~ ဗွိုင်ယေဂျာ (၁) (သို့မဟုတ်) အာကာသမာရသွန်ခရီးသည်လေး ~ .

in #knowledge7 years ago

~ ဗွိုင်ယေဂျာ (၁) (သို့မဟုတ်) အာကာသမာရသွန်ခရီးသည်လေး ~
.
မှတ်ချက် - စိတ်ကူးယဉ်ဇာတ်လမ်းမဟုတ်ပါ ... လူတိုင်းအတွက်လည်း မရည်ရွယ်ပါ .. အာကာသသိပ္ပံနဲ့ အာကာသသမိုင်း စိတ်ဝင်စားသူများအတွက်သာ ...။ Comment တွေမှာ ဓါတ်ပုံလေးတွေလည်း ထပ်ဖြည့်ပေးထားပါတယ် ...။
.
၁၉၇၇ ခုနှစ် .. နှစ်ကုန်ပိုင်း ရာသီဥတု သာယာကြည်လင်တဲ့ နေ့တစ်နေ့မှာ ဗွိုင်ယေဂျာ (၁) Voyager-1 ဆိုတဲ့ အာကာသမာရသွန်ခရီးသည်လေးတစ်ဦးဟာ ကမ္ဘာမြေပေါ်ကနေ အာကာသရဲ့ အဝေးဆုံးတစ်နေရာအထိ အရောက်သွားမယ်ဆိုတဲ့ ရည်မှန်းချက်အပါအဝင် တာဝန်ကြီးသုံးရပ်ကို ထမ်းဆောင်ဖို့ သူ့ရဲ့ ခရီးရှည်ကြီးကို စတင်ခဲ့ပါတယ် ...။ ရက်အနည်းငယ်အကြာမှာပဲ မာရသွန်ခရီးသည်လေးဟာ လမင်းစန္ဒာနဲ့ မြေကမ္ဘာရဲ့ ယှဉ်တွဲလျှက် ပုံရိပ်ကို ကမ္ဘာမြေကြီးနဲ့ အကွာအဝေး ကီလိုမီတာ (၁၁) သန်းကျော်ကနေ ပထမဦးဆုံးအဖြစ် ရိုက်ကူးပေးပို့ခဲ့ပါတယ် ...။ ၁၉၇၉ ခုနှစ် မတ်လဆန်းလောက်မှာတော့ သူဟာ ဂျူပီတာဆိုတဲ့ နေစင်္ကြာဝဠာထဲက အကြီးဆုံး ဂြိုလ်ကြီးအနီးကနေ ဖြတ်သမ်းသွားခဲ့ပါတယ် ...။ ဂျူပီတာဂြိုလ်ရဲ့ ပုံရိပ်တွေ ... ဂြိုလ်ရံလတွေရဲ့ ပုံရိပ်တွေ စသည်ဖြင့် များစွာရိုက်ကူးပြီး ကမ္ဘာပေါ်ကို ပေးပို့ခဲ့ပါတယ် ...။ သူ့ရဲ့ ကျေးဇူးကြောင့် ကမ္ဘာ့လူသားသမိုင်းတစ်လျှောက် မရပ်မနားတိုက်ခတ်နေတဲ့ ဂျူပီတာဂြိုလ်ပေါ်က မဟာအနီစက်ကြီးလို့ခေါ်တဲ့ အနီရောင်မုန်တိုင်းကြီးရဲ့ အနီးကပ်ပုံရိပ်တွေကိုလည်းကောင်း .. ဂျူပီတာဂြိုလ်ရံလ အိုင်အိုရဲ့ မျက်နှာပြင်ပေါ်က မဟာမီးတောင်ပေါက်ကွဲမှုတွေကိုလည်းကောင်း ... ဂျူပီတာဂြိုလ်ရံလ ကယ်လစ်တိုရဲ့ အမှောင်ထုထဲမှာ အရောင်တလက်လက်တောက်ပနေတဲ့ ပုံရိပ်တွေကိုလည်းကောင်း ကမ္ဘာပေါ်က အာကာသသိပ္ပံပညာရှင်ပေါင်းများစွာဟာ ကြည့်ရှုရင်း ရင်သပ်ရှုမောအံသြမှုတွေ ဖြစ်ခဲ့ကြရပါတယ် ...။ ၁၉၈၀ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာတော့ အာကာသခရီးသည်လေး ဗွိုင်ယေဂျာ (၁) ဟာ စနေဂြိုလ်နားကို ရောက်ရှိသွားခဲ့ပါတယ် ...။ စနေဂြိုလ်ရဲ့ ဂြိုလ်ရံလတွေဖြစ်တဲ့ တက်သိစ် ၊ ဒီရွန်း ၊ အန်ဆီးလ်ဒတ်စ် နဲ့ တိုက်တန် တို့ရဲ့ ပုံရိပ်တွေကို အနီးကပ် ရိုက်ကူးပြီး ကမ္ဘာပေါ်ကို ပေးပို့နိုင်ခဲ့ပါတယ် ...