မျှော်လင့်ညနေ

in #msu8 years ago

ကွမ်းယာဆိုင်မှာ ချိတ်ဆွဲထားသော အုံးဆံမီးကိုရဲနေအောင်မှုတ်ရင်း .. စိတ်ထဲတော့ တနုံ့နုံ့ဖြစ်နေသည်။
ဒီရပ်ကွက် .. ဒီလမ်းထိပ်မှာ .. သူမ လာမည်ဆိုတာ သေချာပါလျှက် .. အခုထိအရိပ်အယောင်တောင်မမြင်ရသေး ..
လက်ထဲက ဆေးပေါ့လိပ်တိုကို .. အုံးဆံမီးနှင့်မီးညှိ ရှိုက်ဖွာပြီးသည့်အခါ .. ဖွားခနဲ လွှင့်သွားသည့် မီးစများအား လှသားပဲ ဆိုပြီး လိုက်ကြည့်မနေနိုင်ပါ။
ဝတ်လာသောပုဆိုးအသစ်ကို မထိမပေါက်စေရအောင် လက်ယမ်းခါထုတ်ရင်း သက်ပြင်းမောကို မီးခိုးငွေ့များနှင့်ရောယောင်မှုတ်ထုတ်ပစ်လိုက်သည်။ ..
ဟူးးးး ...
သူယောင်မယ်လေးများလား .. ကွယ် ..။

သူငယ်ချင်း တစ်သိုက်၏ အင်ဖော်မေးရှင်းပေးမှုအရ .. ဒီအချိန် .. ဒီထိပ်ဟာ ..
သူမ လာကိုလာရတော့မည့်အချိန်ဖြစ်သည်။
ညနေကတည်းက လေတချွန်ချွန်နှင့် ရေမိုးချိုးပြင်ဆင်နေသော ကိုယ့်ကို မေမေက မမြင်ဘူးသည့်အထူးအဆန်းသဖွယ် လိုက်ကြည့်နေသည်။
ဝတ်နေကျ ဖရိုဖရဲတွေ မဝတ်ပဲ အသစ်ကျပ်ချွတ်နီးပါးတွေ ချည်းပဲထုတ်ဝတ်နေသည့်အခါမှာတော့ ..
မေမေ မနေနိုင်တော့ပါ ..။
" မောင်မင်းကြီးသား .. ဘယ်လိုဖြစ်တာတုန်း "
မေမေ့၏ ဆိုလိုရင်းကိုသိပေမယ့် .. ခပ်ပြုံးပြုံးပဲနေလိုက်တယ် ..
" မေမေ့သား .. ရည်းစားရတော့မယ်ဗျ .. " ကိုယ့်စိတ်ထဲကပဲပြောလိုက်မိပါသည်။
ကိုယ်က တစ်ဖတ်သတ်ကြိုးစားဖို့ပြင်ခါစလေ ..
အပြီးသတ် .. ဆံပင်ကို နောက်ပြန်လှန်ဖြီးပြီးသည့်အချိန်မှာတော့ ... ကိုယ့်ရုပ်သွင်က ခပ်ဖြောင့်ဖြောင့်ကြီးဖြစ်နေခဲ့ပြီ။
အိမ်ခန်းနံရံမှာ ချိတ်ဆွဲထားသော နာရီရဲ့ အချိန်ညွှန်ပြမှုက ၆ နာရီမတ်တင်း ...
နိုးးးးးးး .. ဟိုး .. ဟိုး ...
မဖစ်ရပါ ..
ဒီပုံစံနဲ့ လမ်းလျှောက်သွားရင် သူမ ပြန်အလာကို မမှီပဲဖြစ်မည်မှာ ကျိန်းသေ ...
ဆိုက်က္ကားတစ်စင်းငှားစီးလို့ .. အင်ဖော်မေးရှင်းရထားသော ရပ်ကွက်ထိပ်ဆီသို့ ကိုယ်လာခဲ့သည်လေ ..
လေ လေးကတော့ တချွန်ချွန် ...။

စိတ်ထဲအစီအရီဖြစ်လာသော ကိုယ့်အဖြစ်တွေကိုကိုယ်ပြန်တွေးကြည့်ရင်း ပြုံးစိစိဖြစ်မိသည်ကတော့ အမှန် ..
တစ်သက်လုံး .. ဘာတစ်ခုမှ ဝိရီယ ရှိရှိမလုပ်ခဲ့ဘူးသောကိုယ်၏ ပရီပဲလ် များကိုတွေ့တော့ မေမေ့အတွက် အံ့သြဖွယ်ရာ ဖြစ်စေခဲ့သည် ..။
၂၅ နှစ်လုံး ကလေးတစ်ယောက်လို မေမေ၏ပြုစုစောင့်ရှောက်မှုဖြင့် ကြီးပြင်းလာရသော ဒီအတ္တဘောကြီးက
တစ်ကိုယ်ရေတစ်ကာယ အလုပ်များမှ လွဲ၍ မည့်သည့်အရာကိစ္စမှ ဖြစ်ဖြစ်မြောက်မြောက်မလုပ်တတ်ပါချေ ..
ရင်ခုန်တတ်စသော မြှီးကောင်ပေါက်အရွယ်များမှာ စာအုပ်ပုံထဲခေါင်းနှစ်ရင်း စိတ်ကူးယဉ်အချစ်များကိုသာ စိတ်ကူးဖြင့်ထိတွေ့ခဲ့ရသည်သာ ..
ခုလို လူပျိုဖားဖားဖြစ်လာသော အချိန်၌ မျက်မှန်တစ်လက်သာ မျက်နှာပေါ်နေရာပေးခဲ့ရသည်မှလွဲ၍ ရင်ခုန်ဘက်ကို .. ရှာမတွေ့နိုင်သေး ..။
ခုတော့ ..
ခုတော့ .. သူမ ကိုတွေ့ခဲ့ပြီ။
အချစ်ဝတ္ထုတွေထဲမှာသာ ကြိမ်ဖန်များစွာသိမှတ်ခဲ့ရသော ဇင်ယော်တောင်မျက်ခုံးမျိုး သူမမှာရှိသည်။
လေနှင့်အတူ အမြဲတမ်းလွှင့်မျောနေတတ်သော . ဆံနွယ်ရှည်တွေ ..
မျက်သားဖွေးဖွေးတွေအလယ်မှ မျက်ဆံနက်နက်အစုံ ..
အို .. သူမ လှသည် ..
တကယ်ကို လှပါသည်။

