Kayin Happy New YearsteemCreated with Sketch.

in #mghan • 7 years ago

Wellcome to Karen new year (2757)
🌅ကရင်အမျိုးသားအလံတော် ကရင်အမျိုးသားသီချင်း နှင့် ကရင်နှစ်သစ်ကူးနေ့🌅

ခရစ်သက္ကရာဇ် ၂၀၁၇ ခုနှစ် ဒီဇင်္ဘာလ ၁၈ ရက်နေ့ ကရင်သက္ကရာဇ် ၂၇၅၇ ခုနှစ် သလေး/ထိုင်ခေါက်ဖိုး (ပြာသို) လဆန်း ၁ ရက်နေ့သည် ၈၀ နှစ်မြောက် ကရင်နှစ်သစ်ကူးနေ့သို့ ရောက်ရှိလာတော့မည် ဖြစ်၏။ ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားတွင် ကရင်အမျိုးသားသီချင်းသီဆို၍ ကရင်အမျိုးသားအလံကို အလေးပြုကြမည်ဖြစ်ရာ နောင်လာနောက်သား လူငယ်သွေးသစ်များ ဗဟုသုတ တိုးပွားနိုင်ရန်အတွက် ကရင်အမျိုးသားအလံနှင့် ကရင်အမျိုးသားသီချင်း ဖြစ်ပေါ်လာပုံအကြောင်းကို ရေးသား ဖော်ပြလိုက်ရပေ၏။

ကရင်အမျိုးသားအလံတော်
❀ ❀ ❀ ❀ ❀ ❀ ❀ ❀

ခရစ်သက္ကရာဇ် ၁၈၈၁ ခုနှစ်တွင် "ဒေါကလု" ခေါ် ကရင်အမျိုးသားအဖွဲ့ချုပ် (Karen National Association) ကို ကရင်အမျိုးသားခေါင်းဆောင်ကြီး ဒေါက်တာတီသံပြာ(M.A.D.D) က ဦးဆောင်၍ တည်ထောင်ခဲ့၏။ ဒေါက်တာတီသံပြာနောက်ပိုင်း ၁၉၃၀-၄၀ ခုနှစ်များအတွင်း "ဒေါကလု"အဖွဲ့ချုပ်၏ ဥက္ကဌဖြစ်ခဲ့သူ ဆရာစံဘော်သည် ကရင်နှစ်သစ်ကူးနေ့ ကရင်အမျိုးသားသီချင်းနှင့် ကရင်အမျိုးသားအလံတော်တို့ကို ပါလီမန်လွှတ်တော်အတွင်းရှိ ကရင်အမတ်များနှင့်အတူ တောင်းဆိုရယူခဲ့ကြ၏။

ထိုအခါ "ဒေါကလု"အဖွဲ့ချုပ်ကြီးသည် ကရင်အမျိုးသားအလံတော် ရရှိရေးအတွက် အလံပုံစံ ရေးဆွဲပေးပို့ယှဉ်ပြိုင်ကြရန် ကရင်အမျိုးသား တစ်ရပ်လုံးထံ မေတ္တာရပ်ခံကာ ပြိုင်ပွဲတစ်ရပ်အနေဖြင့် ဆုချီးမြှင့်မည်ဖြစ်ကြောင်း ကြေငြာခဲ့၏။ မကြာမီ အနယ်နယ်အရပ်ရပ်ရှိ ကရင်အမျိုးသားများထံမှ အလံပေါင်း ၁၀၀ကျော် ရရှိခဲ့၏။ ထိုမှ လက်ရွေးစင် ၁၂ ခုကိုရွေးထုတ်၍ နောက်တဆင့် အကောင်းဆုံး ၃ ခုကို စကားတင် စစ်ပြန်၏။ နောက်ဆုံးအဆင့် ပထမ ရရှိသူမှာ ဝန်ကြီးမန်းဘခင်ဖြစ်၍အလံတွင် ဖားစည်ပုံ ပါရှိ၏။ ဒုတိယဆုမှာ ဆရာမိုးလို ရရှိ၍ အလံတွင် တက်သစ်စနေဝန်း ပါရှိ၏။ တတိယဆုမှာ ဒေါက်တာဘစောဒွေး ရေးဆွဲသော ဆင်ဖြူပုံပါအလံက အသီးသီးရရှိသွား၏။

ထိုအခါ ဆုရအလံသုံးခုကို အခြေခံကာ ဝန်ကြီးမန်းဘခင်ကပင် ကရင်အမျိုးသားအလံတစ်ခုရေးဆွဲပြီး "ဒေါကလု" အသင်းက အတည်ပြု ပြဌာန်းလေ၏။ ထိုအလံသည် ယခုလက်ရှိ တရားဝင် အသုံးပြုနေသော ကရင်အမျိုးသားအလံတော်ပင် ဖြစ်၏။ ကရင်အမျိုးသားအလံတော်တွင် အနီ အဖြူ အပြာ သုံးရောင်ချယ်နှင့် တက်သစ်စနေဝန်းပေါ်တွင် မင်္ဂလာဖားစည်ပုံ ပါရှိသော အလံပင်ဖြစ်၏။

