ငဘ (@aggamun)steemCreated with Sketch.

in #msu8 years ago

( ၁ )

ကျုပ် နာမည် မောင်ဘ။ အဖေက တော့ ငဘ လို့ပဲ ခေါ်လေ့ရှိတယ်ဗျ။ ကျုပ်နားထဲမှာတော့ ငအ လို့ပဲ ကြား ကြားနေတယ်။ ခေါ်လည်း ခေါ်ချင်စရာပဲလေ။ ကျုပ်ကိုယ်တိုင်က မှတ်ဥာဏ်မှမကောင်းတာ ။ ဘာကိုပဲဖြစ်ဖြစ် စိတ်ဝင်စားမှုကိုမရှိဘူး။ အထူးသဖြင့် ကျောင်းစာပေါ့ဗျာ။ ကျောင်းကစာတွေက အရမ်းခေါင်းရှုပ်တယ်ဗျာ။ စာကျက်ခိုင်းရင် ကျက်ကိုမကျက်ချင်ဘူး။ကျက်လည်း တစ်လုံးမှမဝင်ဘူး။ ဆရာမစာသင်တဲ့အချိန်ဆို ကျုပ်ကအိပ်နေတာပဲ။

ဒါပေမယ့် ကျုပ်စိတ်ဝင်စားတာတခုတော့ ရှိတယ်။ ကစားဖို့ လမ်းထိပ် ထွက်တိုင်းထွက်တိုင်း လမ်းထိပ်က ဆိုက္ကားဂိတ်မှာပဲ ကျုပ်တို့ကလေးတစ်သိုက် ကစားလေ့ရှိတယ်။အဲ့ဆိုက္ကားဂိတ်က အစ်ကိုကြီးဘတုတ်တို့ ဦးလေးသာချိုတို့ ဆိုက္ကားနင်းနေတာကို ဘယ်လိုသဘောကျလို့ ကျမှန်းမသိဘူး။ သူတို့ဆိုက္ကားခဏ နားတာနဲ့ကြုံတိုင်း လစ်တာနဲ့ ကျုပ် တက်ခွတော့တာပဲ။ ဆိုက္ကား ဆရာကြီး ပေါ့ဗျာ။

လမ်းကြုံတိုင်းလည်း သူတို့ဆိုက္ကားကို လိုက်လိုက်စီးတယ်။ လမ်းကောင်းရင် ကျုပ်က သူတို့နဲ့ နေရာလဲပြီး တက်နင်းလိုက်သေးတယ်။ နင်းလို့တော့ ညောင်းပေးမယ့် ပျော်စရာကြီးဗျ။ အစ်ကိုကြီးဘတုတ်တို့ ဦးလေးသာချို တို့ကတော့ ပြောတယ်ဗျ။ "ပင်ပန်းပါတယ်ကွာ။ ကိုယ့်ဘာသာ စာအေးဆေးကျက်စမ်းပါ။ ပညာတက်ကြီးဖြစ်တော့ သက်တောင့်သက်သာ နေကတာပေါ့" တဲ့။ကျုပ်ကတော့ ကလေးပီပီ "ဦးလေးတို့ကလည်းဗျာ ဆိုက္ကားနင်းရတာ ပျော်ဖို့ကောင်းတယ်ဗျ။ ပညာတက်ကြီးဖြစ်ရင် ပျော်ဖို့ကောင်းမကောင်း ကျွန်တော်မှမသိတာ။ " အဲ့ဒီအခါ သူတို့က "ဟေ…… မင်းဟာ နဲ့မင်းတော့ ဟုတ်နေပါလား" ဆိုပြီး တဟားဟားနဲ့ရယ်ကြတယ်လေ။

ဒီလောက်ဆို ကျုပ် အနေအထားကို သဘော ပေါက်လောက်ပြီထင်ပါတယ်။ အမေက ဘယ်လောက် ဗျင်းဗျင်း ကျုပ်ကလည်း ကျုပ်ပဲလေ။ ခေါင်းမာ ချက်ကတော့ သံခမောက်ဆောင်း ထားသလိုပဲ။ ဒါကို သဘော ပေါက်တဲ့ အဖေက ကျုပ်ကို ခေါ်ပြောတယ်။ ဟေ့ကောင် မင်း ဆိုက္ကားနင်းမလား။ ပညာ ဆက် သင်မလား တဲ့။ ကျုပ်ကတော့ ပျော်ပျော် ကြီးပဲ ရွေးလိုက်တာပေါ့။ မှတ်မိသေးတယ် အဲဒီ အချိန်တုန်းက ကျုပ်ကို ကြည့်နေတဲ့ အဖေတို့ အမေတို့ မျက်ဝန်းတွေကို လေ။ ကျုပ်ကို ဘယ်လိုချည်း ကြည့်နေတာလဲ မသိဘူးဗျာ။ ကျုပ်ကို တစ်ခါမှ အဲသလို မကြည့်ဖူးဘူး။ ဟို လေ ဘယ်လိုပြောရမလဲ အဓိပ္ပာယ် မဖော် တတ်ဘူးဗျ။

( ၂ )

ခုတော့ သိသာပြီဗျ။ ကျုပ် သိသွားပြီ။ သိ ဆို ဇနီး တစ်ယောက် သားတစ်ယောက်နဲ့ မိသားစု ဘဝကို ပိုင်ဆိုင် ထားနိုင်ပြီလေ။ ငဘ ကလည်း ဦးဘ ဖြစ်လာပြီဆိုတော့ အတွေ့အကြုံက စုံလာပြီ။ ဘယ်သူက ဘာဆိုတာ ကြည့် လိုက်တာနဲ့ သိပြီးသား။ ဆိုက္ကားနင်းတာနဲ့ပဲ မိသားစုကို ရှာကျွေးလာတာ ဆိုပေမယ့် ဇနီးကလည်း ဈေးရောင်းတော့ မပူ မပင် နေနိုင် ခဲ့ပါတယ်။ ဒါကြောင့် ချမ်းချမ်းသာသာ မနေခဲ့ရပေမဲ့ ပျော်ရွှင်ရတဲ့ မိသားစုလေး ဖြစ်ခဲ့ ရပါတယ်။

ဒါပေမဲ့ ဗျာ ပြီးပြည့်စုံတယ်ဆိုတာ ဘယ်ရှိပါ့မလဲ။ အကြောင်းကတော့ ဟိုကောင်ပေါ့။ ဟိုကောင်ဆိုတာ တခြားကောင် မဟုတ်ပါဘူး ကျုပ်သား ပဲ။ ဒီကောင်က ဉာဏ်က ကောင်းရဲ့သားနဲ့ စာကို မလုပ်ချင်ဘူး။ ကျုပ်တော့ ဝဋ်လည်တာလို့ ပဲ ယူဆ တယ်။ သည်တော့မှ ကျုပ်တုန်းကလည်း မိဘတွေ ဘယ်လောက် စိတ် ဆင်းရဲ ရမလဲ နားလည်သွား တယ်။ ဟုတ်ပ ကျုပ်က ဒီကောင့်ကို ကျုပ်လို ပင်ပင်ပန်းပန်း မလုပ်စေချင်ဘူး။ ဟို တစ်လောက ကျုပ် ဆိုက္ကား ပေါ် ဒီကောင် တက် ခွပြီး ကမြင်းနေတုန်းက ဆို ကျုပ်လေ ခေါင်းနပန်းကြီး သွားလိုက်တာ ပြောမနေနဲ့တော့။ ဒါပေမဲ့ ကျုပ် အဖေလိုတော့ လက်လျော့ပြီး ဆိုက္ကားနင်းမလား ပညာ သင်မလားလို့ ဘယ်တော့မှ သားကို မရွေးခိုင်းဘူး။ ဘာလို့လည်းဆိုတော့ ဒီကောင် ဆိုက္ကားကို ရွေးမှာ ကျုပ် ကြောက်လို့ဗျ ကြောက်လို့ …… ။


Give my love to you all ,Steemians. 😍 😍 😍
written by : @aggamun
MSU NO - 022
IMG_20150727_002933.jpg


#myanmar
#msu

Sort:  

Nice pic aggamun you must use some writing words about you..

ရင်ထဲထိစေတယ်

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.104
BTC 64621.25
ETH 1928.65
USDT 1.00
SBD 0.37