အောက်တန်းစားမျက်ရည်(စ/ဆုံး)
အောက်တန်းစားမျက်ရည်(စ/ဆုံး)
အခန်း (၁) *****
"မစားချင်ဘူးဗျာ အမေ့ဟာကလည်း တစ်ရက်လာလည်း ဒီဟင်း နှစ်ရက်လာလည်းဒီဟင်းပဲ အဆီမပါအပြားမပါနဲ့"
"စားလိုက်ပါသားရယ် မနက်ဖန်ကြရင်သားကြိုက်တာချက်ကျွေးပါ့မယ်ကွယ်"
"တော်ပါအမေရယ် အမေ့မနက်ဖြန်တွေများနေပြီ ဘော်ဒါဆောင်ကြေးတောင် လဝက်ရှိပြီ ဆရာကလည်းတောင်းနေတာပဲ သူငယ်ချင်းတွေရှေ့မှာ သားရှက်တယ်အမေရ။ မထားနိုင်ရင်လည်း အစတည်းက မထားပါနဲ့လား ပြောလိုက်ရင် ငါ့သား ပညာတတ်ကြီးဖြစ်ရမယ် ဖြစ်ရမယ်နဲ့ တော်သေးတာပေါ့ အဖေ့မသေခင်က အငြိမ်းစားယူထားပြီးလို့ ပင်စင်ထုတ်စားနေရတာ နောက်မို့ဆို ခွက်ဆွဲတောင်းစားနေရပြီ"
"သားရယ် တော်ပါတော့ကွယ် ဘေးအိမ်တွေကြားဦးမယ်"
"ဘေးအိမ်တွေကလည်း နားရည်ဝနေပါပြီ နေ့တိုင်းကြားနေရလို့။ ခုလည်း ငိုနေပြန်ပြီ သူများတွေမြင်ရင် ကျွန်တော်ကပဲ သားမိုက်ဖြစ်ရပြန်ဦးမယ်။ငိုငို များများငို အမေငိုမှ သားလည်း ဆင်းရဲမွဲတေမှာ တော်ပြီဗျာ မစားတော့ဘူး အဆောင်သွားတော့မယ်"
ဟုဆိုကာ သားဖြစ်သူ နေဇော် ခြေဖနှောင့်ဆောင့်ကာ ထွက်သွားချေသည်။နေဇော်မှာ ဆယ်တန်းကျောင်းသားတစ်ယောက်ဖြစ်ပေသည်။
မိခင်ဖြစ်သူ ဒေါ်သန်းမြ ငိုရင်းကျန်ခဲ့လေသည်။
"ဟ သယ်ရင်း ဘော်ဒါသွားမလို့လား လာလေကွာ လဖက်ရည်သောက်ဦး တူတူသွားမယ်" နေဇော် ဝင်ထိုင်လိုက်သည်။
"နေဇော် မင်းမျက်နှာဘာဖြစ်နေတာတုန်းဟ"
"ထုံးစံတိုင်းပေါ့ကွာ အမေနဲ့ပြဿနာတတ်လာတာ"
"မင်းကလည်းကွာ ဒေါ်လေးသန်းမြသနားပါတယ်ကွာ"
"တော်ပြီကွာ အာ့အကြောင်းမပြောနဲ့တော့ ဒီနေ့ ဘော်ဒါလစ်ပြီး ရုပ်ရှင်သွားကြည့်ကြမယ်"
"မင်းမှာ ပိုက်ဆံရှိလို့လား ငဇော်" ဟု မြင့်သန်းမေးတော့ နိုင်ထူးက
"ငါမှာလည်းမရှိဘူးနော် ငဇော်"
"မင်းကလည်းကွာ ငါကြံရင်ဘာမဆိုဖြစ်ပါတယ်ကွ ပေးမင်းဖုန်းခဏ" နေဇော် ဖုန်းခေါ်လိုက်လေသည်။
"ဟယ်လို ခင်နှင်းဆီ လား ငါ နိုင်ဇော်ပါ"
"အေး နိုင်ဇော်ပြောလေဟ"
"ငါ့ကို ပိုက်ဆံ ၂သောင်းလောက်ချေးပါလား"
