လွှတ်

in #msu8 years ago (edited)

မလိုအပ်ပေမယ့် နှစ်သက်မြတ်နိုးစွာ နှစ်ရှည်လများ သိမ်းထားမိသော အမှိုက်များ ကျနော့်ထံတွင်ရှိသည်။ တချို့မှာမှိုတက်လျှက် တချို့မှာ မှိုတက်လုနီး။ အရင်လို ခန္ဓာကိုယ်လေးပြန်ဖြစ်မည် အထင်နှင့် သိမ်းထားမိသော အဝတ်အထည်များ၊ ကျောက်တတန်းပြုတ် ပန်းတပွင့်ပြုတ်တာတွေကို သိမ်ကြီးဈေးထဲသွား ပစ္စည်းဝယ်ပြီးပြန်ကပ် ပြန်တပ်မယ်လို့စဉ်းစားပြီး သိမ်းထားမိသော ဖိနပ်များ၊ ဘက်ထရီပြန်လဲရင် အကောင်းအတိုင်းသုံးလို့ရမှာပါဆိုပြီး ဘက်ထရီပြန်မထည့်ဖြစ်ဘဲသိမ်းထားမိသော ဓါတ်မီးများ ပန်ကာများ နာရီများ တခြားစက်ကရိယာများ ၊ ကဗျာတွေရေးထားသော ပြက္ခဒိန်အဟောင်းများ ၊ မှန်သေးသေးလေးများ ၊ ခဲသားဘောပင်များ၊ တရွက်စနှစ်ရွက်စရေးထားသော စာအုပ်အလွတ်များ၊ သူများကိုလက်ဆောင်ပေးရင် ပြန်ထည့်ပေးနိုင်ဖို့ ကိုယ့်တုန်းကလက်ဆောင်ရခဲ့သော ဘူးလှလှလေးများ ၊ အလွယ်တကူကိုင်တဲ့ လက်ကိုင်အိတ်တလုံးကလွဲရင် မက်မက်မောသိမ်းထားမိသော မကိုင်ဖြစ်တဲ့ လက်ကိုင်အိတ်အသေးများ၊ ပြန်သုံးလို့ရပါသေးတယ်ဆိုပြီး လွှင့်မပစ်ရက်တဲ့ ကလေးဆော့ထားသော အလှပြင်ပစ္စည်းများ များများများးးးးးး စသဖြင့် ကျနော့်မှာ အမှိုက်တွေစုပုံလာသလို ခံစားရသည်။ အိမ်တခါရှင်းတိုင်း နှမျောတသစွာပြန်လည်သိမ်းထားမိတတ်သော ပစ္စည်းများသည် နောက်တခါအိမ်ရှင်းသည့်အချိန်တွင် ပျက်စီးယိုယွင်းနေပေသည်။ ထိုအခါ ယူကြုံးမရစွာနှင့် လွှင့်ပစ်ရသည်ပင်။ တခါတလေ နှစ်ပေါင်းနှစ်ဆယ်လောက်က သိမ်းထားမိသော ပန်းခြောက်ကလေးများကိုလည်း တွေ့တတ်သည်။ ဆယ်နှစ်လောက်သိမ်းခဲ့သော ကျောင်းသုံးစက်ဝိုင်းပြားလေးများ ပေတံများကိုလည်း တွေ့ရတတ်သည်။ တကယ်တော့ ကိုယ့်အတွက်မလိုတော့ပါက လိုအပ်သူများကိုပေးပစ်ခဲ့ဖို့ကောင်းသည်။ သို့သော် ကျနော့်ပစ္စည်းလေးများသည် မည်သူ့အတွက်မှ လိုအပ်သည်ဟုမရှိခဲ့သောအခါ ကျနော့်စာအုပ်ဗီဒိုလေးအတွင်းမှာသာ တိတ်ဆိတ်စွာဝင်ပုန်းနေလေတော့သည်။ ကျနော်နဲ့အဆင်မပြေတော့သော အကျီ င်္အသစ်နီးပါးအကောင်းတွေကို ချို့တဲ့သူတွေကို ပေးသည်။ သို့သော် ကျနော်နဲ့အဆင်ပြေလာလိမ့်မည်ဟု ထင်မှတ်သောအဝတ်အထည်များကိုမူ နှစ်ပေါင်းများစွာ သိမ်းထားမိသည်။ တချို့အဝတ်အစားများဆိုလျှင် ကျနော်လုံးဝမဝတ်တော့တာ သေချာသော်လည်း မည်သူ့ကိုမျှပေးမပစ်ဘဲ ဗီဒိုအလေးခံပြီးသယ်ထားမိတတ်သည်။ စိတ်စွဲလမ်းမှုတခုပင်ဖြစ်လိမ့်မည်။