ရုတ်တရက်လွင့်ထွက်သွားသော အတွေးတွေကိုပြန်လည်စုစည်းမိချိန်မှာတော့ ညနေကအမှောင်ထုထဲ စုန်းစုန်းနစ်မြှုပ်သွားချေပြီ ... 
ဒီအချိန်ထိတော့ သူမ၏ အသွင်သဏ္ဍာန်၊ အရိပ်အယောင်ဟူသမျှ စိုးစဉ်းငယ်မျှ မတွေ့ ...
ဤ ပုံဆိုလျှင်တော့ သူမဒီနေ့ အဘယ်သို့သောလမ်းက ကြွမြန်းတော်မူသွားသည်မသိ။
ကိုယ့်မှာသာ လေလည်းမချွန်နိုင် .. စိတ်ကူးလည်းမယဉ်နိုင်တော့ပဲ ..
လာရာလမ်းကို .. မြန်းရတော့မည်ဖြစ်သည်။
ဆိုက္ကားလည်း ငှားမစီးနိုင်တော့ ...
ခပ်တောင့်တောင့်ဖြစ်နေသော ပုဆိုးကိုပြင်​ဝတ်​ကာ ...
ဆေးပေါ့လိပ်တိုမီးကို တံတွေးလေးစွတ်သတ်လို့ .. အိပ်ထောင်ထဲ အသာထည့်ထားလိုက်တယ် ...
ဟွင်း .. ဟွင်း .. ဆေးလိပ်မှာ အတို မိန်းမမှာ အပျိုမို့လား ... ။
ဒါ့ထက် အရမ်းမွှေးတဲ့သစ်ရွက်ခြောက်တွေက တန်ဖိုးကြီးလွန်းလှတယ်လေ ...။

နန်းကြိုး​ခွေ​လေး ရဲသည်​ဆိုရုံခန့်​သာလင်း​သော ၅၀ဝပ်​ မီးသီးအလင်း​ရောင်​​အောက်​မှာ ကိုယ့်​စာအိတ်​မိုးပြာ​ရောင်​​လေးက တဖိတ်​ဖတ်​​တောက်​ပ​နေသည်​။
ကိုယ်​​စိတ်​တိုင်းမကျတိုင်းလုံး​ချေထား​သောစာရွက်​လုံးများအလယ်​မှာ​တော့ ဤစာအိတ်​​လေးက ပီဘိ ​အောင်​နိုင်​သူစစ်​သူကြီးအလား ...
တစ်​သက်​လုံးဖတ်​မှတ်​ခဲ့ရ​သော စာအုပ်​စာ​ပေဝတ္ထု​တွေ၏အကျိုးနှင့်​ ဒီချစ်​သဝဏ်​လွှာ​လေးကို ​ကောင်းစွာအသက်​သွင်းနိုင်​ခဲ့သည်​။
မိုးပြာ​ရောင်​စာရွက်​​လေး​ပေါ်က စာလုံးများ ၊ အက္ခရာများ၊ ပါဒ များသည်​ ကိုယ်​၏အ​သွေးအသားများထဲက ရင်​ခုန်​စည်းချက်တန်​ပို များကို​ကောင်းစွာ​ဖော်​ကျူးနိုင်​​ပေရဲ့ ..။
ဒီစာကို ခင်​ထား ဖတ်​ပြီးရင်​မည်​သို့​နေမည်​​တော့မသိ ...။
ကိုယ်​က​တော့ ကိုယ့်​စာကိုယ်​ ပြန်​ပြီးအကြိမ်​ကြိမ်​ ​ကြွေ​နေမိသည်​။
သူမနာမည်​မှာ ခင်​ထား ဟု သိန်း​အောင်​ လာ​ပြောကတည်းက ကိုယ့်​မှာ ထားသီချင်းကို အ​သေစွတ်​ဖီးလ်​သည်​။
မိုးလင်းကတည်းက ထား ...
ထမင်းစားလည်း ထား ...
မေမေ့ကို ဝိုင်းကူရင်းလည်းထား ...
ရေချိုးလည်း ထား ...
ဘာလုပ်​လုပ်​ ထား ...
ယုတ်​စွအဆုံး ...
လေချွန်​လျှင်​​တောင်​မှ .... ထား ...။

Sort:  

ကျေးဇူးပါဗျာ

အားပေးနေပါတယ်

ဟုတ်ကဲ့ .. ကျေးဇူးပါ

Thank you bro

Coin Marketplace

STEEM 0.04
TRX 0.31
JST 0.087
BTC 58543.63
ETH 1568.89
USDT 1.00
SBD 0.38