။ လူသိများလှတဲ့ စနေဂြိုလ်ရဲ့ ခါးပါတ်ကွင်းတွေပေါ်အထိ ပျံသမ်းခဲ့ပြီး ဒုတိယခါးပါတ်ကွင်းရဲ့ ပုံရိပ်တွေအထိ အနီးကပ်ရိုက်ကူးပြီး ပေးပို့နိုင်ခဲ့ပါတယ် ...။ စနေဂြိုလ်ကို ဖြတ်သမ်းပြီးသွားတဲ့အချိန်မှာတော့ မာရသွန်ခရီသည်လေးဟာ သူ့ရဲ့ ပထမတာဝန်ကြီးကို အောင်မြင်စွာ ထမ်းဆောင်ခဲ့ပြီဖြစ်ပါတယ် ...။
.
ခရီးသည်လေးဗွိုင်ယေဂျာ နဲ့ ကမ္ဘာမြေ ကီလိုမီတာပေါင်း သန်း (၆,၀၀၀) အကွာအဝေး (ပလူတိုဂြိုလ်နှင့် ကမ္ဘာ့အကွာအဝေးခန့်) ကိုရောက်ရှိချိန်မှာတော့ အမျိုးသား အာကာသနှင့် လေကြောင်းဦးစီးဌာန NASA ဟာ ဗွိုင်ယေဂျာရဲ့ ကင်မရာကို ကမ္ဘာမြေဖက်ကို နောက်ဆုံးအကြိမ်အဖြစ်လှည့်ပြီး ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာမြေကြီးရဲ့ ပုံရိပ်ကို ရိုက်ကူးလိုက်ပါတယ် ...။ အဲဒီနေ့ဟာ ကမ္ဘာပေါ်မှာ ၁၉၉၀ ခုနှစ်ရဲ့ ချစ်သူများနေ့ပဲဖြစ်ပါတယ် ...။ သူ့ဆီက ပုံရိပ်ကို လက်ခံရရှိတဲ့အချိန်မှာတော့ ကျွန်တော်တို့အားလုံးတွေ့မြင်လိုက်တဲ့ လူသားတွေအားလုံးနေထိုင်ကြတဲ့ ကမ္ဘာကြီးဆိုတာဟာ မှုန်ဝါးဝါးပြာဖျော့ဖျော့ အစက်လေးတစ်စက်မျှအဖြစ်ပဲ မြင်တွေ့ရပါတော့တယ် ...။ ၂၀၀၄ ခုနှစ် ဒီဇင်ဘာလ ဒုတိယပါတ်လောက်မှာတော့ သူဟာ ကမ္ဘာမြေနဲ့ ကီလိုမီတာသန်းပေါင်း (၁၄,၀၀၀) အကွာအဝေးကို ရောက်ရှိသွားပါပြီ ...။ အဲဒီနေရာဟာ Termination Shock လို့ခေါ်တဲ့ နေစင်္ကြာဝဠာရဲ့ ပထမအနားသတ်ဇုံ နေရာပဲဖြစ်ပါတယ် ...။ Termination Shock ဟာ စက်လုံးပုံသဏ္ဍန်ရှိနေပြီး နေဆွဲအားအာဏာစက် သက်ရောက်မှုရဲ့ နောက်ဆုံးနေရာပဲဖြစ်ပါတယ် ...။ ၂၀၁၂ ခုနှစ် သြဂုတ်လ (၂၂) ရက်နေ့မှာတော့ ဗွိုင်ယေဂျာ (၁) ခရီးသည်လေးဟာ ကမ္ဘာမြေနဲ့ ကီလိုမီတာသန်းပေါင်း (၁၈,၄၀၀) အကွာအဝေးကိုရောက်ရှိပြီး ဟေလီယိုပေါ့စ် Heliopause လို့ခေါ်တဲ့ နေစင်္ကြာဝဠာရဲ့ ဒုတိယအနားသတ်ဇုံ (သို့မဟုတ်) နေစင်္ကြာဝဠာကြီးတစ်ခုလုံးရဲ့ ဦးခေါင်းပိုင်းနေရာကနေ ဖြတ်သမ်းရုန်းထွက်သွားခဲ့ပြီဖြစ်ပါတယ် ...။ အဲဒီအချိန်ကစလို့ ဗွိုင်ယေဂျာ (၁) အာကာသခရီးသည်လေးဟာ နေစင်္ကြာဝဠာ နေမိသားစုရဲ့ အပြင်ဖက် Interstellar Space လို့ခေါ်တဲ့ ကြယ်တာရာတစ်ခုနဲ့ တစ်ခုကြား အာကာသဇုံအတွင်းကို ပထမဆုံးရောက်ရှိသွားတဲ့ အာကာသယာဉ်အဖြစ် စံချိန်တင်စာရင်းဝင်သွားခဲ့ပါတော့တယ် ...။
.
