလို ငါ့အသက်ရှူသံဟာ အပြေးသမားတစ်ယောက်လို မြန်လာလိုက် အဆွေးသမားတစ်ယောက်လို နှေးသွားလိုက် လေးလံနေတဲ့ခန္ဓာကိုယ်ဟာ အမှောင်တစ်ခြမ်း၊ အလင်းတစ်ခြမ်းထဲ မလှုပ်မယှက် တိတ်တဆိတ်သေခြင်းဟာ ငိုက်မျည်းလို့။ ငါ့ရဲ့နောက်ဆုံးထွက်သက်ကိုစောင့်ဆိုင်းနေတဲ့ ပြတင်းတံခါးလေးဟာလည်း ကျွီကျွီမြည်လို့။ ငါ့ဝိဥာဉ်အလွယ်တကူ ထွက်ခွာသွားလို့ရအောင် အသင့်အနေအထားနဲ့ ငြီးငွေ့ကျီးအာသံတွေလို ဝေဒနာတွေဟာ နေရာကွက်ကြား။
သိနေသေးတယ်။ တဖျစ်ဖျစ်မည်နေတဲ့ရေခဲတုံးလေးတစ်တုံး ဖန်ခွက်ထဲအော်မြည်နေသလို ငါအသက်ရှူနေတယ်ဆိုတာကို သိနေသေးတဲ့ စိတ်ကလေးတစ်ခုရှိနေသေးတယ်။ ငါ့စိတ်တွေဟာသွားနေကြသေးတယ်။ ညို့ညို့ဆိုင်းဆိုင်းတောအုပ်ကလေးရဲ့ဘေး စမ်းချောင်းလေးတစ်ခုဆီ၊ လူတွေပြည့်ကျပ်နေတဲ့မြို့လည်ကောင်ဆီ၊ အဖြူရောင်သင်္ချိုင်းတစ်ခုဆီ ရွှေဝါရောင်ဝတ်ကျောင်းတစ်ခုဆီ၊ ဖျက်ခနဲ လက်ခနဲလေထဲလွင့်နေရတဲ့ မီးတစ်စလိုလို၊ ပိန်းကြာရွက်ပေါ်တင်နေခဲ့တဲ့ရေတစ်စက်လိုလို အေးသွားလိုက် ပူလာလိုက်၊ မှောင်သွားလိုက် လင်းလာလိုက်၊ ပူရှိန်းရှိန်းရနံ့တစ်ခုဟာ တုန်ခါမှုတစ်ခုလို လျော့ရဲနေတဲ့ ငါ့စိတ်မျက်နှာပြင်ပေါ်ဖြတ်သန်းလို့ သိတစ်ချက် မသိတစ်ချက် နားထဲလေတွေ အော်မြည်နေတဲ့အသံ။ အင်ဂျင်စက်သံ၊ ရေတံခွန်စီးသံ၊ ဂစ်တာတီးသံ၊ ဝတ်ပြုဆုတောင်းသံ၊ ကဗျာရွတ်သံ အသံတွေ... "တီ" ကနဲမြည်းသံနဲ့အတူ အားလုံးပျောက်ကွယ်သွား။
ည။
လူတစ်ယောက်လိုနေပြီ လူတစ်ယောက်လိုသေဆံးသွားရမယ့် လူတစ်ယောက်၊ ကဗျာတစ်ပုဒ်လို စတင်ပြီး ကဗျာတစ်ပုဒ်လို ပြီးဆုံးသွားမယ့် ကဗျာတစ်ပုဒ်။ စကားဝါပင်လေးတစ်ပင်၊ မပြီးဆုံးသေးသောတေးတစ်ပုဒ်၊ တရားမရသေးသော တောရကျောင်းငယ်။
မကျွတ်မလွတ်သေးတဲ့ အချစ်တွေနဲ့ ညမွှေးပန်းပင်လေးအောက်က ရစ်ဝဲနေမယ့် တယောသံများ။ ကျွန်တော်မရှိတော့ပေမယ့် ကမ္ဘာမြေပြင်ရဲ့ နေဝင်ဆည်းဆာများ။အမှောင်နဲ့အတူ ပျောက်ဆုံးသွားရမယ့် နေစွဲများ။ လွမ်းဆွတ်ကြေကွဲရတာလောက် ဝမ်းနည်းစရာကောင်းတာ ဘာမှမရှိ။ ဒီကမ္ဘာမှာ... ဒီကဗျာဟာ လူအဖြစ်ကိုမတော်တဆ ရောက်လညခဲ့တဲ့ လူတစ်ယောက် ကမ္ဘာကြီးထဲ မတော်တဆပျောက်သွားခဲ့တဲ့အကြောင်း စာသားများမျှသာ။
မနက်ဖြန်ဆို ကျွန်တော်သေမယ်။
အတာဦး
မော်ဒန်ရေးနည်း
သင်ပေးပါ
ငှယ်
အသစ်လေး ပါ ကူညီပေးပါ upvoted
ဟုဟု
https://www.facebook.com/Myanmar-Steemit-Newbies-116871002276941/
အဲ့page ထဲဝင်ကြည့်ပါနော်
မထင်ထားဖူးတဲ့အတွေးလေးတွေနဲ့ရေးထားတော့ မိုက်တယ် အကိုရေ …
ကျေးဇူးပါ
ရိုးသားမှုအပြည့်နဲ့ ဖွဲ့သီထားတဲ့ကဗျာတစ်ပုဒ်လို့ ထင်မိပါတယ်။ ရသ နဲ့ သံဝေဂတစ်ပြိုင်တည်း ရရှိခံစားလိုက်ရပါတယ်။
ကျေးဇူးပါ
Good post bro
Thank you
မော်ဒန်လား ဆရာ
ဟု
wallet ထဲ sbd များလား ဂျီမေး ဖုန်းနံဘတ် စတီးမစ်အကောင့် ပတ်ဝတ်လေး ဒီနေ့ည ၁၂ မတိုင်ခင် လွှဲ ပေးထားပါနော် ချိတ်မကောင်းဘူး ဟီး ရွှတ် လွှဲဖစ်အောင်လွှဲနော် ရွှတ်
😂😂😂
Congratulations @ahtaroo! You have completed some achievement on Steemit and have been rewarded with new badge(s) :
Award for the number of posts published
Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOP
Thank you
Good post
Thank you
မသေနက်အူး
ဈာပနကိုလာဖို့
ဒီမှာ အားသေးဘူးဂျ 😁😁😁😅😅😄😄
သေတော့ဘူး😁😁😁