thoughtsteemCreated with Sketch.

in #kyawkyawlwin9 years ago

ရိုးသားခြင်းကို တကယ်သဘောကျကြရဲ့လား

ရိုးသားမှုဟာ အခြေခံလူတန်းစား ဘဝမှာ ထင်ရှားတဲ့
အသွေးအရောင် မပေါ်ထွက်ပေမဲ့ အောင်မြင်ထွန်းပေါက်
တဲ့ လူဖြစ်သွားရင်တော့ ရိုးသားမှုဟာ များစွာစကားပြော
လာပါတော့တယ်။ မြင်တွေ့နေရတာပါ။ လူတစ်ယောက်
အောင်မြင်လာပြီဆိုလျှင် သူနောက်ကြောင်းကို လူအများ
က စိတ်ဝင်စားစွာလိုက်ကြည့်ကြတယ်။

နောက်ကြောင်းကို လိုက်ကြည့်ကြတဲ့အခါ ငွေကိုလည်း
မကြည့်ပါဘူး။ ပညာကိုလည်း များစွာမကြည့်ပါဘူး။
ဆင်းရဲခဲ့တာကိုလည်း များစွာမကြည့်ဘူး။ အရပ်ဒေသ
ိုကိုလည်း များစွာ မကြည့်ဘူး။ ဘာကို ကြည့်သလဲဆိုရင်
ဒီလူဟာ အတိတ်တုန်းက ဘယ်လောက် ရိုးသားခဲ့ သလဲ
ဆိုတာကိုသာ အဓိက ကြည့်တာ ဖြစ်ပါတယ်။
(ဒီလိုကြည့်တာမှ ရိုးသားခြင်းရှာသော အမြင်ဖြစ်ပါ
တယ် )

အဲဒီလိုကြည့်ရင်း အောင်မြင်သူတစ်ယောက်၏ အတိတ်
ဟာ ကောက်ကျစ်စဉ်းလဲမှု၊ ယုတ်မာညစ်ပတ်မှု အထင်း
သားတွေ့မြင်လိုက်ပါက သူ၏ အောင်မြင်မှုကို ရိုးကျိုး
လေးစားခြင်း ၊စံပြအတုယူခြင်း မရှိတော့။ အလကားလူ
ပါကွာ ဟု နှာခေါင်းရှုံ့၍ ပစ်ခါကျောခိုင်းလိုက်သည် ဖြစ်ပါ
တယ်။

ကြားထိုးပြောစရာရှိပါတယ်။အောင်မြင်သူတစ်ယောက်
နောက်ကြောင်းကို လိုက်တဲ့အခါ အချို့က မရိုးသားခြင်းနဲ့ ပုဂ္ဂိုလ်
ရေးစော်ကားတာ မသဲကွဲကြဘူး။မိန်းကလေး အောင်မြင်
တယ်။ ဘာဖြစ်လာသလဲဆို အရင်က အငယ်အနှောင်း
ဖြစ်ဖူးတယ် ဆို၍ သွားပုတ်လေလွင့် ဖော်ထုတ်ကြတယ်။
ဒါဟာ မရိုးသားခြင်းလား။ ပုဂ္ဂိုလ်ရေး စော်ကားခြင်းလား။
မရိုးသား ဘူးဆိုတာ ဘယ်လိုနားလည်ထားသလဲ။
လင်ယူတာ ၊အိမ်ထောင်ကျဖူး တာ ဘာများ မရိုးသား
တာ ရှိသေးသလဲ။ ခေတ်က စပွန်စာပေးပြီး အတူနေတာ
ခေတ်စား ရင်လည်း ဒါက ခေတ်တစ်ခုလုံးနဲ့ ဆိုင်တဲ့
ဝေဖန်ထောက်ပြစရာ အချက်ဖြစ်ပါတယ်။ယခုအောင်မြင်
သူ မိန်းကလေးတစ်ယောက်ထဲ ကွက်ပြီး ထောက်ပြဝေ
ဖန်နေရင် မိမိကိုယ်တိုင်က စေတနာ မရိုးသားရာကျပါတယ်။

