ကျွန်တော်သိတဲ့ Linux အကြောင်း (အပိုင်း ၁)

in #linux7 years ago

အင်တာနက် အဆက်အသွယ်ရှိနေရင်တော့ linux OS သုံးရတာ အဆင်ပြေပါတယ်။ Internet connection မရှိတဲ့ကွန်ပျူတာတွေနဲ့ connection အရမ်းနှေးတဲ့ အခြေအနေမှာ linux OS ထဲကို software တွေ install လုပ်ဖို့ဆိုတာ တော်တော်လေး အဆင်မပြေပါဘူး။ Linux ရဲ့ အခေါ်အဝေါ်အရဆိုရင်တော့ package install လုပ်တယ်ခေါ်တာပေါ့ဗျာ။ တော်တော်လေး တောင်မဟုတ်ပါဘူး တော်တော်ကြီးကို အဆင်မပြေတာပါ။ ကျွန်တော် စလေ့လာတုန်းက ကြုံခဲ့ရတဲ့ ကြီးမားတဲ့အခက်ခဲပေါ့ဗျာ။

OS အသစ်ဆိုတာ သူ့ချည်းသက်သက် တင်ထားရုံနဲ့ သုံးလို့မှ အဆင်မပြေသေးတာ။ အသုံးချ ဆော့ဝဲလ် ဆိုတဲ့ application software တွေ မတင်ရင် ယိုမပါတဲ့ ပေါင်မုန့်ကြမ်းကြီးစားရသလိုဘဲ အဆင်မပြေ ပါဘူး။ အဲတော့ application software တွေတင်မယ် ပေါ့။ အခက်အခဲက အဲမှာစတော့တာဘဲ။ ဘယ်မှာ လဲ linux OS အတွက် အသုံးချဆော့ဖ်ဝဲလ်တွေ။ အခွေဆိုင် တွေ သွားရှာမလား။ မရှိပါဘူး။ ရှိလား မေးကြည့်ပါလား ဒီလူ ဘာလာကြောင်နေပါလိမ့်လို့ အကြည့်ခံရဖို့ သေချာသလောက်ရှိပါတယ်။ Microsoft Windows OS အတွက် software တွေလို အခွေတွေနဲ့ ထည့်ရောင်းတာ မရှိမှမရှိတာ။ ထည့်လို့လဲအဆင်မပြေပါဘူး။ မရဘူးလို့ပြောတာ မဟုတ်ဘူးနော်။ သိပ်အဆင်မပြေဘူးလို့ပြောတာပါ။ မပြေလို့မထွက်တာပေါ့နော် ရှင်းပါတယ်။ ကမ္ဘာပေါ်မှာ ဆရာ့ဆရာတွေ၊ စီးပွားရေး သမားတွေ အများကြီး အဆင်ပြေရင်လုပ်မှာပေါ့ ဟုတ်တယ် မလား။ ဘာကြောင့်လဲဆိုတော့ ခုလောလောဆယ် ဒီလိုလေး မှတ်ထားပေးပါ။ သူက software တွေအတွက် လိုအပ်တဲ့ library files တွေ ကို share လုပ်သုံးလို့ပါတဲ့။ ဒီဟာ တင်ဖို့အတွက် ဟိုဟာလိုတယ်။ ဟိုဟာကလဲ အဝှာလိုတယ်။ အဝှာကကျတော့ အဝှာ့အဝှာ တွေကို ထပ်လို ပြန်တယ်။ အဝှာ့အဝှာတွေက ဒီဟာကို ပြန်လိုလာပြန်ရော။ အဲသလို တစ်ခုပေါ်တစ်ခု ပတ်ပြီး မှီခို နေကြတယ်။ linux ရဲ့ အခေါ်အဝေါ်အရဆိုရင်တော့ dependencies လိုခေါ်တယ်ဗျ။ အဲတော့ softwares (packages) တွေကို အခွေနဲ့ဘဲထည့်ထားထည့်ထား၊ download ဘဲ လုပ်ပြီး ယူလာ ယူလာ အဲဒီ့ dependencies ဆိုတာ ကြီးကို ပြေလည်အောင် ဖြေရှင်းဖို့ မလွယ်လို့ပါဘဲ။

