ငွေ​တွေကို အလုပ်​ရှာ​ပေပါ

in #knowledge7 years ago

#ငွေတွေကိုအလုပ်ရှာပေးပါ


စာရေးသူ - ဖူးကျော်ဇင် (Future Wave)

ငွေဆိုတာမျိုးက သူ့ကို အကျိုးဖြစ်ထွန်းအောင် ခိုင်းစေတတ်သူတွေအတွက် တကယ့်ကို စိတ်အားထက်သန်စွာ အလုပ်လုပ်ပေးတတ်တဲ့ အလုပ်သမားကောင်းပါ။

ငွေကို အလုပ်လုပ်ခိုင်းဖို့အတွက် ကိုယ်ပိုင်ဆိုင်ထားတဲ့ ငွေတွေကို ကိုယ့်အလုပ်သမားတွေ လို့မြင်ယောင်ကြည့်ပါ။ ဥပမာ - ကိုယ့်မှာ ပိုင်ဆိုင်ထားတဲ့ငွေ (၅ဝ) သိန်းရှိရင်… အဲ့ဒီငွေ (၅ဝ)သိန်းဟာ ကိုယ့်အလုပ်သမားတွေဖြစ်ပါတယ်။ ပိုင်ဆိုင်ငွေ သိန်း (၅ဝဝ) ရှိရင်တော့ အဲ့ဒီငွေ သိန်း (၅ဝဝ) ဟာ ကိုယ့်အလုပ်သမားတွေပဲပေါ့။

ငွေတွေကို အလုပ်လုပ်ခိုင်းပြီး ငွေရှာတာဟာ ရင်းနှီးမြုပ်နှံမှု လုပ်တာဖြစ်ပါတယ်။

ဒါပေမယ့် လူအတော်များများဟာ သူတို့ရဲ့ငွေတွေကို အလုပ်မလုပ်ခိုင်းကြပါဘူး။ သူတို့ရဲ့ ငွေကြေးတွေကို စိတ်မချတဲ့အတွက် အလုပ်မခိုင်းဘဲ ရင်အုပ်မကွာ သိမ်းထားတတ်ကြပါတယ်။ ဥပမာပြောရရင်… သားသမီးတွေကို စိတ်မချလို့ အလုပ်မလုပ်ခိုင်းဘဲ အိမ်မှာနေခိုင်းထားတဲ့ အုပ်ထိန်းသူတွေလိုပေါ့။ ဒါကြောင့် သူတို့ရဲ့ငွေတွေကလည်း အလုပ်မလုပ်တတ်ကြတော့ပါဘူး။

ငွေတွေဟာ အလုပ်သမားကောင်းတွေဖြစ်ပေမယ့် ကိုယ်ကအလုပ်မလုပ်ခိုင်းဘဲထားရင် တော့ သူတို့တွေဟာ "အလုပ်လက်မဲ့တွေ" သာ ဖြစ်မှာပါ။

အလုပ်အကိုင်မရှိသေးတဲ့သူတွေဟာ အလုပ်ရှာဖို့လိုအပ်ပါတယ်။ ဒီလိုပါပဲ အလုပ်အကိုင်မရှိသေးတဲ့ ကိုယ့်ရဲ့ငွေတွေကိုလည်း အလုပ်ရှာပေးရမှာဖြစ်ပါတယ်။

ရင်းနှီးမြုပ်နှံသူ တစ်ယောက်အနေနဲ့ လုပ်လေ့လုပ်ထရှိတာကတော့ ကိုယ့်ငွေအလုပ်သမားတွေ အလုပ်လုပ်နိုင်ဖို့အတွက် အလုပ်ခွင်ကောင်းကောင်းကို ရှာပေးတာပဲ။

#လူတွေအလုပ်ရှာကြခြင်း

လူတွေအလုပ်ရှာကြတဲ့နေရာမှာ အလုပ်ခေါ်စာတွေ၊ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ (Agency)တွေ၊ အလုပ်ရှာ ဂျာနယ်တွေ၊ အလုပ်ရှာ အင်တာနက်စာမျက်နှာ (Website) တွေက တဆင့် ရှာဖွေကြသလို အသိမိတ်ဆွေ သူငယ်ချင်းတွေဆီမှ တဆင့်လည်းရှာဖွေလေ့ရှိကြပါတယ်။
အလုပ်တစ်ခုတွေ့ပြီဆိုရင်လည်း ဒီအလုပ်ဟာ ကိုယ်နဲ့သင့်တော်ရဲ့လား၊ လူမှန် နေရာမှန် ဖြစ်ရဲ့လား၊ ရေရှည်အကျိုးရောရှိရဲ့လား၊ လစာဝင်ငွေ နဲ့ အကျိုးခံစားခွင့် အခြေအနေကောင်းရဲ့ လား၊ တိုးတက်နိုင်ချေရှိသလား၊ အလုပ်ရှင်ကရော ဆက်ဆံရေးအဆင်ပြေရဲ့လား စသဖြင့် ရွေးချယ် စဉ်းစားပြီးမှ ဝင်ရောက်လုပ်ကိုင်ကြတာပါ။

