ဖြစ်အင်ရယ်ပြောမဆုံး

in #msu6 years ago (edited)

ပြောရရင် ခြေညှပ်ဖိနပ်ကစရမယ်။ ငယ်ငယ်ကတည်းက ခြေညှပ်ဖိနပ်စီးရင် ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှယုံကြည်မှုမရှိခဲ့ဘူး။ ဘယ်အချိန်ကျွတ်ထွက်မလဲ ဘယ်တော့ချော်လဲမလဲလို့ အမြဲရင်တထိတ်ထိတ်နဲ့စီးခဲ့ရတဲ့ဘဝ။
ကွင်းထိုးဖိနပ်ပဲ စီးရတာအဆင်ပြေတယ်။ ဘယ်သွားသွား ဘယ်လာလာ ကွင်းထိုးဖိနပ်နဲ့ဆို ပေါ့ပါးသွက်လက်လို့။ အဲ့လိုနဲ့ ခြေညှပ်ဖိနပ်မစီးခဲ့တာအတော့်ကိုကြာသွားပြီ။ ဘာပဲဖြစ်ဖြစ် ခြေညှပ်ဖိနပ်တွေကတော့ မြင်တိုင်းငေးတယ်။ သဘောကျတယ်။ သူများတွေခြေညှပ်ဖိနပ်လှလှလေးတွေ စီးထားတာမြင်ရင် လိုက်ငေးရတာအမော။ ပုံဆန်းလေးတွေများဆို မျက်လုံးကမခွာတမ်းကြည့်တာ။ ကိုယ်မှမစီးတတ်တော့လည်း ဘယ်တော့မှ ခြေညှပ်ဖိနပ်မဝယ်ဖြစ်ခဲ့ဘူး။ အခုတော့ ဒီခြေညှပ်ဖိနပ်ကြောင့် အခွက်ရှဲရတဲ့ဘဝ။

မနေ့က မုန့်ဟင်းခါးချက်ဖို့ဈေးဝယ်တော့ ဈေးကအပြန် လိုတာလေးတွေထပ်ဝယ်ဖို့ဆိုပြီး မားကတ်တခုထဲဝင်လိုက်သေးတယ်။ အထုတ်တွေနဲ့ကိုနော်။ ဝင်ပြီးဘာဘာညာညာဝယ်မယ်ပေါ့ ဆိုပြီး ဆွဲခြင်းတလုံးကောက်ယူလိုက်တယ်။ ဖြစ်ပုံက ဝတ်သွားတာက ( မိုးရွာရင် ရေစိုသက်သာအောင် ) ခြေသလုံးလောက်ရှိတဲ့ ဂါဝန် ။ ဖိနပ်က မိုးရွာမယ်မှန်းသိရက်နဲ့ ဂါဝန်တိုလေးနဲ့လိုက်ဖက်အာင်ဆိုပြီး ညီမလေးတယောက်လက်ဆောင်ပေးထားတဲ့ ကတ္တီပါနောက်မြင့်ခြေညှပ်ဖိနပ်လှလှလေး။ သူကိုယ်တိုင်စီးကွင့်တွေထိုး ပန်းတွေကပ်လုပ်ပေးထားတဲ့ ငွေမှင်ရောင်ကတ္တီပါခြေညှပ်လေး။ အဲ့ဒီ့မှာ ဘာဖြစ်သလဲဆိုတော့ ဈေးဝယ်ဖို့ဆိုပြီး ခြင်းအများကြီးထပ်ထားတဲ့ထဲက ခြင်းတလုံးကိုကုန်းပြီးဆွဲအမ ရှလောဆိုပြီး ဖိနပ်ကစလစ်ဖြစ်ပါလေရော။ မားကတ်ရဲ့ကြမ်းပြင်တွေကလည်း ရေတွေကိုပြောင်နေအောင်သုတ်ထားတဲ့ ကျောက်ပြားချောချောတွေဆိုတော့ ကိုယ့်မှာ ခြင်းကိုတောင်ထုတ်မရလိုက်ဘူး ဟန်ချက်ညီအောင်မနည်းထိန်းလိုက်ရတယ်။ ဖိနပ်ဆိုတာကလည်း ကတ္တီပါအချောသားလားမသိဘူး။ ခြေထောက်ထဲမှာ ပါတယ်လို့ကိုမထင်ရဘူး။ တချိန်လုံးချောထွက်နေတာဆိုတာ ခြေမကို ကုတ်ပြီး ဖိစီးခဲ့ရတာ။