ဗွိုင်ယေဂျာ (၁) အာကာသမာရသွန် ခရီးသည်လေးဟာ ကမ္ဘာ့လူသားတွေ ဖန်တီးပြုလုပ်ထားတဲ့ နေမိသားစုကို ပထမဆုံးအကြိမ် အမြန်ဆုံးအလျှင်နှုန်းနဲ့ စွန့်ခွာခရီးနှင်သွားတဲ့ အာကာသယာဉ်လေးပဲဖြစ်ပါတယ် ...။ သူဟာ ဒီအချိန်မှာတော့ တစ်နာရီကို ကီလိုမီတာ (၆၂,၀၀၀) နှုန်းနဲ့ ဆက်လက်ခရီးနှင်နေဆဲပါပဲ ...။ သူ့ရဲ့ မြန်နှုန်းကို တစ်ခြားသော မြန်နှုန်းတွေနဲ့ နှိုင်းယှဉ်ပြရရင်တော့ အသံဟာ တစ်နာရီကို (၁,၂၂၄) ကီလိုမီတာ ၊ အသံထက်မြန်တဲ့ ကွန်ကော့ခရီးသည်တင် ဂျက်လေယာဉ်ဟာ တစ်နာရီကို (၂,၁၆၀) ကီလိုမီတာ ၊ ပစ်လွှတ်လိုက်တဲ့ ကျည်ဆံတစ်ခုဆိုရင်တော့ တစ်နာရီကို (၂,၇၆၀) ကီလိုမီတာ အသီးသီးရှိကြတဲ့အတွက် ကမ္ဘာပေါ်က အမြန်ဆုံးဆိုတဲ့ အရာတွေထက် (၂၃) ဆ မြန်နှုန်းနဲ့ ခရီးနှင်နေတာပဲဖြစ်ပါတယ် ...။ ပိုပြီးမြင်သာအောင်ပြောရရင် ဗွိုင်ယေဂျာ (၁) အာကာသယာဉ်ရဲ့ လက်ရှိမြန်နှုန်းနဲ့ ရန်ကုန်ကနေ ငွေဆောင်ကမ်းခြေကို သွားမယ်ဆိုလျှင် အချိန် (၁၁) စက္ကန့် ... ရန်ကုန်ကနေ နေပြည်တော်ကြပ်ပြေးကို အချိန် (၁၈) စက္ကန့် ... ရန်ကုန်ကနေ နယူးယောက်မြို့ကို (၁၆) မိနစ်နဲ့ (၁၈) စက္ကန့်ပဲ ကြာမြင့်မှာဖြစ်ပါတယ် ...။
.