"သိသားပဲ နင်ဖုန်းဆက်ရင်ပိုက်ဆံချေးမယ်ဆိုတာ"
"နင်က မချေးဘူးလား"
"မချေးဘူးလို့မပြောမိပါဘူး နင်ခုဘယ်မှာလဲ"
" ကံပွင့် လဖက်ရည်ဆိုင်မှာ"
"အေး ခြံစောင့် အေးမောင်နဲ့ပေးခိုင်းလိုက်မယ်။ ဟဲ့ နင်ဒီနေ့ ဘော်ဒါပြေးမှာမလား"
"အဟီး ထုံးစံအတိုင်း ဝမ်းလျှောနေတယ်လို့ပြောပေး"
"တတ်တယ် အေးအေးပြီးရော ငါဘော်ဒါသွားဖို့ပြင်လိုက်ဦးမယ်"
"အင်းအင်း ဒါပဲ"
"ဟာ မင်းကိုလေးစားသွားပြီ ငဇော် သူဌေးသမီးလေးကို ဘယ်လိုချုပ်လိုက်တာလည်း"
"ဟာ မင်းကလည်း နေဇော်ပါကွ"
"အေးပါကွာ မင်းက ရုပ်ရှိတော့ လုပ်ပေါ့ကွာ"
ခဏကြာတော့ခြံစောင့် ပိုက်ဆံလာပေးသည်။ ချေးတာက ၂သောင်း ပေးတာက ၅သောင်း။ သူငယ်ချင်းသုံးယောက် ရုပ်ရှင်ရုံသို့ ချီတက်လေသည်။ ရုပ်ရှင်ကြည့်ပြီး ပန်းခြံအတွဲသွားချောင်းလိုက် ရေသွားကူးလိုက်နှင့် ပါလာသော ပိုက်ဆံငါးသောင်းမှာပြောင်သွားချေသည်။ ထို့နောက်မှ သုံးယောက်သားအိမ်ပြန်ကြလေသည်။
၆း၃၀ ရှိပြီ။
ဒေါ်သန်းမြတစ်ယောက် သားဖြစ်သူအား ထမင်းစားစောင့်နေလေသည်။ ခါတိုင်းဆို ၆း၀၀ ဆိုတာနဲ့ပြန်ရောက်ချေသည်။ ဒီနေ့ နာရီဝက်နောက်ကျနေပြီ ခုထိပြန်မလာသေးတော့ ဒေါ်သန်းမြစိတ်ပူနေချေသည်။ ဘော်ဒါဆိုပေမယ့် ကျောင်းသားများ အိမ်ကိုထမင်းပြန်စားကြလေသည်။ ထမင်းဟင်းများ အုပ်ဆောင်းနှင့်အုပ်ကာ ခြံပြင်၌ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေလေသည်။ ခဏကြာတော့ သားဖြစ်သူပြန်လာချေသည်။
"ဟင် သား နောက်ကျလှချည်လား။"
"ဟုတ်တယ်အမေ စာမေးပွဲနီးလို့ စာအများကြီးလုပ်နေရလို့ နောက်ကျနေတာ ဒီနေ့ဘော်ဒါပြန်မသွားတော့ဘူး အိမ်မှာပဲစာကျက်တော့မယ် မနက်ဖြန်မနက်မှ သွးတော့မယ်"
"အေးအေးသား ရေချိုးလိုက်ဦး ပြီးရင် သားကြိုက်တဲ့ ဝက်သားပုန်းရည်ကြီးချက်ထားတယ်"
"ဟာ တကယ် ဒါမှဒို့အမေကွ" ဟုဆိုကာ ဖက်နမ်း၍ အိမ်ပေါ်ပြေးတက်သွားလေသည်။
သားပျော်နေတာမြင်၍ မိခင်ဖြစ်သူမှာ ပီတိဖြစ်နေလေသည်။ နေဇော်ရေချိုးပြီး၍ ထမင်းဝိုင်းထိုင်လိုက်လေသည်။
"ဟာ ခရမ်းသီးသုပ်လည်းပါတယ်"
