ပုတီးကုန်း မြို့လေး
ဒီတပတ်တော့ steemit အတွက် အသစ်မရေးနိုင်လို့ ခရီးသွားတုန်း ရေးမိတာလေး ပြန်တင်လိုက်ပါတယ်။
တစ်လမှာ ၁၅ ရက်လောက် အိပ်ရာနိုးတာနဲ့ ပထမဆုံးပြောတတ်တာက သူ့အိပ်မက်အကြောင်း။
တမနက်မှာတော့ သူပြောပြတဲ့အိပ်မက်က နေရာတစ်ခုအကြောင်း။ ကိုယ်စိတ်ဝင်စားသောအကြောင်းအရာ ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေ သူပြောရင်သေချာနာထောင်မှ ကြိုက်တတ်တာမို့ အိပ်ချင်နေပေမဲ့ သေချာနားထောင်နေတဲ့ပုံဖမ်းထားရတယ်။ ;) နားထောင်နေရင်း ဒီနေရာငါသိပါတယ် ဘယ်နေရာပါလိမ့်ဆိုတွေးတော့မှ သူ အိပ်မက်နဲ့ ရောက်ခဲ့တဲ့နေရာက ကိုယ်ငယ်စဉ်က ကြီးပြင်းခဲ့တဲ့ မြို့လေး။သူပြောပြီးတဲ့အထိ ဘာမှမပြောဘဲနားထောင်နေမိတယ်။ ဈေးနေရာ ၊ ဈေးထဲကဆိုင်ခန်းပုံစံတွေ၊ လမ်းအရောင် ၊ ဓမ္မာရုံ ၊ ကိုယ်မမွေးခင်ကထဲကရှိနေတဲ့ ရေတွင်းလေး၊ ဗိုလ်ရုံ ၊ ဘူတာနားကဈေးလေး အားလုံးက သူကိုယ်တိုင်ရောက်ဖူးတဲ့နေရာတစ်ခုလိုပဲ။ သူပြောပြီးမှ ဒီနေရာ ဟာ ကိုယ့်မွေးရပ်မြေလို့ပြောလို့ရတဲ့နေရာဆိုတော့သူလည်း တအံ့တသြဖြစ်လို့။ သူမရောက်ဖူးတဲ့နယ်မြေတစ်ခုကို အတိအကျအိပ်မက်တယ်ဆိုတာ စိတ်လှုပ်ရှားစရာပဲမလား။တစ်ရက်တော့ အဲ့နေရာကိုခေါ်သွားမယ်လို့ ရည်ရွယ်ထားမိတယ်။ ကိုယ်ကလည်းအဲ့ကိုမရောက်ခဲ့တာ နှစ်ပေါင်း ၂၀ ကျော်ခဲ့ပြီလေ။ ကြီးပြင်းခဲ့တဲ့မြို့ အုတ်ဖိုဟာ ရုပ်မွေးဖွား ချက်မြုတ်ရာ ဆိုရင် ဒီ ပုတီးကုန်းဟာ ကိုယ့်နာမ်မွေးဖွားရာမြေ။ အဖေဘက်က မျိုးရိုးစဉ်ဆက်နေခဲ့တာ။
မနေ့ကတော့ ရည်ရွယ်ထားတဲ့အတိုင်း ခေါ်သွားဖြစ်တယ်။ ထူးခြားတာက အသက် ၁၀ နှစ်လောက်ကထဲက အမေ အဖေ ညီမအားလုံးနဲ့တူတူခရီးမသွားဖူးတော့တာ အဲ့နေ့က တစ်မိသားစုလုံး တူတူခရီးထွက်ဖြစ်ကြတယ်။
သူ့အိပ်မက်ထဲကနေရာတွေကို အပြင်မှာ လက်တွေ့မြင်ရတဲ့ သူ့ကိုကြည့်ပြီး ကိုယ်လည်းစိတ်ကျေနပ်မိတယ်။ ဒီမြေဟာ ကိုယ်ငယ်ငယ်ကအတိုင်း အခြေနေကနေ သိပ်ပြီး ပြောင်းလဲမနေဘူးရယ်။ အရင်ကမြေနီလမ်းလေးတချို့ မရှိတော့တာရယ် လမ်းထဲက အချို့ သစ်သား အိမ်တစ်လုံးတစ်လေတိုက်အိမ်ဖြစ်သွားတာရယ်ကလွဲ ခုထိ အရင်တိုင်းပဲ။ ကိုယ် ငယ်ငယ်ကနေခဲ့တဲ့ အိမ်ကြီးဆို သေချာပြုပြင်မဲ့သူမရှိပေမဲ့ လွန်ခဲ့တဲ့နှစ်လေးဆယ်ကျော်ကအတိုင်း ခြံစည်းရိုးတောင် မပျက်စီးသေး။ အိမ်ရဲ့ ပန်းဆွဲတွေဟာ လွန်ခဲ့တဲ့ နှစ် ၆၀ ကျော်ကထဲက ခုထိရှိနေတုန်း။ ဈေးဟာတော့အရင်ကတော့ပိုစည်ကားလာလေရဲ့။ အသက် ၄၀ ဝန်းကျင် မတိမ်းမယိမ်းတွေအပါအဝင် အသက် ၇၀ ကျော် ၈၀ ကျော် ၉၀ ကျော် သက်ကြီးရွယ်အိုတွေကလည်း ခုချိန်ထိမြင်တာနဲ့မှတ်မိနေကြတုန်း အရင်ကလိုချစ်ခြင်းမေတ္တာတွေကိုယ့်အပေါ် ရှိနေတုန်းပါပဲ။ အသက်အတော်ရှည်ကြတယ်ဆိုရမယ်။
နိုင်ငံကျော်ဆရာတော်ကြီးမွေးတဲ့လမ်းက ကိုယ်ရိုက်ထားတဲ့ပုံထဲပါပေမဲ့ သူ့ကိုမွေးခဲ့တဲ့ အိမ်ကိုတော့မရိုက်ခဲ့ဖြစ်လိုက်ဘူး။ သူ့မယ်တော် နေခဲ့တဲ့ အိမ်လေးတော့ရိုက်ခဲ့ဖြစ်တယ်။ အိမ်ကတော့ ပိုင်ရှင်ပြောင်းတော့ အသစ်ပြန်ဆောက်လိုက်တဲ့အိမ်ဖြစ်သွားပြီပေါ့။
ပျူ နယ်ပါယ်ထဲပါဝင်တဲ့ ဒီဒေသလေးရဲ့မြေဆီမြေနှစ်တွေ ကနေ ကိုယ်ဖြစ်လာရလို့လားတော့မသိဘူး ဒီနယ်မြေဟာ ကိုယ့်အတွက်တော့ ထူးခြားတဲ့ စိတ်ခံစားချက်တွေ ပေးနိုင်တဲ့ နေရာ တစ်ခုပါပဲ။
KYAW THU RA
MSU - 056
![37565551_1297499090380262_6895693590001876992_n.jpg]
()
အပင်လေးတွေစိမ်းဖန်နေတာပဲ
ပုံလေးတွေတကယ်လှတယ်
နေချင်စရာလေး💟✅
Good bro