Poem
*** သောက အနမ်းဝိုင် ***
ကျွန်မအတွက်
မလုံခြုံတဲ့ ပစ္စုပ္ပန်ဟာ အရိုင်းဆန်တယ် ။
အနာဂတ်မှာနေကြည့်တော့လည်း
ဟိုက်…ဟိုက် မောရတယ် ။
အတိတ်မှာ နေလိုက်တော့လည်း
အယုံအကြည်တွေ မဲ့လို့
ကျွန်မအတွက်
နေရာပျောက် ဒုက္ခက အတည်တကျမရှိ ။
ရွေ့လျားပြယ်ပျက်
နာရီစက်တွေအကြောင်းပြောပြမဲ့
ဆရာကောင်း သမားကောင်းတွေကို
အကြောင်းအမျိုးမျိုးနဲ့
ပိုင်ဆိုင်ခွင့်ရချင်တယ် ။
တည်နေရာမဲ့နေတာထက်
တစ်ဖက်ဖက်က ဆုပ်ကိုင်မိရာကို မြဲမြံချင်ရုံပါ ။
ဘဝဟာ ခါးတယ် ခါးတယ်ဆိုပြီး ပြောကြတယ် ။ကျွန်မက အခါးကိုကြိုက်တတ်ဖို့ သင်ယူမယ်လေ ။
အများတကာကို လိုက်လံရှာဖွေနေတဲ့အခါ ကိုယ့်ကိုယ်ကို ပျောက်ဆုံးရတယ် ။
ကိုယ့်ကိုယ်ကိုရှာဖွေနေရင်
ပတ်ဝန်းကျင်ပျောက်ဆုံးသွားတယ် ။
သဟဇာတတွေထဲမှာအဖြေညှိဖို့
ကျွန်မ ညီမျှခြင်းပေါ်မှာ နေရာရချင်တယ် ။
သင်ယူချင်တာကအလှတရား
ရှိနေတဲ့အရာက ဘဝများစွာ
ရှာဖွေတတ်တဲ့ပညာက
ဗလာသက်သက်
အချိန်တွေ ဉာဥ့်နက်လာတာပဲ
အဖတ်တင်တယ် ။
အရာရာ ကင်းလွှတ်ခွင့်ရှိရင်
ကာလသုံးပါးရဲ့ သက်ရောက်ခြင်းကနေပဲ ထာဝရကင်းလွှတ်လိုက်ချင်တယ် ။
ကျွန်မမှာ
ဘာဆို ဘာမှမရှိ………
ဒါပေမဲ့ ကျွန်မ
ကိုယ့်ကိုယ်ကို ရှာဖွေရင်း
ကိုယ့်ဘာသာ သက်ရောက်နေတာတွေက
အခုထိ မဆုံးနိုင်သေးဘူး………
ထပ်ပြီးးထပ်ပြီး မောပန်းရအုံးမယ် ………
ကျွန်မမေ့နေခဲ့တယ်
ကျွန်မ ဘဝထဲမှာ ရှိနေသေးတဲ့အကြောင်း…………။ ။
I'm ATM.( atom )