"ငါ့သားအကြိုက်တွေချက်ထားတာ နောက်နေ့တွေလည်း ချက်ကျွေးမယ်"
"တကယ်နော် အမေ"
"တကယ်ပေါ့သားရယ် ရော့ ဒီမှာဝက်သားပုန်းရည်ကြီး" ဟုဆိုကာ ခပ်ထည့်ပေးလိုက်တော့
"ဟင် အမေ့လက်က ဘာဖြစ်တာလည်း"
"အော် ထင်းပေါက်လိုက်လို့ လက်နည်းနည်းပြဲသွားတာ"
"အမေကလည်း သားကိုပြောတာမဟုတ်ဘူး နောက်တစ်ခါမလုပ်နဲ့တော့"
"အင်းပါသားရယ်စားစား"
သားဖြစ်သူ စားနေတာကြည့်၍ ဒေါ်သန်းမြ ကျေနပ်နေပေသည်။
အခန်း(၂)*********
"သားရေ ၇နာရီထိုးတော့မယ် ထတော့လေ ဒီနေ့တနလာင်္နေ့ သားအဝတ်အဖြူအစိမ်းတွေ ဘော်ဒါမှာမလား"
"ဟုတ်တယ်လေအမေ"
"ထတော့လေ ရေချိုးသွားလိုက် အမေထမင်းချိုင့်ထည့်ထားပြီ မနက်စာ ထမင်းကြော်စားသွားလိုက်"
"ဟုတ်အမေ"
နေဇော် ရေမိုးချိုး ထမင်းကြော်စားကာ ထမင်းချိုင့်ယူ၍ ကျောပိုးလွယ်အိပ်လွယ်ကာ စက်ဘီးအမြန်နင်း၍ ထွက်လာခဲ့လေသည်။ သူတို့ဘော်ဒါမှာ ကျောင်းဖွင့်ရက်တွင် မနက်၇း၃၀ မှ ၉း၀၀နာရီထိတက်ရသည်။ ဘော်ဒါရောက်တော့ ဟိုနှစ်ကောင်က ရောက်နေချေသည် တော်သေးသည် ဆရာမဝင်သေး။ နေဇော် ဟိုနှစ်ကောင်ဘေးနားဝင်ထိုင်လိုက်သည်။ ခင်နှင်းဆီက သူ့အားလှည့်ကြည့်တော့ သူမျက်လုံးမှိတ်ပြလိုက်သည်။ ခင်နှင်းဆီလည်း မျက်နှာရဲသွားသည်။
"အဟမ်း အဟမ်း" ဟု နိုင်ထူးနဲ့ မြင့်သန်း က အသံပေးတော့ နေဇော် ခေါင်းလေးကုတ်ကာ မသိချင်ယောင်ဆောင်နေလေသည်။ ခဏကြာတော့ ဆရာဝင်လာကာ
"နေဇော် မင်းဝမ်းလျှောတာသက်သာလား"
"ဟုတ်ဆရာ သက်သာပါတယ်"
"အေးအေး အစားအသောက်ဆင်ခြင် ဒီနေ့ ဆရာသွားစရာလေးရှိလို့ ဘော်ဒါအစောကြီးဆင်းပေးလိုက်မယ် ဘော်ဒါပြေးတဲ့ နိုင်ထူးနဲ့မြင့်သန်းက လွဲရင်ကျန်တဲ့သူတွေ ဆင်းလို့ရပြီ" ငနဲနှစ်ယောက် ငိုမဲ့မဲ့နှင့် နေဇော်အား အသံတိတ်ဆဲနေလေသည်။ နေဇော်ကလည်း ဆရာ့အရှေ့တွင် ဗိုက်ကလေးဖိကာ အကယ်ဒမီလျှော့လုပ်ပြသွားတော့ ဟိုနှစ်ယောက်တင်မကဘူး ခင်နှင်းဆီပါ အမြင်ကပ်နေလေသည်။ အပြင်ရောက်တော့
"နင်လူလည်ကျတယ်နော် နေဇော်"
"အဲ့ဒီ့နှစ်ယောက်ကို Lesson ပေးလိုက်တာ"
"အေးနင်ကြပ်ကြပ်လုပ် သူများကို"
"ထားလိုက်ပါ နင် ခု ဘယ်သွားမှာလည်း"
