တည်ငြိမ်ရင့်ကျက်ခြင်း...

in #life6 years ago (edited)

အနေနီးလို့လည်း သိပ်မပျော်နဲ့..
သံယောဇဉ်ဆိုတာ ဖြတ်ရခက်တယ်..
အနေဝေးလို့လည်း စိတ်မကောင်းမဖြစ်နဲ့..
လူဆိုတာ သေကွဲမဟုတ် ရှင်ကွဲ ကွဲရမှာပဲ..

သိပ်အချစ်ခံရလို့လည်း သိပ်မပျော်ပါနဲ့..
ရာဂတဏှာကြိုးက ရုန်းရအခက်ဆုံးပဲ..
သိပ်အမုန်းခံရလို့လည်း ဝမ်းမနည်းနဲ့..
အချစ်ခံရတာများသူထက် ဒုက္ခနည်းတယ်..

ရုပ်ချောနေလို့လည်း မာနမတက်နဲ့..
ရေမချိုးရင် နံကြတာချည်းပဲ..
ရုပ်ဆိုးနေလို့လည်း အားမငယ်နဲ့..
အချင်းရှိရင် အဆင်းရှိသူထက် သာတယ်..

ရနေလို့လည်း သိပ်မပျော်ပါနဲ့..
လောဘဆိုတာ အသောသတ်ရခက်တယ်..
ပေးနေရလို့လည်း ဝမ်းမနည်းပါနဲ့..
သံသရာအတွက် စုဆောင်းပြီးသားဖြစ်တယ်..

လုပ်တိုင်းဖြစ်နေလို့လည်း သိပ်ဝမ်းမသာနဲ့..
ဘဝင်ဆိုတဲ့ အရူးလေးက တွယ်ကပ်တတ်တယ်..
လုပ်တိုင်းမဖြစ်လို့လည်း စိတ်မညစ်နဲ့..
လုပ်တိုင်းဖြစ်နေရင် အရှုံးဆိုတဲ့ဝေါဟာရ ဘယ်ရှိမလဲ..

အရေးလုပ်တာ ခံရတိုင်းလည်း ဝမ်းမသာနဲ့..
အရေးမလုပ်တော့ရင် အနေရခက်မယ်..

ချမ်းသာနေလို့လည်း မာနမတက်နဲ့..
အဲဒီမာနက တရားရဖို့ အကြီးမားဆုံး အတားအဆီးပဲ..
ဆင်းရဲနေလို့လည်း သိမ်ငယ်မနေနဲ့..
သေရင် ၆ပေ ၂ပေ အတူတူပဲ..

ချီးမွမ်းခံရလို့လည်း သိပ်မပျော်နဲ့..
လူတကာက ကိုယ့်အကြောင်းကို အလုံးစုံမသိဘူး..
ကဲ့ရဲ့ခံရလို့လည်း ဝမ်းမနည်းနဲ့..
သူများနှာခေါင်းပေါက်နဲ့ အသက်ရှူနေတာမှ မဟုတ်ပဲ..

အောင်မြင်နေလို့လည်း သိပ်ဝမ်းမသာနဲ့..
ကိုယ့်အမှားတွေကို စောင့်ကြည့်နေတဲ့သူ ရှိတယ်..
မအောင်မြင်လို့လည်း ဝမ်းမနည်းနဲ့..
မသေမချင်း ကြိုးစားဖို့အချိန်တွေ ရှိသေးတယ်..

"အလွယ်တကူနဲ့ ဝမ်းနည်းဝမ်းသာမဖြစ်ပဲ
အလယ်အလတ်လမ်းစဉ်လိုက်ပြီး တည်ငြိမ်ရင့်ကျက်တဲ့စိတ်က
ဘဝအတွက် အကောင်းဆုံးပဲ"..
image
"တည်ငြိမ်ရင့်ကျက်နေတဲ့စိတ်ဟာ ပင်လယ်ထဲက ရေလိုပဲ
လောကဓံအချိုမှုန့် တစ်ဇွန်းခတ်ရုံနဲ့ ပင်လယ်ရေဟာ ချိုမလာပါဘူး"..

Coin Marketplace

STEEM 0.18
TRX 0.14
JST 0.030
BTC 58659.71
ETH 3164.52
USDT 1.00
SBD 2.43