#ငွေတွေကိုအလုပ်ရှာပေးခြင်း

ငွေတွေကို အလုပ်ရှာပေးရာမှာ လူတွေအလုပ်ရှာသလို အေဂျင်စီ (Agency) တွေကဆင့် ရှာပေးလို့ မရနိုင်ပါဘူး။ ကိုယ့်ရဲ့ ငွေတွေ အလုပ်အကိုင်ကောင်းကောင်း (ရင်းနှီးမြုပ်နှံမှုကောင်း) ရဖို့အတွက် အခွင့်အလမ်းကောင်း (Opportunities) တွေကို အမြဲတမ်း စောင့်ကြည့်ရှာဖွေနေရမှာ ဖြစ်ပါတယ်။ မှန်ကန်တဲ့ သတင်းအချက်အလက်တွေရဖို့၊ အဆက်အသွယ်ကောင်းတွေရဖို့ အများကြီး လိုအပ်ပါတယ်။ ဒီအတွက် ယုံကြည်စိတ်ချရတဲ့ မိတ်ကောင်းဆွေကောင်းတွေလည်း လိုအပ်သလို၊ ကိုယ်တိုင်ကလည်း လိမ္မာပါးနပ်ဖို့၊ အတွေ့အကြုံရှိဖို့ လိုအပ်ပါတယ်။
လူတွေကိုအလုပ်ရှာပေးရတာထက် ငွေတွေကို အလုပ်ရှာပေးရတာက ပိုမိုခက်ခဲ သိမ်မွေ့ ပါတယ်။ ရင်းနှီးမြုပ်နှံသူ ငွေပိုင်ရှင်တစ်ဦးအနေနဲ့ ကိုယ့်ငွေ အလုပ်သမားတွေကို မှန်ကန်တဲ့ လုပ်ငန်းခွင်ရှာပေးဖို့ လိုအပ်သလို ငွေမှန် (Right Money)၊ နေရာမှန် (Right Place)၊ အချိန်မှန် (Right Time) ဖြစ်ဖို့လည်း လိုအပ်ပါတယ်။ ကိုယ့်ငွေအတွက် စိတ်ချရပြီး အကျိုးများစေမယ့် လုပ်ငန်းခွင်တွေ့ပြီဆိုတာနဲ့ ဝင်ရောက်လုပ်ကိုင်စေပါ။

#အလုပ်သမားတွေကိုဂရုစိုက်ပါ

ကိုယ့်ငွေတွေကို အလုပ်ရှာပေးပြီးရုံနဲ့ မပြီးသေးပါဘူး။ အလုပ်လုပ်နေတဲ့ လုပ်ငန်းခွင်က ကိုယ့်ငွေတွေကို လစာကောင်းကောင်းပေးရဲ့လား (အကျိုးအမြတ်ထွက်ရဲ့လား)၊ ကောင်းကောင်း မွန်မွန်ဆက်ဆံကြရဲ့လား၊ ဒါမှမဟုတ် ကိုယ့်ငွေတွေ သူတစ်ပါးလက်အောက်မှာ အဆဲအဆိုခံ၊ အနှိမ်ခံဘဝနဲ့ ပင်ပန်းတကြီး အလုပ်လုပ်နေရပြီး ဘာအကျိုးရလဒ်မှ မရရှိဘူးလား စသဖြင့် အမြဲ ဆန်းစစ်နေသင့်ပါတယ်။
ကိုယ့်ငွေတွေဟာ အလုပ်ခွင်မှာ တကယ် ကြိုးစားရမယ်၊ အလုပ်ကို ကောင်းကောင်း (ရလဒ်) ထွက်အောင်လုပ်တတ်ရမယ်။ တက်ကြွဖျတ်လတ်ရမယ်။ စည်းကမ်းရှိရမယ်။ တာဝန်ကျေရမယ်။ သစ္စာရှိရမယ်။ အလုပ်သမားတွေကို ကြည့်ကြပ်ကွပ်ကဲ မှုတွေလုပ်ရသလို ကိုယ့်ငွေအလုပ်သမားတွေကိုလည်း သေချာကြီးကြပ်ကွပ်ကဲရပါတယ်။ ကိုယ့်ငွေတွေဟာ အလုပ်သမားကောင်းတွေဖြစ်လာဖို့ အတွက် ပိုင်ရှင်ဖြစ်တဲ့ သင့်ရဲ့ စီမံခန့်ခွဲမှု၊ ခေါင်းဆောင်မှု အပေါ်မှာ မူတည်ပါတယ်။