အလံတော်၏ အဓိပ္ပါယ်ဖော်ညွှန်းချက်မှာ
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏

အနီရောင်သည် - ရဲရင့်ခြင်း, သတ္တိရှိခြင်း။
အဖြူရောင်သည် - စိတ်ထားဖြူစင်ခြင်း, သန့်ရှင်းခြင်း။
အပြာရောင်သည် - ဖြောင့်မတ်ခြင်း, တည်ကြည်ခြင်း, သစ္စာရှိခြင်း။
တက်သစ်စနေဝန်းသည် - (နေရောင်ခြည်၉သွယ်) ကရင်တို့၏ လူနေမှုဘဝ
တိုးတက်သာယာခြင်း။
မင်္ဂလာဖားစည်သည် - ကရင်တို့၏ ယဉ်ကျေးမှုအထိမ်းအမှတ်နှင့်
သာယာဝပြောခြင်းကို ဖော်ဆောင်ခြင်း။

ကရင်အမျိုးသားအလံတော်ကို မြန်မာနိုင်ငံလွတ်လပ်ရေး မရရှိမီကတည်းက ကရင်တစ်မျိုးသားလုံးက စတင်အသုံးပြုခဲ့၏။
နိုင်ငံတော်အခမ်းအနားနှင့် ပတ်သက်သော ကရင်အမျိုးသားဆိုင်ရာ လူထုအစည်းအဝေးပွဲများတွင် နိုင်ငံတော်အလံနှင့် ယှဉ်တွဲ၍စိုက်ထူရ၏။ နိုင်ငံတော်အလံကိုအမြင့်ဆုံးတွင်စိုက်ထူကာ လက်ယာဘက်တွင်ထား၍ ကရင်အမျိုးသားအလံကို လက်ဝဲဘက်တွင် စိုက်ထူရ၏။ ကရင်နှစ်သစ်ကူးနေ့ နှင့် ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားများတွင် မိမိတို့၏ တိုင်းရင်းသား ရိုးရာဓလေ့ ထုံးစံပွဲဖြစ်၍ လွတ်လပ်စွာ စီမံကျင်းပပိုင်ခွင့်ရှိသဖြင့် မိမိတို့ဆန္ဒအလျောက် ကရင်အမျိုးသားအလံတစ်ခုတည်း လွှင့်ထူပါက လွတ်လပ်စွာ လွှင့်ထူပိုင်ခွင့်လည်း ရှိ၏။ ကရင်နှစ်သစ်ကူးနေ့ နေ့ထူးနေ့မြတ်တွင် ကရင်လူမျိုးတို့၏ အိမ်ရှေ့တွင် မိမိတို့အမျိုးသားအလံကို လွှင့်ထူလေ့ရှိကြ၏။ သို့သော် ကရင်အမျိုးသားအလံကို မိမိတို့ကရင်လူမျိုး ဂုဏ်သိက္ခာကျဆင်းစေမည့် လုပ်ရပ်များတွင် တန်ဘိုးမဲ့ အသုံးချမှုများ မပြုမိရန် သတိထားသင့်ပေ၏။


ကရင်အမျိုးသားသီချင်း
♬ ♬ ♬ ♬ ♬ ♬ ♬ ♬ ♬ ♬

၁၉၃၀ -၄၀ ခုနှစ်များအတွင်း အင်္ဂလိပ်အစိုးရထံမှ ကရင်နှစ်သစ်ကူးနေ့, ကရင်အမျိုးသားသီချင်း, ကရင်အမျိုးသားအလံတော် ပေါ်ထွန်းလာရေးအတွက် "ဒေါကလု" အသင်းဥက္ကဌဖြစ်သူ ဆရာစံဘော်က စီစဉ်၍တောင်းဆိုခဲ့၏။ ထိုသို့တောင်းဆိုခဲ့သော အခွင့်အရေးသုံးခုအနက် ကရင်အမျိုးသားသီချင်းသည် အရေးပါလှ၏။ ကရင်အမျိုးသားသီချင်းကို စောစံဘ နှင့် စောသာအေးကြီးတို့က ရေးသားတင်ပြရာ "ဒေါကလု" အသင်းမှ အတည်ပြုလက်ခံသဖြင့် ကရင်အမျိုးသားသီချင်းဟူ၍ ပေါ်ပေါက်လာ၏။
ဤသီချင်းကို ကရင်အမျိုးသားဆိုင်ရာအခမ်းအနားများ, ယဉ်ကျေးမှုဆိုင်ရာ ဓလေ့ထုံးစံပွဲ အခမ်းအနားများတွင် အဖွင့်သီချင်းနှင့် အမျိုးသားအလံတော်အလေးပြုရန် အမြတ်တနိုး တန်ဘိုးထား သီဆိုလေ့ရှိ၏။ ကရင်အမျိုးသားသီချင်းကို အောက်တွင်ဖေါ်ပြထားသော ဓာတ်ပုံတွင် လေ့လာနိုင်၏။


