ဘယ်​သူကူလို့ ကယ်​ပါ့မယ်

in #msu6 years ago

ဘယ်သူ ကူလို့ ကယ်ပါ့မယ်

စိမ်းညို့သော ပတ်ဝန်းကျင်တွေ၏ အလယ်မှ မီးခိုးတွေ တလူလူ က ကောင်းကင်ထက်သို့ ညှိုမှိုင်း တွန့်လိမ်လျက် ပျံတက်နေကြ၏..

အသားစားငှက်တချို့ အနီးရှိ သစ်ပင်ကြီးများဆီမှ စူးစိုက်ကြည့်နေကြသည်..

တိတ်ဆိတ်ခြင်းတွေထဲတွင် အသည်းအေး ကြက်သီးဖြန်းလောက်ဖွယ် တိတ်ဆိတ်မှုသည် သာယာနာပျော်ဖွယ် မကောင်းပေ။

မီးကျွမ်းကာ အငုတ်တွေအလိုက်ကျန်နေသော အိမ်တိုင်များဆီမှ မီးခိုးများက တလူလူ အငွေ့ပျံနေကြဆဲ...အပျက်အစီးများကြားထဲမှ အရာဝတ္ထုတစ်ခု လှုပ်လှုပ်ရွရွ ဖြစ်လာ၏...
ဟိုစဉ်က ရေထည့်ဟန်တူသည့် ပုံးခွံစုတ်လေး လန်ကျသွားပြီး ပေတူးစုတ်ပြတ် နေသော ကလေးလေး တစ်ယောက် ထွက်လာခဲ့၏..

" အမေ့...."

နားလည်နိုင်စွမ်းမဲ့သော မျက်ဝန်းများဖြင့် ပတ်ဝန်းကျင်ကို ကြည့်ရင်း တစ်စုံတစ်ယောက်ကို ခေါ်နေလေသည်.။

" အမေ....အ...မေ့..."

တုန့်ပြန်သံမဲ့သော ခေါ်သံကို ကလေးလေး နားမလည်နိုင်။လက်ထဲတွင် ထွေးပိုက်ထားသော ကျောပိုးလျှင်ချည်ရသည့် တဘက်စရှည်ကြီးကို လုံးထွေးကိုင်ထားလျက် ဆက်ခေါ်၏။
သူ၏ ပတ်ဝန်းကျင်တွင် သူတစ်ယောက်သာ ရှိနေသည့် အဖြစ်သည် နားလည်ရန်ခက်ခဲနေသော အဖြေထုတ်ရန် ခက်ခဲနေသော အခြေအနေအဖြစ်ကို ကလေးလေး သိနေပုံရသည်။
ငိုမဲ့မဲ့ ဖြစ်လာပြီး ခြေလှမ်းတွေကို လှမ်းလိုက်သည်...ဘယ်အရပ်သို့ ဦးတည်ရမည်မှန်းတော့ သူ နားမလည်..
" အမေ့..."
တုန့်ပြန်သံမဲ့သော ခေါ်သံဖြင့်ပင် တဘက်စကို ကိုင်လျက် အပျက်အစီးတွေကြား လျှောက်သွားနေသည်။သူ ရှာဖွေသော သူသည် ဘယ်မှာ ရှိနေသလဲ သူမသိ။

မီးခိုးမှိုင်းများ ဖုန်များ အိုးမဲများဖြင့် တစ်ကိုယ်လုံး ပေလူးနေသည်ကြာထဲမှ မျက်နှာနုနုလေးထက်တွင် မျက်ရည်စီးကြောင်းများက ကလေး၏ ဝမ်းနည်း အားငယ်မှုကို ဖော်ကျူးနေကြသည်။

ကြာလာသောအခါ အသက်သုံးနှစ်ဝန်းကျင်အရွယ်ကလေးငယ်တစ်ယောက်၏ ပြုလုပ်နိုင်စွမ်းသော အရာ အဖြစ် ငိုကြွေးခြင်းသည်လည်း သူ့အား ပင်ပန်းနွမ်းလျစေခဲ့လေပြီ..။

ဆာလောင်မွတ်သိမ်ခြင်းများဖြင့် ခွန်အားတွေလည်း မဲ့လာနေပြီ ဖြစ်သည်။

အပျက်အစီးများကြားတွင် တဘက်စကို ပွေ့လျက် သွားနေရင်းမှ တုံးလုံး လဲနေသော သစ်တုံးတစ်တုံးအား ခွကျော်လိုက်သည်။သို့သော်..

" အမေ့..."
အာမေဋိတ်သံ ခပ်သဲ့သဲ့မှ လွှဲ၍ သူတွင် ငိုကြွေးဖို့ အားလည်းမရှိ မျက်ရည်တွေလည်း မရှိတော့...

သူ ထရပ်ဖို့ ကြိုးစားဆဲ အသံသေးသေးလေးတစ်ခု သူ့နားစည်ကို လာရိုက်ခတ်၏..

" အုဝဲ...အုဝဲ...."