အလုပ်သမားတွေကို ဂရုမစိုက်တဲ့ အလုပ်ရှင်ဆီက အလုပ်သမားတွေဟာ ထွက်ပြေးမှာပါ။ ငွေဟာလည်း သူ့ကို ဂရုမစိုက်တဲ့ ပိုင်ရှင်ဆီကနေ ထွက်ပြေးသွားတတ်ပါတယ်။ ဒါကြောင့် ကိုယ့်ငွေလေးတွေကို အမြဲ လေးလေးစားစား တန်ဖိုးထားဂရုစိုက်စောင့်ရှောက်ပေးသင့်ပါတယ်။ ဒါမှ အလုပ်သမားတွေဖြစ်တဲ့ ကိုယ့်ရဲ့ ငွေတွေဟာလည်း စိတ်အားတွေထက်သန်လာပြီး ကိုယ့်အတွက် အစွမ်းကုန်အလုပ်လုပ်ပေးကြပါလိမ့်မယ်။

#စိတ်မချရတဲ့အလုပ်ခွင်

တချို့တွေက ကိုယ့်ငွေကို အန္တရာယ်ရှိတဲ့ အလုပ်ခွင်တွေ၊ စိတ်မချရတဲ့အလုပ်ခွင်တွေမှာ အလုပ်လုပ်ခိုင်းတတ်ကြပါတယ်။ လူတွေဟာ သူတစ်ပါးလက်အောက်မှာ အဆဲဆိုခံ၊ အနိုင်ကျင့်ခံ ပြီး မဖြစ်စလောက် လစာငွေလေးနဲ့ အလုပ်မလုပ်ချင်ကြပေမယ့် ကိုယ့်ငွေတွေကိုတော့ ကိုယ်ကျိုးသာ ကြည့်တတ်တဲ့ လူတွေဆီမှာ ပုံပေးပြီး အလုပ်လုပ်ခိုင်းဖို့ကိုတော့ ဝန်မလေးကြပါဘူး။

ငွေချေးလိုက်တာဟာ ကိုယ့်အလုပ်သမားတွေကို သူတစ်ပါးလက်ထဲအပ်လိုက်တာ ဖြစ်ပါတယ်။ သူတို့ဟာ ကိုယ့်အလုပ်သမားတွေကို ငှားယူသွားပြီး ကောင်းကောင်းခိုင်းစားကြ ပါတယ်။ တချို့ဆို ကိုယ့်အလုပ်သမားတွေကို ပြန်မပေးတော့ပါဘူး။ သူတို့ထွက်ပြေးသွားပြီ လို့လည်း ပြောကြပါတယ်။ ဒီအလုပ်ခွင်မျိုးမှာ ကိုယ့်ငွေတွေကို လုပ်ခိုင်းတာဟာ နည်းနည်းစွန့်စား ရပါတယ်။ ကိုယ့်အလုပ်သမားတွေကို အာမခံနဲ့ငှားပြီး ကောင်းကောင်းဆက်ဆံ၊ အကျိုးအမြတ် ကောင်းကောင်းပေးထားတဲ့ သူမျိုးတွေရှိရင်တော့ ငှားသင့်ရင်ငှားလို့ရပါတယ်။

တချို့က ကိုယ့်ငွေအလုပ်သမားတွေကို လောင်းကစားဝိုင်းတွေမှာ အလုပ်ဝင်ခိုင်း ကြပါတယ်။ ဒါဟာ ကိုယ့်အလုပ်သမားတွေကို အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်ခိုင်း တာနဲ့ တူပါတယ်။ အသက်အန္တရာယ်ရှိတဲ့ အလုပ်ခွင်မျိုး ကိုယ့်အလုပ်သမားတွေကို မရှာပေးပါနဲ့။ ဒီမလိုမှ မဟုတ်ရင် "ငါ့အလုပ်သမားတွေ ဘယ်ရောက်ကုန်သလဲ" ဆိုပြီး စိတ်ပူပန်နေရမှာပါ။
ကိုယ့်အလုပ်သမားတွေကို ဘဏ်မှာ အပ်ထားတာဟာလည်း ကိုယ့်ငွေတွေက ဘဏ်လုပ်ငန်းမှာဝင်ပြီး ဘဏ်အတွက်အလုပ်လုပ်နေရတာဖြစ်ပါတယ်။ လုံခြုံသက်သာပေမယ့် လစာကတော့ အင်မတန်မှနည်းပါးလှပါတယ်။ ရေရှည်တိုးတက်မှုအလားအလာလည်း အရမ်းနည်းတဲ့ နေရာ ဖြစ်ပါတယ်။