ကရင်နှစ်သစ်ကူးနေ့
♡ ♡ ♡ ♡ ♡ ♡ ♡

ကရင်နှစ်သစ်ကူးနေ့အသိအမှတ်ပြုရန် တောင်းဆိုခဲ့သောခုနှစ် ၁၉၃၇ ခုနှစ်

အစိုးရအသိအမှတ်ပြု ကရင်အမျိုးသားနှစ်သစ်ကူးနေ့ရရှိရေးအတွက် လက်မှတ်ရေးထိုးတောင်းဆိုခဲ့သော ကရင်အမျိုးသားအောက်လွှတ်တော် အမတ် ၁၂ ဦး၏ အမည်စာရင်း ••••

စောဂျွန်ဆင်ဒီဖိုးမင်း - တောင်ငူ - မေတ္တာဗြဟ္မစိုရ် - စကောကရင်
စောဆစ်ဒနီလူနီ - ပုသိမ်တောင်ပိုင်း - ခရစ်ယာန် - စကောကရင်
မန်းဘခိုင် - ပုသိမ်မြောက်ပိုင်း - ခရစ်ယာန် - ပိုးကရင်
စောဖေသာ - မြောင်းမြအနောက် - ခရစ်ယာန် - စကောကရင်
မန်းကံအေး - မြောင်းမြအရှေ့ - ဗုဒ္ဓဘာသာ - ပိုးကရင်
စောမြတ်သိန်း - ဟင်္သာတ - ဗုဒ္ဓဘာသာ - စကောကရင် မန်းထွန်းခင် - မအူပင်မြောက် - ဗုဒ္ဓဘာသာ - ပိုးကရင် မန်းရွှေညွန့် - မအူပင်တောင် - ဗုဒ္ဓဘာသာ - ပိုးကရင် စောသာဒွေး - သထုံမြောက် - ဗုဒ္ဓဘာသာ - စကောကရင်
ဦးလှဖေ - သထုံတောင် - ဗုဒ္ဓဘာသာ - ပအိုဝ့်
ဦးဖိုးမျှင် - ကျိုက္ခမီအရှေ့ - ဗုဒ္ဓဘာသာ - ပအိုဝ့်
စောဖိုးချစ် - ကျိုက္ခမီအနောက် - ခရစ်ယာန် - စကောကရင်

ပူးပေါင်းကူညီဆောင်ရွက်ခဲ့ကြသော ကရင်အမျိုးသား အထက်လွှတ်တော်အမတ် ၃ ဦး၏ အမည်စာရင်း

စောစံစီဖိုး - တောင်ငူ - ခရစ်ယာန် - စကောကရင်
မန်းရွှေဘ - တောင်ငူ - ခရစ်ယာန် - ပိုးကရင်
ဆရာစံဘော် - တောင်ငူ - ခရစ်ယာန် - စကောကရင်
image image image image
အချုပ်အားဖြင့်ဆိုလျှင် ကရင်အမျိုးသားအလံတော်, ကရင်အမျိုးသားသီချင်း, ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ပေါ်ပေါက်လာအောင် ရေးသားတောင်းဆို, အသိအမှတ်ပြု ကြိုးပမ်းခဲ့ကြသော ကရင်အမျိုးသားခေါင်းဆောင်များအားလုံးကို လေးစားဂုဏ်ပြု သမိုင်းမှတ်တမ်း တင်ထိုက်သူများဖြစ်ပေ၏။ ထို့ကြောင့် ရှေးကရင်ခေါင်းဆောင်များ ကြိုးပမ်းအားထုတ်ခဲ့သော ကျေးဇူးကို အောက်မေ့ သတိရသောအားဖြင့် ခေါင်းဆောင်ကြီးများကြိုးပမ်းခဲ့သော ကရင်အမျိုးသားအလံတော်, ကရင်အမျိုးသားသီချင်းနှင့် ကရင်နှစ်သစ်ကူးနေ့ကို မပျောက်မပျက်အောင် အစဉ်လာမပြတ် ဆက်လက်လက်ထိန်းသိမ်းရန် ကရင်အမျိုးသားတိုင်း၌ သမိုင်းပေးတာဝန်ရှိကြောင်း အသိပေးနှိုးဆော် ရေးသားတင်ပြ လိုက်ရပေ၏

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.029
BTC 66703.61
ETH 3518.80
USDT 1.00
SBD 2.68