-တနေ့တော့ မလိုအပ်တာတွေ ရှင်းဖြစ်သည်။ သံယောစဉ်ဆိုသည်မှာ လွန်ခဲ့သောဆယ်နှစ်ကဝတ်ဆင်ခဲ့သော နားကပ်လှလှလေးအပေါ်မှာလည်း တွယ်တာလွန်းတာကိုခေါ်သည်။ ဈေးမကြီးပေမယ့် ဘယ်သူ့ဆီမှာမှ မတွေ့ရသောထိုနားကပ်လေးသည် ကျနော့်ထံမှ တိတ်တဆိတ်ပျောက်ကွယ်သွားဖူးသည်။ ဘာရယ်မဟုတ် ကျနော်စိတ်တိုမိသည်။ သိမ်းလာခဲ့သောသက်တမ်းအရ နားကပ်ကလေးအပေါ်တွင်နှောင်တွယ်မိသည်။ မမျှော်လင့်သောကာလတခုတွင် နားကပ်ကလေးကိုပြန်တွေ့သည်။ သို့သော် တစုံလုံးအဟုတ်။တဖက်တည်းသာပြန်တွေ့သည်။ ကျနော့်စိတ်ထဲတွင် တချိန်ချိန်နောက်တဖက်ပြန်တွေ့မည် ဟူသောမျှော်လင့်ချက်ကလေးဖြင့် ထိုတဖက်ကိုအသေအချာသိမ်းခဲ့သည်။ အချိန်အတော်ကြာကြာမှာတော့ ကျနော်မျှော်လင့်တဲ့အတိုင်း နားကပ်ကလေးတဖက်ကိုပြန်တွေ့ခဲ့သည်။ ထိုနေ့က ကျနော့်ရင်ထဲလှိုင်းကလေးတခုရိုက်ခက်သွားသည်။ ဘာရယ်မဟုတ် ပျော်မိသည်။ သို့သော် ထိုနားကပ်ကလေးသည် ကျောက်တလုံးပြုတ်ရက်သားဖြင့်သာ ကျနော့်လက်ထဲ ပြန်ရောက်ခွင့်ရသည်။ ကျနော်သိပ်ကြိုက်သော ခရမ်းရောင် စင်္ကြာပုံကျောက်နားကပ်ကလေးသည် ကျောက်ကလေးတလုံးပြုတ်လျှက် နောက်ပိတ်တဖက်ကျိုးလျှက် ကျနော့်လက်ထဲတွင် ပြန်လည်သိမ်းထားမိသည်။ ထိုသို့ပင်နှစ်များစွာကြာခဲ့ပြီ။

  • ထိုသို့ပင် ကျနော်ရှင်းလင်းရေးထပ်လုပ်မိပြန်သည်။ တကယ်ကိုပင်မလိုအပ်တော့သောအရာများကို လွှင့်ပစ်မည်ဟုစိတ်ကူးပြီး ရှင်းဖြစ်သည်။ တကယ်ပင် မလိုအပ်တော့ အမှိုက်များ အများအပြားတွေ့ရသည်။ သံယောစဉ်သည်တဖက်သက်ဖြစ်နေပါက ပူလောင်လှသည်။ ပိုဆိုးသည်က တဖက်က ချစ်ခြင်းမုန်းခြင်း စိုးစဉ်းမျှနားမလည်သော သက်မဲ့ဖြစ်နေပါက ပိုနာကျင်ရသည်။ ထို့ကြောင့် ကျနော့်နာကျင်မှုကို ကျနော်အသက်မသွင်းချင်တော့။ သေလက်စနဲ့သေပါစေ။ ကျနော်လွှင့်ပစ်တဲ့အထဲတွင် ကျနော့်အတွက် ပြန်လည်ပြင်ဆင်သုံးမရတော့သော၊ အသစ်တဖန်ပြန်လည်မဖြစ်ထွန်းတော့သော၊ အဟောင်းမှသည် အကောင်းမဖြစ်နိုင်တော့သော၊ ကျနော်နဲ့ အံလွဲနေတတ်သောအရာအားလုံးပါဝင်သည်။ သက်မဲ့များအပေါ်သံယောစဉ်ဖြစ်မိခြင်းသည် မိမိကိုယ်မိမိအမှိုက်ပုံထဲနှစ်နေသည်ဟု ခံစားမိလာသည်။ လေးလံလာသည်။ ထိုင်းမှိုင်းလာသည်။ ထိုသက်မဲ့ဆိုသောအရာများသည် သက်ရှိဆိုသောအရာများထက်ပင် ဝန်ထုတ်ဝန်ပိုဖြစ်လာသည်။

  • လွှတ်ချတတ်ဖို့သာလိုသည်။ စိတ္တဇနာမ်များကြီးစိုးလာသောအခါ လူတွေသည် ရူးကြောင်ကြောင်များဖြစ်လာကြသည်။ လက်တွေ့ဘဝနှင့်ခြားနားကုန်သည်။ ကျနော်လွှတ်ချတော့မည်။ လွှတ်ချတတ်ဖို့ လေ့ကျင့်မည်။ လွှတ်ချနိုင်ရန်ကြိုးစားမည်။ လွှတ်ချတတ်ဖို့သာလိုပါသည်။

#စုမွန်သွယ်
MSU - 057
pic credit
image

Sort:  

မှန်ပါသည်လွှတ်သင့်တာလွှရပါမည်

ဘဝအတွက်​မလိုအပ်​တာ​တွေရဲရဲကြီးလွှတ်​ချနိုင်​ပါ​စေဗျာ😊

လွှတ်နိုင်ဖို့ကြိုးစားရင်းနဲ့ပဲ အချိန်တွေကုန်လာတယ်

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.100
BTC 64942.32
ETH 1923.05
USDT 1.00
SBD 0.39