လက်ထဲမှ လွှတ်ကျသွားသည့် တဘက်စကို လုံးထွေး ပွေ့ချီရင်း အသံကြားရာဆီသို့ ချဉ်းကပ်လာခဲ့သည်။
လူကြီးတစ်ဦးတစ်ယောက်ဆိုပါလျှင် မြင်ကွင်းသည် ချုံးပွဲချ ငိုကြွေးစေမည်လား မပြောတတ်..

မြေကျင်းတစ်ခု၏ အတွင်းဖက်ကျကျတွင် ကျောင်းလွယ်အိတ်တစ်လုံးကို ရင်တွင်ပိုက်လျက် ကျောင်းဝတ်စုံတစ်ထည်လုံး သွေးချင်းချင်း နီနေသော ကောင်လေးတစ်ယောက်၏သေက်မဲ့ခန္ဓာ။ကာင်လေး၏ ကျောင်းစာအုပ်အချို့သည် မြေပြင်တွင် ပြန့်ကျဲလျက် အချို့ စာရွက်များတွင် သွေးစက်တို့ စွန်းကွက်လျက် ရှိ၏။
ကောင်လေး၏ အနီးတွင် ပွလန် စုတ်ဖွားနေသော ဆံပင်များဖြင့် တစ်ကိုယ်လုံး ဒဏ်ရာ ဒက်ချက်များကြားမှ အနှီးလေးဖြင့် ထွေးထားသော နီတျာရဲ ကလေးလေးကို ခန္ဓာကိုယ်ဖြင့် ကွယ်ထားသော အမျိုးသမီးတစ်ယောက်၏ သက်မဲ့ ခန္ဓာ။
သွေးစွန်းနေသော အနှီးကြားမှ တွန့်လိမ့် အော်ငိုနေသော ကလေးလေးသည် အနှီးများပြေလျော့လျက် ရုန်းကန် တွန်းထိုးနေလေသည်။

အားလုံးကို ဆောင့်ကြောင့်ထိုင်ပြီး ကြည့်နေရင်းမှ ကလေးပေါက်စလေးအနားသို့ သူ တိုးကပ်သွားလိုက်သည်။ကလေးပေါက်စလေး၏ နှုတ်ခမ်း အသားနုနုလေးတွင် ပုရွက်ဆိတ် တစ်ကောင် ကိုက်နေသည်ကို သူ ဖယ်ရှားပေးလိုက်သည်။

တခဏ အငိုတိတ်သွားသော ကလေးပေါက်စလေးသည် သူ့ကို တစ်ချက်ကြည့်ပြီး ငိုကြွေးလိုက်သည်။ သူ့ရင်ခွင်ထဲ ပွေချီ့ထားသည့် တဘက်စကို နံဘေးမှာ ပုံချလိုက်ပြီး အမျိုးသမီးကြီးကို တွန်းလှန်လိုက်သည်။ကံကောင်းထောက်မစွာ တစောင်းအနေအထားတွင်ရပ်တန့်နေ၏။ ပြီးနောက် ကလေးလေးကို အမျိုးသမီး၏ အနားသို့ တွန်းရွေ့ပေးလိုက်သည်။ ကလေးငယ်လေးသည် မိခင်နို့အား အငမ်းမရစို့ လေသည်။

သူ ကလေးငယ်လေးကို ဆောင့်ကြောင့်ထိုင်ပြီး ကြည့်ရင်း တံတွေးကို မျို ချလိုက်လေသည်။

...............................

" အား.............."

သူမ၏ ဟစ်အော်သံသည် ပတ်ဝန်းကျင်တစ်ခုလုံး လွှမ်းမိုးသွားသည်။
ခြင်းကြားတစ်လုံးကို အဝတ်စဖြင့် ကျောပိုးအိတ်သဖွယ်ဖန်တီးကာ ကျောတွင် ပိုးလာခဲ့ အပိုးကို ဖြုတ်ချပစ်လိုက်သည်။ ဆီပုလင်းသည် ကျောက်ခဲဖြင့်ထိကာ ခွမ်းခနဲ ကျကွဲသွားသလို ကြက်သွန်ဥများသည်လည်း နေရာ အနှံ့သို့ ပြန့်ကျဲသွားလျက် တကွဲတပြား လှိမ့်ထွက်သွားကုန်သည်။

မြင်ကွင်းသည် ဖြေနိုင်ဖွယ်မရှိ ။ သူမ၏ အိမ်သည် မြေပြင်တွင် ဝပ်စင်းလျက် ။ သူမ၏ ရွာသည် ကြောက်မက်ဖွယ် တိတ်ဆိတ်လျက်။

မြို့ပေါ်တွင် ရိက္ခာများသွားဝယ်နေခဲ့သော သူမ၏ မိုင်နှစ်ကျော်ခရီးမှ အပြန် ကြိုဆိုပုံသည် နှလုံးသည်းခြေပျက်မျှ...