ကျွန်တော်တို့ နေစင်္ကြာဝဠာမှာ အိမ်နီးချင်းစင်္ကြာဝဠာတွေ ရှိပါတယ် ... အနီးဆုံး စင်္ကြာဝဠာဖြစ်တဲ့ အယ်လ်ဖာစန်တောရီကတော့ Alpha Centauri အလင်းနှစ် (၄.၃၆) နှစ်ကွာဝေးပါတယ် ... ဒါဟာ ကီလိုမီတာ သန်းပေါင်း (၄.၁၃) သန်းခန့်နဲ့ ညီမျှပါတယ် ... ဂဏန်းနံပါတ်အနေနရဲ့ ရေးပြရလျှင်တော့ (၄,၁၂၄,၅၆၀,၀၀၀,၀၀၀) ကီလိုမီတာဖြစ်ပါတယ် ...။ ဒီအကွာအဝေးကို ဗွိုင်ယေဂျာ (၁) အနေနဲ့ ခရီးနှင်ဖို့ နှစ်ပေါင်း (၇၆,၀၀၀) ကျော်ကြာမြင့်မှာဖြစ်ပါတယ် ...။ တစ်စုံတစ်ခုကများ ကျွန်တော်တို့ရဲ့ အာကာသခရီးသည်လေးကို မထိမိမခိုက်မိလျှင်တော့ သူဟာအန္တရာယ်ကင်းကင်းနဲ့ အာကာသတွင်းမှာ အမြဲတန်းခရီးနှင်နေမှာဖြစ်ပါတယ် ...။ ဒီအချိန်အထိတော့ ဗွိုင်ယေဂျာ (၁) အာကာသယာဉ်လေးဟာ Termination Shock တွေ Heliopause တွေ Bow Shock တွေ စတဲ့ မဟာအခက်အခဲတွေကိုဖြတ်သမ်းပြီး အန္တရာယ်ကင်းကင်းနဲ့ Interstellar Space ထဲမှာ ခရီးနှင်ရင်း တစ်ပိုင်းတစ်စကျန်ရှိနေတဲ့ တာဝန်တွေကို ထမ်းဆောင်ဆဲဖြစ်ပါတယ် ...။ သူဟာ ကမ္ဘာမြေနဲ့ အဆက်အသွယ်လုပ်ရာမှာ ၃.၆ မီတာ အင်တီနာအသုံးပြုပြီး ကမ္ဘာပေါ်က ခိုင်းစေချက်တွေကို လက်ခံဆောင်ရွက်ပေးပါတယ် ... ဒါပေမယ့် Remote Control ကလေးကစားစရာတွေကို စေခိုင်းသလိုတော့ မလွယ်ကူလှ မမြန်ဆန်လှပါဘူး ...။ ကျွန်တော်တို့ ကမ္ဘာပေါ်မှာ ဒီဘက်က ခလုပ်တစ်ချက်နှိပ်လိုက်တာနဲ့ လက်တစ်ကမ်းအကွာက ကစားစရာကားလေးဆီကို စေခိုင်းချက် ချက်ခြင်းရောက်ရှိပြီး ကားကလေးရွေ့သွားနိုင်ပေမယ့် ကီလိုမီတာသန်းပေါင်း (၆,၀၀၀) လောက်အကွာအဝေးကို လှမ်းပြီး Instruction ပေး စေခိုင်းရာမှာတော့ နာရီပေါင်း (၂၀) နီးပါးလောက် ကြာမြင့်ပါတယ် ...။ ဒီလိုပဲ ဗွိုင်ယေဂျာ (၁) အာကာသယာဉ်ကနေ ကမ္ဘာပေါ်ကို အချက်အလက်ပြန်ပို့လျှင်လည်း နာရီ (၂၀) နီးပါး ကြာပြန်ပါတယ် ...။ ဗွိုင်ယေဂျာ (၁) အာကာသယာဉ်ဟာ စေခိုင်းချက်တွေကို အကြောင်းပြန်ရာမှာ သူ့ရဲ့ အင်တီနာကနေ 22.4 Watt စွမ်းအားနဲ့ ကမ္ဘာမြေပေါ်ကို ပြန်ပို့လေ့ရှိပါတယ် ... ဒါပေမယ့် ကမ္ဘာပေါ်က သိပ္ပံပညာရှင်တွေကတော့ အလွန်ဝေးကွာလွန်းတဲ့ နေရာက သူ့ရဲ့ အကြောင်းပြန်မှုတွေကို 10^ -16 Watt စွမ်းအား လောက်ပဲ လက်ခံရရှိပါတယ် ... ဂဏန်းနံပါတ်နဲ့ဆိုရင်တော့ 0.000,000,000,000,000,1 Watt စွမ်းအားပဲ လက်ခံရရှိပါတယ် ...