"ဟာ ခုမှအစောကြီးရှိသေးတာ အိမ်ပြန်ပြီး စာသွားကျက်မှာပေါ့"
"ငါ့ကိုအလည်မခေါ်ဘူးလား နင့်အိမ်ကို"
"နင်တောင် နင့်အိမ်ကိုအလည်မှမခေါ်တာ"
"ဘာမှမဆိုင်ဘူး ငါကယောက်ျားလေးလေ နင့်ကိုအိမ်ခေါ်လို့ကောင်းပါ့မလားဟ စဉ်းစားလေ"
"ဘာဆိုင်လို့လဲ သူငယ်ချင်းတွေပဲဥစ္စာကို"
"သူငယ်ချင်းတွေဟုတ်လို့လား"
"ကောင်စုတ်နော် မစနဲ့"
"ငါ့အမေက ဟင်းချက် ကောင်းတယ်နော် နင်လျှာလည်သွားမယ်"
"နင်ငါ့ကိုမနိုင်ပါဘူးဟာ ငါတို့အိမ်မှာ နေ့တစ်ဝက်လာလာလုပ်နေတဲ့အန်တီကမှ ဟင်းချက်တော်တာဟ။ သူအလုပ်လုပ်တာတောင်မကြာသေးဘူး"
"ဟင်ဘယ်လိုနေ့ဝက်ဟုတ်လား ဘယ်လိုကြီးလဲဟ နင်တို့က ညဘက်ထမင်းမစားဘူးလား"
"ငါ့ဒယ်ဒီနဲ့မာမီက အလုပ်အရမ်းရှုတ်တော့ အပြင်မှာစားတာများတယ်။ ငါက ညစာမစားဘူး ခြံစောင့်လင်မယားနှစ်ယောက်က မနက်ကထမင်းဟင်းတွေယူထားတယ်လေ အဲ့ဒါကြောင့်" "အော် ဒီလိုလား"
"နင်လိုက်စားကြည့်လေ"
"နင့်အမေအဖေက ကြိုက်ပါ့မလား"
"ငါ့ဒယ်ဒီက မနက်အစောကြီးထဲက ကုမ္ပဏီသွားပြီ မာမီက ဘာမှမပြောဘူး"
"အေးပါလိုက်ခဲ့မယ်"
အခန်း(၃)**********
"ဟင် သမီး ဒီနေ့ဘော်ဒါမတက်ရဘူးလား"
"ဆရာကအပြင်သွားစရာရှိလို့ ပိတ်ပေးတာ"
"အော် သူငယ်ချင်းလည်း ပါတာကိုး"
"ဟုတ်အန်တီ သားနာမည် နေဇော်ပါ"
"အော် သမီးအမြဲပြောလို့ အန်တီသိပြီးပါပြီ သားက လူချောလေးပဲ လာထိုင်ဦး ထမင်းစားသွားလေ မနက်စာစားပြီးပြီလား"
"ထမင်းကြော်တော့စားပြီးပါပြီ ခင်နှင်းဆီက သူတို့အိမ်က ထမင်းချက်တော်ကြောင်းပြောနေတော့ ကျွန်တော့အမေ လက်ရာထက်ကောင်းလားလို့ လိုက်စားကြည့်တာ ထမင်းချိုင့်တောင်ပါသေးတယ်"
"ထမင်းချိုင့်က ကျောင်းရောက်မှစားပေါ့ ခု အန်တီတို့အိမ်မှာစားသွားလေ ဒါနဲ့ သားမိဘတွေက ဘာလုပ်ကြတာလည်း"
"အဖေက ဆုံးသွားပါပြီ ဟို... အမေက ရွှေဆိုင်ဖွင့်ထားတယ်လေ"
သူ ညာလိုက်လေသည်။ ခင်နှင်းဆီအမေအထင်သေးသွားမည်စိုးသောကြောင့်ပင်။
"အော် သမီးတို့စကားပြောကြဦး မာမီ ထမင်းဝိုင်းပြင်ဖို့ပြောထားလိုက်ဦးမယ်"