အများစု တွေ့နေရပါတယ်။ လူတစ်ယောက် ထွန်းပေါက်
သွားတယ် ဆို ပတ်ဝန်းကျင်က ဘယ်လိုကောင်းချီးပေး
ကြသလဲ။ အတိတ်မှာ သောက်ပြစ် ရှိခဲ့ မရှိခဲ့ ရှာနေသလို
ဖြစ်နေပါတယ်။ပြီး မရှိ ရှိအောင် အပြစ်ရှာ၍ ဂုဏ်ငယ်အောင်
ဖော်ထုတ်ကြတယ်။သူတို့ပြောတာက ရိုးသားခြင်းအတွက်
တင်ပြတာ လို့ဆိုတယ်။ နောက် တနည်း နားလည်လိုက်တာ
က အောင်မြင်သူတစ်ယောက်၏ နောက်ကြောင်းက
ရိုးသားခြင်း ရှိမရှိ ဖော်ထုတ်ကြတယ်ဆိုတာ ဂုဏ်ယူချင်
ကြတာထက် ဂုဏ်သိက္ခာကျစေဖို့ ဘာတွေရှိသလဲ ဆိုပြီး
အတိတ်ကို တူးဆွတာမျိုး ဖြစ်နေပါတယ်။လူဟာ ဘယ်
သူက အပြစ်ကင်းနေတဲ့ လူဖြစ်လို့လဲ။အနဲ အများ ချို့ယွင်း
ချက်ကလေးတွေ နဲ့သာ ဖြစ်ပါတယ်။

ရိုးသားခြင်းဟာ အောင်မြင်ပြီးသူအတွက် ဘဝဂုဏ်ရောင်
ပို၍ ထွန်းပြောင်စေတဲ့ အဆင်တန်ဆာ ဖြစ်တယ်။
ဆင်းရဲသူ အတွက် ဘဝတိုးတက်ရာ အရင်းအနှီးကောင်း
တစ်ခု ဖြစ်ပါတယ်။ဒီလို နားလည်ရသော်လည်း ဆင်းရဲသား
၏ ရိုးသားခြင်းအပေါ် ဂုဏ်ယူပြောဆိုကြတာ မျိုး၊
အလေးထား ရိုကျိုးကြတာမျိုး၊ လူရာသွင်း လက်တွဲကြ
တာမျိုး အင်မတန် နဲ ပါတယ်။ဒါက တစ်ခါတစ်ခါ စဉ်းစား
ကြည့်ရင် လူတွေက ရိုးသားခြင်းအကြောင်း ကောင်းတယ်
ပြောကြပေမဲ့ တကယ်ရိုးသားသူတွေ့သော အခါ လက်ဆွဲ
နှုတ်ဆက်ရမှန်းပင် မသိကြ။

ပြီး ရိုးသားခြင်းကို အလိုရှိကြတဲ့ လူတွေကိုယ်တိုင် ရိုးသား
ခြင်းဆိုတဲ့ ဝေါဟာရ၏ အနက်ထဲမှာ ဘယ်လို ထူးခြားဝိသေ
သနတွေ ပါဝင်နေသလဲဆိုတာ သိနားလည်ကြရဲ့လား။
မပေးပဲ မယူတာ ရိုးသားခြင်းပါ။ မလုပ်ပဲ မယူတာ ရိုးသား
ခြင်းပါ။လုပ်သလောက် ယူတာ ရိုးသားခြင်းပါ။ကိုယ့်တာဝန်
ကိုယ်ကျေတာ ရိုးသားခြင်းပါ။မသိတာကို မသိဘူး ပြောတာ
ရိုးသားခြင်းပါ။ မရှိတာကို မရှိဘူးပြောတာ၊ သိတာကို
သိတယ်ပြောတာ၊ မလာနိုင်တာကို မလာနိုင်ဘူးပြောတာ၊
မချစ်တာကို မချစ်ဘူးပြောတာ ၊ မုန်းတာကို မုန်းတယ်ပြော
တာ စတဲ့ လက္ခဏာ သဘောတွေက ရိုးသားခြင်း အပိုင်း
အစတွေပါ။ရိုးသားတယ်ဆိုတာ ဘာလဲ။သဲကွဲကြရဲ့လား။

နိဂုံးချုပ်ပါတယ်။
ရိုးသားခြင်း၏ ကောင်းကျိုးကို အောင်မြင်ပြီးရင် သိရမယ်။
အောင်မြင်သူနောက်ကို ရိုးသားခြင်း လိုက်ရှာကြတယ်။
အချို့က ပုဂ္ဂိုလ်ရေးနဲ့ ရိုးသားခြင်း မသဲကွဲ ကြဘူး။
ဆင်းရဲသား၏ ရိုးသားမှုကို တန်ဖိုးထားကြပါရဲ့လား။
ရိုးသားခြင်းမှာ ပါဝင်နေတဲ့ လက္ခဏာဝိသေတွေကို သေ
ချာ သိကြရဲ့လား။

Oo thaw

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.081
BTC 63011.78
ETH 1700.22
USDT 1.00
SBD 0.42