စိတ်တစ္ဆေ (4) ဇာတ်သိမ်း

in #msu8 years ago

ဆရာ မီးငယ်ကိုသူအရင်ကတော့ ကြည့်ပဲကြည့်နေတာ။ အခုတော့ စကားတွေပြောတယ်။ ဘာတွေမှန်းတော့ အတိအကျမသိဘူး။ သူ့ကိုရင်းနှီးနေသလိုခံစားရတယ်။ သူ့ကိုမီးငယ်ကြောက်တယ်။ လာမပတ်သက်နဲ့လို့ပြောလည်း မရဘူး။ မီးငယ်ကိုမတွေ့ရရင် မနေနိုင်ဘူးထင်တယ်ဆရာ။ ဆရာပေးတဲ့ဆေးတွေလည်း သောက်တယ်။ အိပ်မပျော်မှာတော့ မစိုးရဘူးပေါ့။ ဒါပေမယ့်ဆရာရယ် အိပ်နေလည်းသူလာတာပဲ။ အိပ်မက်ထဲလည်းသူလာတာပဲ။ မီးငယ်သူ့ကိုမမြင်ချင်တော့ဘူး။ အခုလေ မီးငယ်တို့ အိမ်ပြောင်းနေတာပဲ။ အရင်အိမ်မှာမို့ဖြစ်တယ်ထင်တာ။ အခုအိမ်အသစ်မှာလည်း သူလိုက်လာတာပဲဆရာ။ မီးငယ်တယောက်တည်းမြင်ရတာမဟုတ်ဘူးနော်ဆရာ။ အရင်ကဆို ကိုအောင်ရော သူငယ်ချင်းတွေရော အကုန်ခံစားရတာ။ သူဘယ်သူလဲ မီးငယ်သိချင်လိုက်တာဆရာရယ်။ ဆရာ့ဆေးတွေကလည်း တနေ့ထက်တနေ့များလာပါလားဆရာရဲ့။ မီးငယ်ကို ရူးနေပြီလို့ထင်လို့လားဟင်။ မီးငယ်မရူးပါဘူးဆရာရဲ့။ မီးမီးငယ်လေ သူ့ကိုတကယ်ပဲမြင်ရတာပါဆရာ။ အိပ်မက်ထဲလည်းမြင်ရတာပဲ။ အပြင်မှာလည်း မြင်ရတာပဲ။ မီးငယ်တယောက်တည်းရှိနေချိန်ဆိုရင် မီးငယ်ဘေးမှာ လာလာထိုင်တတ်တယ်ဆရာ။ သူလာရင်မီးငယ်လေ ကြက်သီးတွေတဖြန်းဖြန်းထသွားရောဆရာရဲ့။ ဟင် အဲ့ဒါ မသိစိတ်အားကောင်းနေတာ ဟုတ်လားဆရာ။ ဘယ့်နှယ့်ဆရာရယ် မသိစိတ်အားကောင်းရင် ကျန်တဲ့လူတွေပါမြင်ရပါ့မလား။ အားလုံးခံစားရတာလေဆရာ။ သူတို့ကိုမေးကြည့်ပါလား။ သော့ဂလောက်ကြီးလှုပ်တာများဆရာရယ် ဆရာမြင်ရင်တောင် ကြောက်သွားမှာသိလား။ နောက်ပြီးလေ ရေတွေသူ့အလိုလိုပြုတ်ကျပြီး စန္ဒာ့တကိုယ်လုံးရွှဲသွားတာဆရာရဲ့။ နောက်တော့လေ ရေမွှေးပုလင်းလေ ဒါတွေ ခနခနမပြောချင်ပါဘူးဆရာရယ်။ မီးငယ်မရူးဘူးဆိုတာပြောပြရတာ။ အခုနောက်ပိုင်းလေ မီးငယ်သူ့ကိုစုံစမ်းတယ်သိလားဆရာ။ အရမ်းထူးဆန်းနေသလားဆရာရယ်။ အဟင်းဟင်းးးး သူ့ကိုမီးငယ်မြင်ဖူးတယ်လို့ ဆရာ့ကိုပြောတယ်မလားဆရာရဲ့။ သူ့ကိုလေ မီးးငယ်ရင်းနှီးနေပါတယ်လို့ ပြောတယ်မဟုတ်လားဆရာရဲ့။ အဲ့ဒါပေါ့။ ကြာတော့လည်း သူက မျက်နှာကိုအတိအကျပြရတော့တာပဲလေ။ ဘယ်သူထင်တုန်းဟင်ဆရာ။ မီးငယ်ဖြင့်လေ သူ့ကိုမြင်တော့ အရမ်းကိုအံ့သြသွားရတာသိရဲ့လားဆရာ။ သူကလေ သူက မီးငယ်ကို ဟိုးငယ်ငယ်ကျောင်းသူဘဝက အရမ်းချစ်တယ်လို့ပြောခဲ့တဲ့လူပေါ့ဆရာရဲ့။ သူကမီးငယ်ထက်အရင်အိမ်ထောင်ကျတာလေ။ အခုတော့ ကွဲသွားပြီပြောတာပဲ။ မီးငယ်မသိချင်ပါဘူးဆရာရယ်။ မီးငယ်မှာလည်း အိမ်ထောင်နဲ့လေ။ သူကမီးငယ်ဆီဘာကိစ္စကြောင့်ရောက်လာရတာလဲဆရာရယ်နော်။ သူ့မှာ အတောင်ပံလေးတွေရှိလို့လားဟင်။ ဒါမှမဟုတ် သူ့မှာ ကိုယ်ပျောက်စေတဲ့ဆေးများရှိလို့လားဟင်။ မီးငယ်သူ့ကိုမချစ်ခဲ့ပါဘူးဆရာရယ်။ မီးငယ်က ကိုအောင့်ကိုပဲချစ်တာ။ သူအဲ့ဒီ့လိုမီးငယ်ဆီ အမြဲလာနေတာလည်း ကိုအောင်က ဘယ်ကြိုက်ပါ့မလဲနော်။ ဘာမှတော့မပြောပါဘူး။ ဒီဆေးတွေ မသောက်ချင်တော့ပါဘူးဆရာရယ်။ နောက်ပြီးလေ မီးငယ်ဒီဆေးရုံကြီးမှာမနေချင်တော့ဘူး။ မီးငယ်အိမ်ပြန်ပါရစေနော်။ ဘေးခန်းက အဒေါ်ကြီးကလေ ညညဆို သီချင်းတွေအော်အော်ဆိုတာဆရာရဲ့။ ထမင်းတွေကလည်း ပျစ်ထွေးထွေးနဲ့ မီးငယ်မစားပါဘူး။ ဒီတခါကိုအောင်လာရင် ကိုအောင်နဲ့အတူမီးငယ်ပြန်ပါရစေဆရာရယ်နော်။ မီးငယ်မရူးပါဘူးဆရာရဲ့။ သူလား လာနေတုန်းပါပဲဆရာရယ်။ သူ့မိန်းမဆီလည်း မပြန်တော့ဘူးတဲ့။ မီးငယ်နားမှာ ဒီလိုလေးပဲ နေချင်တယ်တဲ့ဆရာ။ တကယ်တော့ သူကသိပ်သနားစရာကောင်းတာပါပဲဆရာရယ်။ ဘာမှလည်းမစားဘူး။ မီးငယ်စားတာပဲထိုင်ကြည့်နေတာ။ မီးငယ်လည်း သိပ်မစားနိုင်ပါဘူး။ အရင်ကတော့ သူ့ကိုကြောက်တာလေ။ အခုတော့လည်းမကြောက်တော့ပါဘူးဆရာရယ်။ သူက မီးငယ်နဲ့စကားတွေပြောချင်နေတာမဟုတ်လား။ ဘေးကုတင်ကအမကြီးကတောင် သူ့ကိုသိသွားပြီဆရာရဲ့။ မီးငယ်မိတ်ဆက်ပေးလိုက်တာပေါ့။ သူကပြောတယ်။သူ့ဆီမှာ မီးငယ်အတွက် ခြံအကျယ်ကြီးတခြံဝယ်ထားတယ်တဲ့။ ရေတံခွန်သေးသေးလေးတွေနဲ့ ပန်းခင်းတွေလည်းရှိတယ်တဲ့။ လျှောက်လမ်းလေးတွေကိုလည်း ရောင်စုံကျောက်စရစ်ခဲလေးတွေနဲ့ခင်းထားတာတဲ့။ ရွှေရောင်ငါးလေးတွေရှိတဲ့ ရေကန်လေးလည်းရှိတယ်တဲ့။ ညနေခင်းဆိုရင် အပင်ရိပ်အောက်မှာ အပန်ဖြေဖို့ ထိုင်ခုံလှလှလေးတွေလည်းရှိတယ်တဲ့။ မီးငယ်ပျင်းရင်ကစားဖို့ ကြောင်ဖြူလေးတွေ ခွေးဖြူလေးတွေလည်းရှိတယ်တဲ့လေ။ ကိုအောင့်ကိုရောခေါ်မယ်လေဆိုတော့ မီးငယ်တယောက်တည်းအတွက်ပါပဲတဲ့။ ဟင့်အင်းပါဆရာရယ်။ ကိုအောင်မပါဘဲ မီးငယ်ဘယ်လိုက်ပါ့မလဲနော်။ သူကမီးငယ်နဲ့ဘာဆိုင်တာမှတ်လို့။ ဒါပေမယ့်လေ သူပြောတဲ့နေရာလေးတော့ သွားကြည့်ချင်သား။ အဝေးကြီးမှာလို့ပြောတယ်ဆရာ။ ဆရာရောသိလား။ အဲ့ဒီ့နေရာကိုသွားရင် ရင်ထဲအသဲထဲက တလှပ်လှပ်နဲ့ ဆံပင်တွေလည်း တလွင့်လွင့်ဖြစ်နေတာတဲ့။ လေတွေလည်းအရမ်းတိုက်တယ်ဆိုပဲဆရာရယ်။ ဆရာရောမသွားချင်ဘူးလားဟင်။ တော်ပြီနော်ဆရာ။ ဒီဆေးတွေနောက်ဆိုမတိုက်နဲ့တော့ ။ ဒီတခါကိုအောင်လာရင် မီးငယ်လိုက်သွားတော့မှာ။ ဆရာ့ဆေးတွေမီးငယ်မသောက်တော့ဘူး။ မီးငယ်ကလေ အရင်ကသာသူ့ကိုကြောက်လို့ ဆရာ့ဆီကဆေးတွေသောက်ပြီး အိပ်ရတာဆရာရဲ့။ အခုတော့ သူ့ကိုမကြောက်တော့ပါဘူး။ ဘေးခုတင်က အမကြီးကပြောတယ်သိလား။ ဟိဟိ သူ့ကိုသဘောကျလို့တဲ့။ စကားပြောလည်းကောင်းတယ်ဆိုပဲဆရာရဲ့။ ဟင့်အင်းဟင့်အင်း မီးငယ်ကို အဲ့စက်တွေနဲ့မချုပ်နဲ့နော်ဆရာ။ မီးငယ်ကြောက်တယ်။ ဟုတ်ကဲ့ပါဆရာရဲ့။ အဲ့ဒါဆို မီးငယ်ဆေးပဲသောက်မယ်နော်။ ကိုအောင့်ကိုဖုန်းဆက်လေဆရာ။ မီးငယ်မရူးပါဘူးဆရာရဲ့။မစိုးရိမ်ပါနဲ့။ သူ့ကိုလည်း ပြောလိုက်ပြီးပြီ။ သူ့အိမ်လေးကို ခနတော့ အလည်လာမယ်လို့။ အပြီးတော့မနေချင်ပါဘူး။ ကိုအောင်မှမပါတာဆရာရယ်နော့။
ကိုအောင်ဒီနေ့မီးငယ်ကိုလာခေါ်သည်။ တပတ်တခါဆေးရုံပြန်လာပြရမည်ဖြစ်သည်။ သောက်ဆေးတွေအများကြီးပေးလိုက်သည်။ အိမ်ပြန်ရောက်တော့ စန္ဒာတို့အားလုံးကိုတွေ့ရသည်။ မီးငယ်ကိုပြုံးပြုံးရွှင်ရွှင်ကြိုဆိုနှုတ်ဆက်ကြသည်။ အိမ်မှာဘာမှမရှိတော့ဘူးဟုပြောကြသည်။ အိမ်ပုံစံကိုလည်းပြောင်းထားသည်။အပြင်အဆင်ဆန်းဆန်းတွေလုပ်ထားကြသည်။ ဆေးအသစ်ပြန်သုတ်ထားသည်။ မီးငယ်စိတ်ကြည်လင်လန်းဆန်းတာမြင်တော့ အားလုံးက ဝမ်းသာကြသည်။ ဒီအိမ်မှာ မနေဖြစ်တာ ဘယ်လောက်ကြာပြီလဲလို့ မီးငယ်ကမေးလိုက်တော့ ကိုအောင်က ပြုံးပြီးဖြေသည်။ ငါးလတဲ့။ အိုးးးငါးလတောင်ကြာပြီတဲ့လား။ မီးငယ်တအိမ်လုံးကိုမျက်လုံးဝေ့ကြည့်လိုက်သည်။ လွတ်လက်ပေါ့ပါးသလိုခံစားလိုက်ရသည်။ အဖြစ်ဆိုးတွေပြီးပြီ။ တကယ်ပင်ပြီးပြီ။ အလုပ်တွေပုံမှန်ပြန်လုပ်နိုင်ပြီမဟုတ်လား။ မီးငယ်ပျော်သည်။ သူ့ကိုလည်း ဘယ်တော့မှလိုက်မလာနဲ့ဟုပြောလိုက်ပြီးပြီ။ သူကတော့ နောက်ဆုံးအချိန်အထိ မီးငယ်အတွက်သူဝယ်ထားတဲ့ ခြံလေးကိုလိုက်လာဖို့ပြောသည်။ ကိုအောင်မှမပါရင် မီးငယ်မလိုက်ဘူးဟုပြောထားသည်။ သူနဲ့ဇာတ်လမ်းကပြီးပြီ။ ဆရာပေးလိုက်သောဆေးတွေပုံမှန်သောက်မည်။ ဆေးရုံရက်ချိန်းပုံမှန်သွားမည်။ သူငယ်ချင်းတွေနှင့်တပျော်တပါး စားကြသောက်ကြသည်။ သီချင်းတွေဆိုကြသည်။ မီးငယ်ပျော်သည်။ ကိုအောင်လည်း ပျော်နေသည်။ ဆေးသောက်ပြီး အိပ်ယာဝင်ကြသည်။ ကိုအောင်က မီးငယ်ကိုဖက်၍ ဖွဖွနမ်းသည်။ ' ကိုအောင်တို့နှစ်ယောက်မှာ စိတ်ညစ်စရာတွေမရှိတော့ဘူနော်မီးငယ် ' ။ မီးငယ်ပြုံးပြီး ကိုအောင်ရင်ခွင်ထဲမှာပင် အိပ်ပျော်သွားတော့သည်။
မီးငယ်ခြေဖဝါးကို လက်သဲစဖြင့် ဖွဖွကုတ်ခြစ်နေသော အထိအတွေ့ကြောင့် မီးငယ်နိုးသွားသည်။ ဟင် သူ။ သူ့မျက်ဝန်းတွေက စိုစွတ်လို့။ အားငယ်ဝမ်းနည်းနေသည်။ မီးငယ်ကို စူးစိုက်ကြည့်နေသည်။ အရင်လိုတော့ သူ့ကိုမကြောက်တော့။ ထထိုင်လိုက်သည်။ ကိုအောင့်ကိုလည်း မနှိုးချင်တော့။ သူ့ကိုတော့ အမြန်ပြန်ခိုင်းမှဖြစ်မည်။ သူက မပြန်ချင်ဟုပြောသည်။ မီးငယ်ဘေးမှာနေချင်သည်ဟုပြောသည်။ မဖြစ်နိုင်ပါ။ မီးငယ်မှာ ကိုအောင်ရှိသည်။ ကိုအောင်က မီးငယ်ဘေးမှာ သူရှိနေတာကို ကြည်ဖြူမှာမဟုတ်။ နောက်ပြီး မီးငယ်ကိုယ်တိုင်လည်း သဘောမကျ။ သို့သော် သူ့စကားတွေနားထောင်ရတာ စွဲဆောင်မှုတခုရှိသလိုခံစားရသည်။ သူပြောပြသော သူ့နေရပ်အကြောင်း သူ့ပတ်ဝန်းကျင်အကြောင်း သ့မိတ်ဆွေတွေ အကြောင်းစသဖြင့် နားထောင်လို့ကောင်းသည်။ သူ့ပတ်ဝန်းကျင်သည် မနာလိုဝန်တိုမှုတွေ မရှိ။ ပင်ပန်း ဆင်းရဲမှုတွေ မရှိ။ အပြုံးများဖြင့်အေးချမ်းသော အရပ်ဟု သူကပြောသည်။မီးငယ်လိုက်ကြည့်ချင်သည်။ လိုက်ကြည့်ချင်အောင်လည်း သူက စကားပြောကောင်းသည်။ သို့သော် သူက ကိုအောင့်ကိုတော့ မခေါ်ရဟုပြောသည်။ဒါကိုတော့ မီးငယ်လက်မခံနိုင်ပါ။ သူကတော့ပြောသည်။ခနဖြစ်ဖြစ်လိုက်ခဲ့ပြီး လိုက်လည်ပါဟု။ သူပြောသော မျက်စိတဆုံးကျယ်ပြန့်သည့် နှင်းဆီပန်းခင်းကြီးကိုတော့ မီးငယ်မြင်ချင်သည်။ ခနလိုက်ပြီးသူပြန်ပို့ပေးမှာလားလို့မေးတော့ မီးငယ်ပြန်ချင်တဲ့အချိန်သာပြောလို့ပြောသည်။ သနားစဖွယ်ခေါ်နေသော သူ့ကိုလည်းအားနာသည်။ မီးငယ်အတွက်တကူးတကစီစဉ်ပေးထားသော နေရာလေးကိုတော့ ခနဖြစ်ဖြစ် မီးငယ်လိုက်ကြည့်သင့်သည်မဟုတ်ပါလား။' ဒီညတော့ ခနလိုက်ခဲ့မယ်လေ။ ကိုအောင် မနိုးခင်ပြန်ပို့ပေးနော်။ ' ဆိုတော့ သူကပြုံးသည်။ မီးငယ်တကိုယ်လုံးမြောက်တက်သွားသည်။ အိုးးး သူတို့နယ်မြေ ဆိုတာကလည်း ဘယ်လိုတွေတုန်း။ ထူးဆန်းလှပါတကား။ တကယ်ပင် ဆံပင်တွေ လေထဲမှာတလွင့်လွင့်။ ရင်ထဲမှာ တလှပ်လှပ်။ ရင်ခုန်လှိုက်မောမှုထဲတွင် မီးငယ်အရာရာကိုမေ့သွားသည်။စိတ်ထဲမှာပျော်သလိုလို ကြောက်သလိုလို။ သာယာလိုက်ပါဘိ။ အေးချမ်းလိုက်ပါဘိ။ ကိုအောင့်ကိုလည်းသတိမရတော့။ အိမ်ကိုလည်းသတိမရတော့။ စန္ဒာတို့ ရီမြင့်တို့ အိုးး ဘယ်အရာကိုမျှသတိမရတော့။ နှင်းဆီရနံ့တို့မွှေးပျံ့လာသည်။ မီးငယ်မျက်စိကိုအသာအယာမှတ်လိုက်လေတော့သည်။
ကိုအောင်က မီးငယ်အလောင်းကိုနောက်ဆုံးပြင်ဆင်ပေးပြီးသည်နှင့်ရင်ဘတ်ပေါ်တွင် နှင်းဆီပန်းနီနီတပွင့်တင်ပေးသည်။ ခေါင်းတလားထဲတွင် လှချင်တိုင်းလှနေသောမီးငယ်ကို ကိုအောင်ကြည့်မဝဖြစ်နေသည်။ သူငယ်ချင်းများက ငိုကြွေးနေကြသည်။ ကိုအောင့်မျက်ဝန်းတွင်လည်း မျက်ရည်တို့ဖြင့် စိုစွတ်လို့။ မီးငယ်အလောင်းကို လမ်းထိပ်က ချောင်းကူးတံတားအောက်မှပြန်တွေ့သည်။ ချောင်းကူးတံတားဆိုပေမယ့် ရေကျချိန်ကျလျှင် တော်တော်မြင့်သည်။ရေတက်ချိန်ကျမှာသာ ရေကိုမြင်ရ၍နိမ့်သယောင်ထင်ရသည်။ ပြောရလျှင် ချောက်ကြီးတခုလိုဖြစ်သည်။ မီးငယ်ကို ကိုအောင်မျက်ခြေမပျက်သတိထားစောင့်ကြည့်နေသည့်ကြားမှပင် ဘယ်အချိန်အိမ်ကထွက်သွားမှန်မသိလိုက်ဖြစ်သွားသည်။ ကိုအောင်သူ့ကိုသူခွင့်မလွှတ်နိုင်ပေ။ ကိုအောင်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားချိန်တွင် မီးငယ်အိမ်အပြင်ထွက်သွားခြင်းဖြစ်သည်။ ထို့နောက် တံတားပေါ်မှခုန်ချခြင်းဖြစ်သည်။ ဆရာဝန်က မီးငယ်အခြေအနေပြန်ကောင်းပြီး တည်ငြိမ်လာပြီဟုပြောသဖြင့် ကိုအောင်အိမ်ပြန်ခေါ်ခဲ့ခြင်းဖြစ်သည်။ ထိုအတောအတွင်း မီးငယ်ပြောသော သူ့ငယ်ရည်းစားကျော်အောင့်အကြောင်းကိုလည်း စုံစမ်းဖြစ်သည်။ ကျော်အောင်သည် မီးငယ်ကိုမရသဖြင့် နောက်အမျိုးသမီးတယောက်နှင့်အိမ်ထောင်ပြုလိုက်သည်။ နောက်တော့ အိမ်ထောင်ကွဲကာ ဆေးစွဲပြီး တံတားပေါ်မှပြုတ်ကျသေဆုံးခဲ့သည်။ ကိုအောင်တို့စုံစမ်းရသမျှဒါပဲဖြစ်သည်။ မီးငယ်သည် ကျော်အောင့်ကို မချစ်ဟုပြောသည်။ သို့သော် ကျော်အောင်ကတော့ မီးငယ်အပေါ်အရူးအမူးစွဲလမ်းခဲ့သည်ဟုပတ်ဝန်းကျင်ကပြောကြသည်။ ကိုအောင်နှင့်မီးငယ်အိမ်ထောင်ကျပြီးနောက်ပိုင်းတွင်လည်း ကျော်အောင့်အကြောင်းတစွန်းတစမျှမကြားခဲ့ရ။ အခုတော့ ကျော်အောင်သေဆုံးတာဖြင့် ကိုးလရှိပြီ။ ဘယ်လိုကနေဘယ်လို မီးငယ်နှင့်လာ ပတ်သက်မှန်း စဉ်းစားမရ။ ဆရာကတော့ပြောသည်။ ဒါတွေက စိတ်နယ်လွန်ဖြစ်ရပ်ဆန်းတွေပေါ့တဲ့။ မသိစိတ်က အရမ်းနိုးကြားလာတဲ့အခါ သေသွားတဲ့လူတွေနဲ့အဆက်အသွယ်တွေ ရှိသလိုဖြစ်လာမယ်။ အဲ့ဒီ့စိတ်ကို အချိန်မှီ မထိန်းနိုင်ရင် အကြားအမြင်ရသလိုတွေဖြစ်ပြီး နောက်ဆုံးစိတ်ဂယောင်ခြောက်ခြားတွေဖြစ်ပြီး သွက်သွက်ခါအောင် ရူးတတ်သတဲ့။ တကယ်တော့ မသိစိတ်ထဲမှာ နှစ်ရှည်လများ ကိန်းအောင်းထားခဲ့တဲ့အရာတွေက မသိစိတ်နိုးကြားလာတဲ့အခါ လူကိုပြန်ဒုက္ခပေးတော့တာပဲ။ အဲ့ဒါကို အချိန်မှီထိန်းနိုင်ရင် ဘာမှမဖြစ်ပါဘူးတဲ့လေ။ ကိုအောင့်အတွက်တော့ တသက်စာနောင်တတွေမြောက်များစွာနဲ့ ဘဝရှေ့ဆက်ရအုံးမည်။ ထိုညက ကိုအောင်သာ သတိလက်လွတ် အိပ်မနေခဲ့ဘူးဆိုပါက မီးငယ် ဒီလိုဖြစ်စရာ မရှိပေ။ နောင်တသည် သေရာပါခဲ့ပြီတကား။
မီးငယ်ရေ ဖြစ်လေရာဘဝမှာ စိတ်တစ္ဆေရဲ့ခြောက်လှန့်မှုတွေနဲ့ကင်းဝေးပါစေကွယ်။ အမျှ အမျှ အမျှ။

စုမွန်သွယ်
MSU - 57

Photo credit - http://rigorousintuition.ca

weekiwacheecolor2.jpg

Sort:  

Congratulations @sumonthwe! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

Do you like SteemitBoard's project? Then Vote for its witness and get one more award!

ဖြစ်​ရ​လေ....
အ​ရေးအသား​ကောင်းပါတယ်​..ဆွ​ဆောင်​နိုင်​စွမ်းရှိတယ်

Good post.
Your writing skill is good.

Good writing

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.101
BTC 65336.67
ETH 1929.23
USDT 1.00
SBD 0.39