ကိုယ့်ငွေတွေ အလုပ်လုပ်နေတဲ့ လုပ်ငန်းခွင်က အဆင်မပြေဘူး၊ အန္တရာယ်ရှိနိုင်တယ်၊ အလုပ်သာလုပ်ရတာ လစာက မကောင်းဘူးဆိုရင်တော့ သူတို့ကို အလုပ်ကနေ ထွက်ခိုင်းရပါမယ်။ နောက်အလုပ်သစ်တစ်ခုကို ပြောင်းဖို့ ရှာပေးသင့်ရင် ရှာပေးရပါတယ်။ ဒါဟာ ရင်းနှီးမြုပ်နှံသူတွေ ဘာလုပ်ကြသလဲဆိုတဲ့အချက် ဖြစ်ပါတယ်။

ဒါကြောင့် ဒီနေ့ကစပြီး စဉ်းစားပါ။ ကိုယ်ဟာ ငွေအတွက် အလုပ်လုပ်နေတာလား၊ ငွေက ကိုယ့်အတွက် အလုပ်လုပ်နေတာလားဆိုတာကိုပေါ့။ ကျွန်တော်တို့ လက်ထဲမှာ ငွေတွေဘယ် လောက်ရှိသလဲဆိုတာထက် ကျွန်တော်တို့အတွက် အလုပ်လုပ်ပေးနေတဲ့ ငွေအလုပ်သမားတွေ ဘယ်လောက်ရှိသလဲဆိုတာက အရေးကြီးပါတယ်။

ကိုယ့်ဆီမှာ ကိုယ့်အတွက် အလုပ်လုပ်ပေးကြမယ့် အလုပ်သမားတွေ မရှိသေးဘူး ဆိုရင်တော့ ဒီနေ့ကစတင်ပြီး စုဆောင်းထားပါ။ ကိုယ့်ရဲ့ စုဆောင်းငွေတွေဟာ အနာဂတ်မှာ ကိုယ့်ကို အလုပ်အကျွေးပြုကြမယ့် အလုပ်သမားကောင်းတွေဖြစ်လာမှာပါ။

အခုလက်ရှိ သင့်မှာ ပိုင်ဆိုင်ထားတဲ့ငွေကြေးတွေ အတန်အသင့် စုမိဆောင်းမိဖြစ်နေပြီ ဆိုရင်တော့ သူတို့ကို ဒီအတိုင်း အလုပ်လက်မဲ့ထားမယ့်အစား အလုပ်ရှာပေးဖို့လိုအပ်ပါတယ်။ ဒီနေ့ကစပြီး သူတို့အတွက် အလုပ်ခွင်ကောင်းကောင်းသာရှာပေးလိုက်ပါတော့ဗျာ။

Let’s Fly Together!
Phoo Kyaw Zin - Future Wave
Author & Motivational Speaker
Founder of Future Wave Success & Motivation Training

ငွေ​ကြေးဆို​င်​ရာ​ဘဝ​အောင်​မြင်​​ရေးသင်​တန်းအဖြစ်
MASTER OF MONEY
Financial Education & Cash Flow 101 Game သင်တန်းကို … ဇူလိုင်​ (၂၉) ရက်နေ့ တွင်​ Future Wave Training ၌ ​အောက်​ပါ အစီအစဉ်​ အတိုင်း ဖွင့်​လှစ်​ပါ​တော့မည်​။

#စတင်မည့်ရက် ။ ။ ၂၉.၇.၂၀၁၇ (စနေနေ့)
#သင်တန်းအချိန် ။ ။ ညနေ (၅) နာရီမှ ည (၈) နာရီအထိ
#သင်တန်းကာလ ။ ။ စနေ၊ တနင်္ဂနွေ ၂ ပတ် (စုစုပေါင်း ၄ ရက်)
#သင်တန်းရက်များ ။ ။ ဇူလိုင်​ ၂၉ ၊ ၃၀ နှင့်​ သြဂုတ်​ ၅ ၊ ၆

အ​သေးစိတ်​ ကို ​အောက်​ပါ Link တွင်​ ဝင်​​ရောက်​ဖတ်​ရှုနိုင်​ပါသည်​။
https://m.facebook.com/story.php?story_fbid=1979966238903281&substory_index=0&id=1441932232706687

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.028
BTC 65178.97
ETH 3261.27
USDT 1.00
SBD 2.68