အဲ့လိုနဲ့ ရှောထွက်သွားတဲ့ဖိနပ်ကိုပြန်စီး ဈေးခြင်းကို ဖြည်းဖြည်းချင်းဆွဲယူ ဖြည်းဖြည်းချင်းပြန်ထ။ အဲ့ဒီ့မှာ ဗျစ်ဆိုပြီးအသံကြားလို့ ရင်ထဲဒိန်းကနဲဖြစ်သွားတယ်။ ဂါဝန်ကွဲပြီလားပေါ့။ ဟူးးး တော်သေး ဂါဝန်ကဒူးနားမှာအကျပ်ဆိုတော့ ချုပ်ရိုးလေးနည်းနည်းပြေသွားတာ။ ကိစ္စမရှိဘူးဆိုပြီး ခြင်းဆွဲ အထုတ်တွေကိုကောင်တာမှာအပ်ပြီး ပတ်မယ်ပေါ့။ အဲ့ဒီ့မှာပဲ အမငီးးး ပြောရင်းနဲ့ငိုချင်တယ်။ တကယ်။ ခုနကချော်ထားတဲ့ဖိနပ်က လိမ်သွားတာထင်တယ်။ လမ်းလျှောက်ရတာအဆင်မပြေဘူး။ ဘာပဲဖြစ်ဖြစ် ထိန်းပြီးဖြည်းဖြည်းစီးမယ်ဆိုပြီး ဖြည်းဖြည်းလျှောက်လာလိုက်တယ်။ ကံများဆိုးချင်တော့ လိမ်နေတဲ့ဖိနပ်က အသီးအရွက်တန်းထဲရောက်လု ရောက်ခင်မှာပဲ ရွှီးကနဲချောပြီး လွင့်ထွက်သွားတယ်။ အဲ့မှာ ဂွမ်းတာပဲ။ ဆွဲခြင်းကတဖက် ကိုယ့်အိတ်ကတဖက် ဝရုန်းသုန်းကားနဲ့ ဖိနပ်လွင့်သွားတဲ့နေရာကို ခြေတဖက်ထော့ပြီးသွားလိုက်ရတယ်။ ဖိနပ်ကို ရင်တထိတ်ထိတ်နဲ့ ပြန်စီး။ ဘေးဘီကိုကြည့် ။ မသိမသာကွက်ကြည့်နေတဲ့လူတွေကို မျက်နှာပူပူနဲ့ပဲသွားဖြီးပြ။ ပြီးတော့ ခြင်းဆွဲပြီး ခပ်တည်တည်နဲ့ ပြန်လှည့်ထွက် ဈေးပြန်ဝယ်။ အဲ့ဒီ့မှာ ဘာထပ်ဖြစ်သလဲဆိုတော့ ဖိနပ်ကိုအသေအကျေထိန်းပြီးစီးနေရတော့ ခန္ဓာကိုယ်မှာ ဘာဖြစ်သွားသလဲ ဘာဖြစ်နေသလဲ သတိမထားမိလိုက်ဘူး။ ရင်တုန်တာ ရင်ခုန်တာလည်းမပျောက်သေးတော့ ဘယ်ဟာကိုမှ အာရုံမရနိုင်တာလည်းပါတာပေါ့လေ။ အဲ့လိုနဲ့ ဈေးဝယ်နေရင်းမှာ အနောက်ကနေ အမ အမဆိုတဲ့ ခေါ်သံကိုကြားလိုက်တော့ ဟင်ဆိုပြီးလှည့်ကြည့်လိုက်တယ်။ ကောင်မလေးတယောက်။ အမှန်က ကောင်မလေးနှစ်ယောက်။ တယောက်က ဟိုဖက်ကိုလှည့်ပြီး ငံပြာရည်ပုလင်းတွေကြည့်နေလို့ ကိုယ့်ကိုနောက်တယောက်ကပဲခေါ်တာ။ ဘာလဲဟင်ညီမဆိုတော့ ဟိုလေ ဟို အမဂါဝန်အောက်နား ပြဲနေတယ်တဲ့။ ဟိုက် ဂွမ်းတယ်ဆိုတာ အဲ့ဒါ။ တကယ်ကိုဂွမ်းတာပဲ။ ပိုဂွမ်းတာက ခုနက ဖိနပ်လွင့်ထွက်သွားချိန်မှာလည်း အဲ့ဒီ့ကောင်မလေးက ကိုယ့်ကိုမြင်ထားတယ်။ ပူလိုက်တဲ့မျက်နှာဆိုတာ ။ ရှက်လိုက်တဲ့စိတ်ဆိုတာ ခေါင်းတောင်မဖော်ရဲဘူး။ အောက်ငုံ့ပြီးအနောက်လှည့်ကြည့်လိုက်တော့ ဂါဝန်အောက်နားမှာ အတွန့်ဆက်ထားတဲ့နေရာက ချုပ်ရိုးကွဲထွက်သွားတာ။ ချုပ်ရိုးကအကုန်မကွဲဘဲ အနောက်ဘက်ကပဲ ကွဲထွက်တော့ အမြီးလိုတန်းလန်းတန်းလန်းနဲ့ ဖြစ်နေတာလေ။

