ယိုးဒယားရွှေ
မှုံစိတ်ညစ်တာအဲ့ဒါပဲ။ မင်္ဂလာဆောင်တို့ဘာတို့ အရေးအကြောင်းပွဲလမ်းသဘင်ဆို မှုံ့မှာ ဝတ်စရာ လက်ဝတ်လက်စားဆို ဘာမှမရှိဘူး။ မမကြီးတို့ဆီကလည်း အမြဲတမ်းကျတော့ သွားမငှားချင်တော့ဘူး။ မျက်နှာပူစရာလေ။ ဆွဲကြိုးလေးတစ်ကုံးလောက်များရှိရင်ဖြင့် မမှုပေါင်တော်။ လယ်ကတုံးလေးပေါ်မှာ ထပ်ပြီးဆွဲသွားရုံပဲ။ လက်ကောက်ကလေးရှိရင်လည်း လက်စကအကျီ င်္လေးဝတ်ပြီး လက်ကောက်ကလေး ၄ကွင်းလောက် တချွင်ချွင် ဝတ်သွားလို့ရတာပဲ။ ခုတော့ ဘာမှမရှိ။
ဘာမှမရှိတော့ မှုံတို့လမ်းထိပ်က လက်ဝတ်ရတနာငှားဆိုင်ကိုပဲ အမြဲပြေးရတယ်။ ပွဲလမ်းသဘင်က ကြိုသိရင်တော့ လက်ဝတ်ရတနာငှားဖို့ ငွေစုချိန်ရသေးတယ်။ မနက်ဖြန်လုပ်မယ့်ပွဲ ဒီနေ့လာဖိတ်ရင်တော့ မှုံသေချင်စော်နံတော့တာပဲ။ မသေချင်ဘဲနေပါ့မလား။ ဆွဲကြိုးတကုံး လော့ကတ်တခု လက်ကောက်နှစ်ကွင်း လက်စွပ်တကွင်းပဲဆိုရင်တောင် ငှားခက ၅၀၀၀လာက်သွားတာ။ မှုံ့ဝင်ငွေက တနေ့မှ ၃၅၀၀ရတာရယ်။ ဒါတောင် ဟိုတလောက တိုးတောင်းထားလို့။ အရင်ကဆို ၃၀၀၀ပဲရတာ။ အဲ့ဒါကြောင့် မှုံဖြင့်လေ သာရေးထက် နာရေးတွေပဲ သွားချင်မိတော့တာ။ ထားပါတော့လေ။
ခုလည်း မနက်ဖြန်သူငယ်ချင်းမင်္ဂလာဆောင်သွားရမယ်။ မှုံ့ကိုလူရင်းမို့ နောက်ဆုံးမှဖိတ်သတဲ့လေ။ အောင်မလေးး ချုံးပွဲချသာငိုပစ်လိုက်ချင်တာပါပဲ။ ခုလို ငယ်သူငယ်ချင်းမင်္ဂလာဆောင်ဆိုတာ ငယ်ငယ်ကသူငယ်ချင်းတွေ အစုလိုက်အပုံလိုက်တွေ့ရမယ့်ပွဲ။ ရွှေရောင်စိန်ရောင် တလက်လက်နဲ့ ခေါင်းတခါခါ လက်တပြင်ပြင်ဖြစ်ကြမယ့်ပွဲ။ မှုံသိတယ်လေ။ ဟိုကောင်မလည်းလာမယ်ဆိုတာ။ ဟိုကောင်မဆိုတာ ငယ်သူငယ်ချင်းမို့ရင်းနှီးလို့သာခေါ်ရတာ။ တကယ်က သူကသူဌေးမကြီး။ ဟိတ်ကြီးဟန်ကြီးနဲ့ မာနတခွဲသားနေတာ။ သူငယ်ချင်းတွေက သူ့ကိုဆိုဖြုံတာရောရှိန်တာရော။ သူကလည်း ဘယ်သူ့မှ လူထင်တာမဟုတ်ဘူး။ စကားပြောလည်း ခပ်ပြတ်ပြတ်ပဲ ။ဒါပေမယ့် သူက မှုံ့ကိုတော့ ခင်ရှာပါတယ်။ တွေ့တိုင်း ဟဲ့ကောင်မ လကုန်ရင် ညည်းစုထားတဲ့ငွေနဲ့ ကျုပ်နဲနဲထပ်ဖြည့်ပေးမယ် လက်စွပ်လေးတစ်ကွင်းတော့လုပ်အေ့။ ဘာညာနဲ့ ပြောတတ်တာ။ သူဘယ်လောက်ပြောပြော မှုံက လကုန်တိုင်း ငွေစုဖို့နေနေသာသာ အတိုးနဲ့တောင်ငွေပြန်ချေးနေရသေးတာဆိုတော့ သူ့အကြံလည်းလိုက်မလုပ်ဖြစ်ပေါင်။ သူက ခနခနမေးလွန်းတော့ ဟဲ့ကောင်မရယ် ကျုပ်အခုဆို ဆွဲကြိုးလေးတော့ ခပ်ပါးပါးလုပ်ထားတယ်အေ့။ လက်စွပ်ကလေးတော့ လုပ်ထားတယ်အေ့ ပွဲနေပွဲထိုင်တော့ ဝတ်တာပေါ့အေ ဘာညာနဲ့ သူ့ကို ဟန်ကိုယ့်ဖို့ ပြန်ပြောနေကျ။ အဲ့လိုမှမပြောရင် သူက ကျောတောမောတောနဲ့ မှုံ့ကိုနှိမ်သလိုပြောမှာလေ။ တကယ်ကကိုယ့်ဝမ်းနာကိုယ်သာသိတာ။
ထားပါတော့လေ။ မနက်ဖြန် မင်္ဂလာဆောင်ကို ဒီကောင်မလည်း ကျိန်းသေကိုလာမှာပဲ။ မှုံ့မှာသာအပြောကြီးထားသမျှ ဒီကောင်မကို ဘယ်လိုမျက်နှာပြရမှန်းမသိတာ။ အချိန်ကလည်း မရှိတော့ဘူး။ လက်ဖွဲ့ကလည်းဝယ်ရအုံးမယ်။ တော်သေးတယ်။ ဟိုတလောကမှ မမကြီးက ဝတ်စုံတစ်စုံသူနဲ့မတော်လို့ ပေးထားတာအသစ်ကြီးရှိသေးလို့ ဝတ်စုံဖိုးတော့ စိတ်မညစ်ရတော့ဘူး။ မှုံ့လက်ထဲမှာ ငွေက ၈၀၀၀တောင်မပြည့်ဘူး။ စုထားတာကလည်း နေမကောင်းဖြစ်လိုက် ဆေးဝယ်လိုက်နဲ့ ကုန်တာပဲ။ ငယသူငယ်ချင်းဆိုတော့ ၅၀၀၀ဖိုးလောက်တော့ ဝယ်ပေးရမှာလေ။ ဒါတောင်နဲသေးတာ။ တကယ်ဆို တသောင်းဖိုးအနဲဆုံးဝယ်ပေးသင့်တာ။ မှုံ့မှာလည်း ၅၀၀၀ဆိုတာတောင် အနိုင်နိုင်ရယ်မဟုတ်လား။ ဟူးးးးးးလက်ဝတ်ရတနာလည်း ငှားရအုံးမယ်။ မှုံတော့ သေချင်တာပါပဲလေ။ ဘာပဲဖြစ်ဖြစ် ဆွဲကြိုးလေးတကုံးတည်းငှားမယ်ဆိုရင်တောင် ၁၅၀၀လောက်ကပေးရတာမဟုတ်လား။ မင်္ဂလာဆောင်သွားတဲ့ လမ်းစရိတ်နဲ့ဘာနဲ့ဆို မှုံတော့ရူးချင်တာပဲ။
နောက်ဆုံး ဖြစ်ချင်ရာဖြစ် လက်ဝတ်ရတနာမငှားဘဲဒီအတိုင်းပဲသွားဖို့ မှုံဆုံးဖြတ်လိုက်တယ်။ မတတ်နိုင်ဘူးလေ။ ပွဲမှာ ခနပဲနေပြီး ပြန်လာမယ်စိတ်ကူးထားတာပဲ။ ဘယ်သူ့ကိုမှ သိပ်မတွေ့ချင်ဘူးလေ။ ဖြစ်ချင်တော့မင်္ဂလာဆောင်ကို မှုံရောက်သွားတဲ့ အချိန်အစောကြီးမှာကို ဟိုကောင်မက ရောက်နှင့်နေပြီ။ သူ့ကိုမြင်တာနဲ့ မှုံဆိုတာ တကယ့်သဲမှုန်သေးသေးလေးလိုဖြစ်သွားတော့တာပဲ။ အားငယ်လိုက်ပါဘိခြင်း။ သိမ်ငယ်လိုက်ပါဘိခြင်း။ သူကဖြင့် လူကသာပိန်ပိန်ရယ်။ ဝတ်ထားတဲ့လက်ဝတ်ရတာနာတွေက ပြူးပြဲထွက်နေတာ။ အောင်မလေးးး လော့ကတ်ကြီးကလည်း နဲတာကြီးမဟုတ်ဘူး။ လက်ကောက်တွေဆိုတာလည်း ချွင်ချွင်တောင်အသံမထွက်နိုင်ဘူး။ လက်နှစ်ဖက်မှာပြည့်သိပ်နေတာ။ စိန်နဲ့ပတ္တမြားစက်ထားတဲ့လက်စွပ်ကြီးကလည်း အို့ဟိုးး လှလိုက်တာဆိုတာလေ။ သူ့တကိုယ်လုံးက သွားရည်ယိုစရာတွေချည်းပဲ။ မှုံလည်းမိန်းမသားပဲလေ။ လှချင်တာပေါ့။ ဝတ်ချင်တာပေါ့။ ဒါပေမယ့်လေ ………
မှုံရောက်ပြီးသိပ်မကြာဘူး။ သူငယ်ချင်းတချို့ရောက်လာတယ်။ သူတို့လည်း ဟိုကောင်မလောက်တော့ မများပေမယ့် ပြောင်လက် ပြိုးပြက်နေတာပါပဲ။ မှုံ့မှာသာ အရောင်မထွက်တာလေ။ ရှက်လည်းရှက် စိတ်လည်းကျဉ်းကြပ်နေတုန်း ဟိုကောင်မက အနားရောက်လာတယ်။ ဟဲ့မှုံ ညည်းအေ ကြိုးလေးဘာလေးတော့ ဝတ်ခဲ့ပေါ့အေ့။ လည်ပင်းဗလာကြီးနဲ့ မင်္ဂလာဆောင်လာရလား။ ဆိုတော့ မျက်နှာတောင် ဘယ်ထားရမှန်းမသိဘူး။ ရှက်လိုက်တာဆိုတာလေ။ မတတ်နိုင်ဘူးလေ။ မုသားလေးနှောပြီး ခပ်သောသောလေးပြန်ပြောရတာပဲ။ ဟဲ့ကောင်မရဲ့ ကျုပ်ပစ္စည်းတွေ အပေါင်ဆိုင်ရောက်နေတာဟဲ့။ ငွေနဲနဲကြပ်လို့ ခနထားထားရတာ ဆိုပြီး အရှက်ပြေပြောရတော့တာပဲ။အဲ့ဒီ့မှာပဲ မှုံအံ့သြတကြီးဖြစ်သွားစေမယ့်စကားတွေကို ဟိုကောင်မကတလက်စက်ပြောတော့တာပဲ။ သူပြောတာတွေများလွန်းလို့ မှုံခေါင်းတောင်မူးပါရဲ့။
သူပြောတာတွေကလေ……
ဟဲ့ကောင်မ ညည်းနှယ်အေ။ တုံးရန်ကောဟယ်။ ဒမှာကျန်း ကျုပ်ဝတ်ထားတာ လက်ကောက် အကွင်းနှစ်ဆယ်။ အဲ့ထဲမှာ အစစ်ဆိုလို့ နှစ်ကွင်းပဲပါတယ်။ ဒီဆွဲကြိုးကလည်း အတုပဲ။ လော့ကတ်ရော။ အိုအေ ရွှေအစစ်ဆိုလို့ ဒီနားကပ်နဲ့ လက်ကောက်နှစ်ကွင်းပဲရှိတာ။ကျန်တာအတုချည်းပဲလို့ သူပြောတော့ ဟယ်ကနဲ ဟာကနဲ မှုံ့မှာ မင်သက်ရတာဆိုတာ။ ဘယ်ထင်မတုန်း ။ ဒီကောင်မက သိပ်ဟိတ်ဟန်ကြီးတာမဟုတ်လား။ ဒီလိုအတုတွေ ဒီလောက်အများကြီးငှားတော့ ညည်းငှားခတွေ ဘယ်နည်းမတုန်းဆိုတော့လေ တဟားဟားနဲ့အော်ရယ်ပြီး တခါပွဲရှိတိုင်း တခါငှားရရင် အတုငှားဝတ်တာ လူသိတာပေါ့တဲ့။ အပြီးဝယ်ထားတာတဲ့။ ခုဆို ယိုးဒယားရွှေတွေများ ပေါလို့ဆိုပဲ။ လမ်းဘေးတောင်ချရောင်းနေတာ။ ဈေးတွေလည်း ချိုမှချိုတဲ့လေ။ ၂သောင်းဖိုးလောက်ဝယ်ထားရင် ၁၀ပွဲလောက်အသာလေးတက်လို့ရတယ်တဲ့။ အရောင်မှိန်သွားလည်း အငှားဆိုင်တွေက လက်ဝတ်ရတနာတွေလိုပဲ ပြန်စိမ်လို့ရသတဲ့။ ညည်းအစစ်တွေနဲ့တွဲဝတ်ပေါ့အေ လူမသိရဘူးပေါ့တဲ့။ အမလေးး အမလေးးးး မှုံဆိုတာ သူ့လေကျောမှာမျောပြီး အတုဆိုတာတောင် မျက်စိသွားရည် လက်သွားရည် နားသွားရည်တွေကျပြီး လကုန်ရင်တော့ ၂၀၀၀၀လောက်စုပြီး ယိုးဒယားရွှေတွေ သွားဝယ်မယ်လို့ စိတ်ပိုင်းဖြတ်လိုက်တော့တာပဲ။ ဟုတ်တယ်လေ။ ၁၀ပွဲဝတ်ရရင်တောင် တဆင်စာအပြည့် တပွဲနှစ်ထောင်နှုန်းနဲ့ဆို တန်မှတန်ပဲမဟုတ်လား။ ဝယ်မယ်ဝယ်မယ်။
နောက်လကစလို့ မှုံတစ်ယောက် ပွဲမျှော်တတ်လာတော့မယ်။ အရင်က ရှောင်ခဲ့သမျှ မင်္ဂလာဆောင်ပွဲတွေကိုလည်း ရဲရဲဝင့်ဝင့်တက်နိုင်တော့မယ်။ အဟင်းဟင်းးး ပြန်ရောင်းလို့မရတဲ့ရွှေတွေ ရှိတယ်မဟုတ်လား။ မသိမ်ငယ်တော့ဘူးပေါ့လေ။ ကိုယ်အတုဝတ်တာ ဘယ်သူသိတာမှတ်လို့။ အဲ့ ဟိုကောင်မတော့ သိမှာပေါ့လေ။ အိုကွယ် သူသိတာများ သိပါစေပေါ့။ သူလည်းကိုယ့်လိုပဲမဟုတ်လား။ နောက်ဆို မှုံတို့သူငယ်ချင်းနှစ်ယောက် အတူတူတောင်သွားဝယ်လို့ရသေးတာပဲ။ အင်းးးးးး ကျေးဇူးကြီးပေ ယိုးဒယားရွှေရေ့။
knowledge
You receive vote 100 % Vote From @sattpaing. Because You Tag msu. MSU is Myanmar Steemit User Group.
Good Luck
#msu
Msu 021
ယိုးဒယား ရွှေတုဟာ တော်ရုံတန်ရုံနဲ့ အရောင်မကျတာတော့ အမှန်ပဲ😁😁
Knowledge
This post have been received 100 % upvote from @htetlinnaung. Beacause your Tag is msu. MSU is Myanmar Steemit User Group.
Good Luck
#msu
MSU 042
msu 034
@zayyarwin