မြို့ပေါ်တွင် ညတုန်းက ဟိုဖက်မှာ တိုက်ပွဲ ဖြစ်တယ် ထင်တယ်လို့ ပြောကြတော့ ဖြစ်နေကျမို့ သူမ သိပ်ပြီး ဂရုမထားမိခဲ့..

အခုတော့ သူမအတွက် အရာရာသည် ပြိုကွဲပျက်စီးလျက်..သူ၏ နှလုံးသည်းခြေတို့သည်လည်း အစိတ်စိတ်အမွှာမွှာ ကွဲကြေပျက်စီးလျက်..

" သား...."
တုန်ယင်ချည့်နဲ့စွာ ခေါ်လိုက်သံအား သူမ၏ သားဖြစ်သူသည် ကြားနိုင်စွမ်းမရှိတော့။
ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး ရစရာ မရှိအောင် ကြေမွလျက် နားလည်နိုင်စွမ်းမဲ့သော မျက်ဝန်းတို့ဖြင့် ကောင်းကင်ကြီးကို ကြည့်နေသော သက်မဲ့ မျက်ဝန်းများကို သူမ မကြည့်ရက်နိုင်စွာပင် ခပ်ကြမ်းကြမ်း ပိတ်ပစ်လိုက်သည်။

" သား........."
အာခေါင်ခြစ် အော်လိုက်သံ၏ အဆုံးတွင် သူမ၏ မျက်ဝန်းတို့သည် ဘာကိုမှ မြင်ပုံမရတော့။ သူမသည် ချက်ချင်း တိတ်ဆိတ်ငြိမ်သက်သွားရာမှ သူမ၏ ရင်ခွင်ထဲမှ သားဖြစ်သူ၏ သက်မဲ့ ခန္ဓာ ကိုယ်အား မြေပြင်သို့ ပစ်ချပစ်လိုက်သည်။
ပြီးနောက် ဆတ်ခနဲ ထရပ်ကာ ချက်ချင်းပင် ပြန်ထိုင်ချ ပစ်လိုက်သည်။ သို့သော် ချက်ချင်းပင် ပြန်ထရပ်ကာ နှုတ်ဖျားက ဗလုံးဗထွေး အော်ဟစ်လျက် ထိုနေရာမှ ပြေးထွက်သွားလေသည်။

..................................................

တိတ်ဆိတ် ငြိမ်သက်နေသော တောလမ်းထဲတွင် အရာဝတ္ထုတစ်ခုသည် တလှုပ်လှုပ် ရွေ့လျားနေ၏

အဝေးက ကြည့်ပါက သေးငယ်ပြီး တစ်ခုထဲဟု ထင်ရသော ထိုအရာဝတ္ထုသည် အနီးကပ်ကြည့်ပါက အရှေ့ဖက်တွက် နီတျာရဲ ကလေးသေးသေးကို ပွေ့ချီလျက် နောက်ကျောဖက်တွင် ညစ်ပတ်ပေရေနေသော မျက်နှာ နုနုလေးထက်မှ မျက်ရည်စီးကြောင်းများဖြင့် အပူအပင်မဲ့ အိပ်ပျော်နေသော အသက်သုံး နှစ်ဝန်းကျင် ကလေးလေး တစ်ယောက်ပါ ပါသည်ကို တွေ့ရမည် ဖြစ်သည်။

ထို ကလေးနှစ်ဦးကို ပွေ့ချီထားသော အမျိုးသမီးကြီး၏ ပါးပြင်တွင် မျက်ရည်စများဖြင့် ဘဝတစ်ခုလုံးကုန်ဆုံးခြင်းများကို ကြုံတွေ့ခဲ့သော လတ်တလော အတိတ်ဖြင့် အနာဂတ်မျှော်လင့်ချက်မဲ့နေသော ၊လက်ရှိတွင်လည်း မည်သည့်အရာကိုမျှ မြင်ပုံမရသော မျက်ဝန်းများကို တွေ့နိုင်မည် ဖြစ်သည်။

သူမတို့သည် မည်သည့် အရပ်သို့ သွားနေပြီး မည်သည့်နေရာတွင် ခိုလှုံမည်ကို ကိုယ်တိုင်ပင် သိကြမည် မထင်။

သူမတို့၏ ခြေဦးတည့်ရာ အရပ်၏ တစ်နေရာတွင် ဟိုတုန်းကလို နောက်တစ်ကြိမ် ရယ်မောနိုင်ကြပါအုံးမည်လား...မပြောတတ်တော့......

( စက်မက်ဘေးမှ ကင်းဝေးပြီး ဘဝထိုထို ငြိမ်းကြပါစေ..)

I'm ATM. image
image
@ayethatmon
MSU no 021
Photo..credit by google .

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by ayethatmon from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

အ​ရေးအသားမိုက်​တယ်

ကျေးဇူးပါ.ကြိုးစားပါအုံးမယ်

ဖိုက်တင်

Coin Marketplace

STEEM 0.20
TRX 0.16
JST 0.030
BTC 66331.68
ETH 2720.25
USDT 1.00
SBD 2.87