Linux OS တင်ထားတဲ့ ကွန်ပျူတာတွေ တစ်လုံးနဲ့ တစ်လုံး dependencies လိုနေတဲ့ ပုံစံချင်းက မတူကြ ပါဘူး။ တစ်ပုံစံထဲ အသစ်တင်ထားတဲ့ အနေအထားက လွဲရင်ပေါ့ဗျာ။ ကိုယ့််ကွန်ပျူတာက ဘာ depend -encies တွေလိုနေမှန်းမသိဘဲ packages တွေ download လုပ်လာပြီး တင်ကြည့်ပါလား။ unmet dependencies ဘာညာကွိကွဆိုပြီးဆိုပြီး error ပေါင်း တစ်သိန်း လောက်ပေးပါလိမ့်မယ်။ ဒါဆို လိုနေတာတွေ အကုန် download လုပ်ပြီးတင်မှာပေါ့လို့ ပြောမှာပေါ့ ဟုတ်လား။ ဟုတ်ပြီ အဲ့လိုနေတာ တွေက ဘယ်ကသွားရှာပြီး down မလဲဗျာ။ မရှိဘူးလို့မပြောပါဘူး။ ရှိပါတယ်။ ဒါပေမယ့် ကိုယ်လိုတဲ့ version ဟုတ်ချင်မှ ဟုတ်တော့မယ်။ ဘာလို့တုန်းဗျ။ developer တွေက အမြဲကို update လုပ်ပေးနေ လို့ပါ။ ဘယ်က developer တွေလဲဆိုတော့ ကမ္ဘာ့နေရာအနှံ့ကဘဲဗျ။ ဟုတ်တယ် သူတို့က သူတို့တာ၀န် ယူထားတဲ့ files တွေ အမြဲကောင်းသည်ထက်ကောင်းအောင် ပြုပြင်နေကြတယ်။ အံမယ် အားအား ယားယား ဘာကိစ္စ လုပ်နေကြတာလဲလို့ မထင်လိုက်ပါနဲ့။ အဲ့ဒီ့လူတွေ တော်တော်လေးစားဖို့ ကောင်းတဲ့လူတွေ ဖြစ်နေကြတယ်လေ။ ဘာလို့လဲဆိုတော့ သူတို့က ပိုက်ဆံမရဘဲ လူတိုင်းသုံးပါစေ တော့ဆိုပြီး စေတနာနဲ့ တတ်ထားတဲ့ပညာနဲ့ အသိပညာကို အလှူပေးနေတဲ့လူတွေ ဖြစ်နေကြလို့ပါ။ ပရဟိတအဖွဲ့ ဖွဲ့ပြီး စေတနာဝန်ထမ်း လုပ်သလိုပေါ့ဗျာ။ အဲသလိုရှိတယ်။