"ဟုတ်မာမီ။ ကဲ ငါမပြောဘူးလား ငါ့မာမီက သဘောကောင်းပါတယ်လို့ သူက အဆင့်တန်းမခွဲခြားဘူး လိမ်ရင်အရမ်းမုန်းတာ"
"အော်" ဟုသာ နေဇော် ပြောလိုက်၍့် ဇောချွေးများပျံနေချေသည်။
"ကဲ သမီးတို့ရေ ပြီးပြီ လာစားလို့ရပြီ"
"ဟုတ်မာမီ။ လာ နေဇော် သွားဆွဲရအောင်" နေဇော်နောက်မှလိုက်သွားလေသည်။ ထမင်းစားခန်းကြီးက ထည်ဝါလွန်းသည်။ ကျွန်းသားများပင် သုံးထားခြင်းဖြစ်သည်။ ဟင်းတွေကလည်း ဘုန်းကြီးစားဝိုင်းလိုပင် စုံလင်လှသည်။
"ကဲ သား စားလေ အားမနာနဲ့"
"ဟုတ်အန်တီ"
"ဒါက မာမီအကြိုက်လေ ဝက်သားပုန်းရည်ကြီး"
"ဟာ အန်တီလည်းကြိုက်တယ်ပေါ့ သားလည်းအရမ်းကြိုက်တာအန်တီ"
"ဟာမာမီရေ မာမီနဲ့တူတဲ့သူတော့ရှိသွားပြီ ဟဲ့ ငါက အဆီများတာမကြိုက်ဘူး ကယ်လိုရီများမှာစိုးလို့ မာမီနဲ့နင်နဲ့က တူသွားတာပေါ့"
"နေဇော်ဟင်းခပ်ထည့်လိုက်ပြီး စားလိုက်လေသည်။ ပါးစပ်ထဲရောက်ရောက်ချင်း သူတွေဝေသွားသည်။
"ဟင်ဘာဖြစ်လို့လဲ နေဇော်မကောင်းလို့လား"
"ကောင်းပါတယ်" စိတ်ထဲမှ အမေ့လက်ရာနဲ့တူလိုက်တာလို့ တွေးနေစဉ် အနောက်ဖက်ဆီမှ
"မမလေး လျှော်ရမှာ ဒီအဝတ်တွေမလား" ဟူသောအသံကြားတော့ နေဇော်ထိတ်လန့်သွားသည်။
"ဟင် ဒါ... ဒါ အမေ့အသံပဲ!!!!"
သူလှည့်မကြည့်ပေ။
"အေးဟုတ်တယ် ဒေါ်သန်းမြရေ ကိုလင်းခက် က သူ့အဝတ်တွေ လက်နဲ့လျှော်တာပဲကြိုက်တာလေ"
"ရပါတယ်ရှင်"
နာမည်ကြားလိုက်တော့ ပိုသေချာသွားချေပြီ။
အသံပျောက်သွားတော့ နေဇော် ထမင်းဆက်မစားတော့ဘဲ ရေသောက်လိုက်သည်။
"ဟင် သား တော်ပြီလား"
"ဟုတ်အန်တီ သားထမင်းကြော်စားထားလို့ ဗိုက်ပြည့်နေတာ။ နှင်းဆီ ငါကျောင်းသွားတော့မယ် နင်ဆက်စားနှင့်"
"ငါလည်းတစ်ခါတည်းလိုက်မှာပေါ့ဟ"
"စားပါဟ ငါသွားစရာနေရာလေးရှိသေးလို့" နေဇော် စက်ဘီးလေးနင်းကာ ထွက်လာခဲ့လေသည်။ မျက်လုံးအိမ်ထဲမှ မျက်ရည်များစီးကျလာလေသည်။
"မေမေ သားသိပါပြီ မေမေ့ပိုက်ဆံဘယ်ကရလဲဆိုတာ သားမှားပါတယ်မေမေရယ်"
နေဇော် မျက်ရည်များပိုးပိုးပေါက်ပေါက်ကျလာသောကြောင့် စက်ဘီးဆက်မနင်းတော့ပဲ လမ်းဘေး ဗန်ဒါပင်နားတွင် စက်ဘီးထောက်ကာ ထိုင်၍ငိုချလိုက်လေသည်။