အဲ့ဒီ့ညီမလေးကို ကျေးဇူးစကားပြောပြီး ဘာမှတောင်မဝယ်နိုင်တော့ဘဲ ဆွဲခြင်းထား အပ်ထားတဲ့အထုတ်တွေပြန်ရွေးပြီး မားကတ်ထဲကအမြန်ထွက်ခဲ့ရတယ်။ အပြန်လမ်းတလျှောက်လုံး ခွေးတစီစီဖြစ်မှာစိုးလို့ ကားငှားပြီးပြန်ခဲ့ရတဲ့ဘဝ။ ခြေညှပ်ဖိနပ်ကိုလည်းကြည့်ပြီး ဒေါသတွေထွက်တာဆိုတာ။ ကိုယ်နဲ့အဆင်မပြေတဲ့ဖိနပ်ကို ဒီနေ့ကျမှစီးခဲ့မိလေခြင်းဆိုပြီး ကိုယ့်ကိုယ်ကိုယ်လည်း ထုရိုက်ပစ်ချင်တာအရမ်း။ အဲ့သလိုအဲ့သလို။ ဖြစ်လိုက်မှဖြင့် အသဲနဲ့အသန် အကွဲနဲ့အကန်ချည်းပဲ။

စုမွန်သွယ်
msu 057

41008042_310146263093158_164272427373690880_n.jpg

Sort:  

ရေးတတ်ပ ဗျာ အဲ့ စာပုဒ် ကျနော် ရေးရင် သုံးကြောင်း အများဆုံးပဲ 😜

ကျနော်လည်း အရင်ကအဲ့လိုပဲ သုံးလေးကြောင်းနဲ့စရေးရင်း ရေးဖြစ်သွားတာ

ဒါပေမဲ့ ဝမ်းစာက တော့ ကွာတယ်လေ 👍

အဟီးးး

အဟီးး

အဟီး

ဟုတ်ပါ့။ ဖြစ်ပုံရယ်က ....

မပြော မပြောချင်ဘူး ဟီးး

ရေးတတ်​လိုက်​တာ

ဖြစ်​ပုံ ဆန်းတယ်​😀😀

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 60249.61
ETH 2321.35
USDT 1.00
SBD 2.51