အင်း ပြောနေတဲ့ စကားလေးပြန်ဆက်ရရင် ဘယ်မှာ packages တွေကို down ရမလဲ ဘယ်မှာရနိုင်လဲ ဆိုတဲ့ စာရင်းက linux OS တွေ မှာပါပါတယ်။ packages တွေရဲ့စာရင်းနော် တစ်နည်းအားဖြင့် packages index လို့ပဲခေါ်ခေါ် packages database file လို့ပဲခေါ်ခေါ် အဲ့ဒီ့စာရင်းရှိတယ်ပေါ့ဗျာ။ ဒါပေမယ့် အဲ့စာရင်းက အမြဲပြောင်း နေတယ်ဗျ။ စာရင်းက ဘာလုပ်ထားတဲ့ စာရင်းလဲဆိုတော့ ဒီလိုပါ။ packages တွေကို တင်ထားတဲ့ ftp site ကြီးတွေရှိတယ်။ ftp site ဆိုတာက ဘာကြီးတုန်းဗျဆိုရင် packages တွေကို တင်ထားပေးတဲ့ server computer ကြီးတွေ ရှိတဲ့နေရာကို ခေါ်တာပါ။ အင်တာနက်မှာ ရှိပါတယ်။ Linux မှာ ဒါကို repository လို့ခေါ်ပါတယ်။ plural noun form (အများကိန်း) အနေနဲ့ရေးရင် repositories လို့ရေးတယ်ပေါ့ဗျာ။ ဟုတ်ပြီ အဲ့ဒီ့ repositories တွေမှာ ရနိုင်မယ့် dependencies တွေရဲ့စာရင်းကို ကိုယ့်ကွန်ပျူတာမှာရှိအောင် လုပ်နိုင်ရင် အဆင်ပြေပြီ။ အင်တာနက်ရှိရင် အဲ့စာရင်းကို လွယ်လွယ်ကူကူ ရပါတယ်။ တစ်ခုတော့ရှိတယ် စာရင်းက အမြဲပြောင်းနေတော့ အမြဲ up-to-date ဖြစ်နေအောင် လုပ်ပေးရ လိမ့်မယ်။ အဲဒီ့လုပ်ငန်းစဉ်ကို Ubuntu Linux OS သုံးတဲ့သူတွေက (sudo apt-get update) ဆိုတဲ့ command ကို ရိုက်ထည့်ပြီးလုပ်ကြတယ်လေ။ ဘာကြောင့် အဲ့ဒီ့ command လေးကို ရိုက်ရတာလဲဆိုတော့ ခုနပြောတဲ့စာရင်းကို up-to-date ဖြစ်စေချင်လို့ပါဘဲ။

ဆော့ဖ်ဝဲလ်တွေကို အလုပ်ခန့်/ဖြုတ် တာတွေလုပ်တဲ့ မန်နေဂျာ နှစ်ယောက်လဲ Ubuntu Linux မှာ ပါ ပါတယ်ဗျာ။ အတိအကျပြောရရင် Debian Linux အနွယ်ဝင်တွေ ၊ Ubuntu အနွယ်ဝင်တွေရယ် Linuxmint ရယ်မှာပေါ့ဗျာ ဒီမန်နေဂျာ နှစ်ယောက်ပါတယ်။ သူတို့ကလဲ ပြောခဲ့တဲ့ စာရင်းအတိုင်း အတိ အကျ အလုပ်လုပ်ပါတယ်။ စာရင်းနဲ့မကိုက်ညီအောင်လုပ်ရင်တော့ error reports တွေ စိတ်ညစ် လောက်အောင် ထုတ်ပြ ပါလိမ့်မယ်။ ဒီမန်နေဂျာနှစ်ယောက်ရဲ့ နာမည်အတိုကောက်ကတော့ apt နဲ့ dpkg ဖြစ်ပါတယ်။ အရှည်ခေါ်တာကတော့ Advanced Packaging Tool Manager နဲ့ Debian GNU/Linux Package Manager ဖြစ်ပါတယ်။ ဒီနှစ်ခုနဲ့ ပြေလည်အောင် အလုပ်လုပ်နိုင်ရင် Linux မှာ software install လုပ်တယ်ဆိုတာ တော်တော်လွယ်ပါ တယ်ခင်ဗျား။ အင်တာနက်ရှိရင် apt တစ်ခုထဲ နဲ့တင် အဆင်ပြေပါတယ်။ apt က ပိုမြင့်တော့ dpkg ကို သူဟာသူ အဆင်ပြေအောင် ခိုင်းသွားပါတယ်။ အင်တာနက်မရှိရင်တော့ အဆင်ပြေအောင် တော်တော်လုပ်ယူရပါတယ်။ ကိုယ်တိုင်ကြုံခဲ့တဲ့ အခက် အခဲပါ။ သိသွားတော့ လည်း လွယ်သွားတာ ပါဘဲ။ အင်တာနက်ရှိ သလောက်တော့ မလွယ်ဘူးပေါ့ဗျာ။

ထင်လင်းကျော်
Tue,2.12.2014
9:38pm

Coin Marketplace

STEEM 0.19
TRX 0.16
JST 0.032
BTC 64166.71
ETH 2765.60
USDT 1.00
SBD 2.72