"အော်သားရယ် သားအမေက ရွှေဆိုင်ပိုင်ရှင်တဲ့လားကွယ်" ဟု နှုတ်မှရေရွတ်ရင်ုး အဝတ်လျှော်ရင်း ဒေါ်သန်းမြငိုနေချေသည်။
"မာမီ သမီးကျောင်းသွားတော့မယ်"
"အေးအေးသမီး မာမီလိုက်ပို့မယ် မာမီလည်းသွားစရာရှိတယ် ဒေါ်သန်းမြရေ ဒေါ်သန်းမြ"
"လာပါပြီမမလေး" ဒေါ်သန်းမြအဝတ်လျှော်နေရင်း ခဏရပ်၍ ထွက်လာလေသည်။
ထိုစဉ် နေဇော် စက်ဘီးဒုန်းစိုင်းနင်းကာ ခြံထဲပြန်ဝင်လာပြီး စက်ဘီးဒေါက်ပင်မထောက်တော့ပဲ တွန်းလှဲကာ ပြေးလာလေသည်။ ဒေါ်သန်းမြလည်း ပြန်လှည့်ပြေးမည်အပြု
"မေမေ"
ဟု အနောက်ဖက်ဆီမှ လှမ်းခေါ်လိုက်တော့ ဒေါ်သန်းမြ မျက်ရည်များစီးကျလာလေသည်။ လှည့်မကြည့်ပေ။
"မေမေ"
ဟု နောက်တစ်ကြိမ်ခေါ်လိုက်တော့မှ လှည့်ကြည့်လိုက်လေသည်။ နေဇော် မိခင်ဖြစ်သူအားပြေးဖက်လိုက်လေသည်။
"မေမေ သားမှားပါတယ်ဗျာ"
"ငါ့သားမမှားပါဘူးကွယ် ငါ့သားကငယ်သေးတာကိုးကွယ့်"
"သားကိုခွင့်လွှတ်ပါ မေမေရယ်။"
" အမေက သားကို အပြစ်မမြင်ပါဘူးကွယ် သားကငယ်သေးတော့ အမှားတွေလုပ်မိမှာပဲလေ မေမေခွင့်လွှတ်ပါတယ်ကွယ်"
နေဇော် မိခင်ဖြစ်သူအားဖက်နမ်းလိုက်ပြီနောက် ခါးလေးဖက်ကာ သားအမိနှစ်ယောက် ခင်နှင်းဆီတို့အိမ်ထဲမှ ထွက်လာခဲ့လေသည်။
"တွေ့လားသမီး မိဘမေတ္တာဟာ ဘယ်လောက်ကြီးမားတယ်ဆိုတာ"
"ဟုတ်မာမီ"
"မိဘက သက်ရှိဘုရားပဲသမီး။ တစ်ခါတရံ လူတွေက အရှိကိုအရှိတိုင်းလက်မခံတတ်ကြဘူး။
ဒါကြောင့်လည်း (ဒေါင်းယောင်ဆောင်သောကျီး) ဆိုတဲ့ စကားပုံပေါ်လာတာပေါ့။ ခု နေဇော်လေးဟာ သားလိမ်မာဖြစ်သွားပြီလေ သူ့အမှားသူသိသွားလို့ပဲ"
"ဟုတ်မာမီ သမီးမှတ်ထားပါ့မယ်"
"သူ့ရဲ့အောက်တန်းကျတဲ့စိတ်ဓါတ်တွေကိုဆေးကြောလိုက်ပြီး ခု သန့်စင်တဲ့လူငယ်တစ်ယောက်ဖြစ်သွားပြီလေ။
ဒါကြောင့် အမှားကို အမှားမှန်းသိသိကြီးနဲ့ အမှန်မပြင်ပဲ ဆက်မိုက်နေမယ်ဆိုရင်တော့ သူဘယ်လောက်ပဲဝမ်းနည်းလို့ ငိုငို
ကျတဲ့မျက်ရည်ဟာ
အောက်တန်းကျတဲ့ အောက်တန်းစားမျက်ရည်ပဲဖြစ်မှာပဲသမီးရဲ့"
"ဟုတ်သမီးမှတ်ထားပါ့မယ်"