။ ဆက်သွယ်ရေးမြန်နှုန်းအနေနဲ့ဆိုလျှင်လဲ ဗွိုင်ယေဂျာဟာ 160 bits/sec နှုန်းနဲ့ သူ့ရဲ့ သတင်းအချက်အလက်တွေကို ပေးပို့နေတာဖြစ်ပါတယ် ...။ ကျွန်တော်တို့ မြန်မာနိုင်ငံက အများသုံးအင်တာနက် မြန်နှုန်း 1MB ဆိုတာဟာ ဗွိုင်ယေဂျာ (၁) သတင်းအချက်အလက်ပေးပို့မှုရဲ့ မြန်နှုန်းထက် (၆,၅၅၄) ဆ မြန်ပါတယ် ...။ ကမ္ဘာပေါ်က သိပ္ပံပညာရှင်တွေဟာ အလွန်ကိုစွမ်းအားကြီးမားတဲ့ အင်တီနာကြီးတွေသုံးပြီး ဗွိုင်ယေဂျာ (၁) အာကာသယာဉ်ကို ခဲရာခဲဆစ် ဆက်သွယ်ကြရတာပဲဖြစ်ပါတယ် ...။ အချက်အလက် သိုလှောင်နိုင်စွမ်းကို ကြည့်မယ်ဆိုလျှင်လည်း ဗွိုင်ယေဂျာ (၁) အာကာသယာဉ်ဟာ 69.63 kb ပဲရှိပါတယ် ... ဒီနေ့ဒီအချိန် သူသူကိုယ်ကိုယ် ကိုင်တွယ်အသုံးပြုနေကြတဲ့ iPhone-6 16 GB ရဲ့ အချက်အလက်သိုလှောင်နိုင်စွမ်းဟာ ဗွိုင်ယေဂျာ (၁) အာကာသယာဉ်ပေါင်း (၂) သိန်း (၄) သောင်းကျော်နဲ့ ညီမျှပါတယ် ...။ အချက်အလက် တွက်ချက်နိုင်စွမ်းကို ကြည့်မယ်ဆိုလျှင်လည်း ဗွိုင်ယေဂျာ (၁) အာကာသယာဉ်ဟာ 81,000 ips ရှိပါတယ် ... iPhone-6 ဟာ ဗွိုင်ယေဂျာ (၁) အာကာသယာဉ်ထက် အဆပေါင်း (၄) သောင်း (၂) ထောင်နီးပါး ပိုပြီး မြန်ဆန်ပါတယ် ...။ ဒါတွေဟာ ရီစရာတော့မဟုတ်ပါဘူး ... ၁၉၇၇ ခုနှစ်အချိန်က နည်းပညာနဲ့ သိပ္ပံပညာရှင်တွေရဲ့ အကောင်းဆုံးကျိုးစားအားထုတ်ထားမှုတွေပဲဖြစ်ပါတယ် ...။ ၂၀၂၅ ခုနှစ်မှာတော့ ဗွိုင်ယေဂျာ (၁) အာကာသယာဉ်လေးမှာ ပါတဲ့ စွမ်းအင်တွေ အားလုံး ကုန်ဆုံးသွားတော့မှာဖြစ်ပါတယ် ... ကမ္ဘာမြေနဲ့ ဆက်သွယ်မှုအားလုံးကိုလည်း အဲဒီအချိန်မှာ ရပ်ဆိုင်းလိုက်ပြီး သူ့ရဲ့ ဒုတိယတာဝန်ကြီးကို အဆုံးသတ်တော့မှာဖြစ်ပါတယ် ...။
.
ပထမ နဲ့ ဒုတိယ တာဝန်များ ထမ်းဆောင်ပြီးဆုံးတဲ့အချိန်မှာ ဗွိုင်ယေဂျာ (၁) အာကာသခရီးသည်လေးဟာ တတိယတာဝန်ကြီးကို ထမ်းဆောင်ဖို့အတွက် အဆုံးမရှိတဲ့ ခရီးရှည်ကြီးကို ဆက်လက်ချီတက်တော့မှာဖြစ်ပါတယ် ...။ ဒါဆိုလျှင်တော့ အဓိကတာဝန်ကြီးဖြစ်တဲ့ တတိယတာဝန်ဟာ ဘာများပါလဲ ...။
.
ဗွိုင်ယေဂျာ (၁) ခရီးသည်လေးဟာ ကမ္ဘာမြေကနေ စတင်ထွက်ခွာစဉ်ကတည်းက သိပ်ကိုအရေးကြီးပြီး တန်ဖိုးမဖြတ်နိုင်တဲ့ ပစ္စည်းလေးတစ်ခု တစ်ပါတည်း သယ်ဆောင်သွားခဲ့ရပါတယ် ...။ အဲဒါဟာ Voyager Golden Record (Comment များတွင် ဓါတ်ပုံတင်ပေးထား) လို့ အမည်ရတဲ့ ရွှေရောင်ဓါတ်ပြားတစ်ချပ်ပဲဖြစ်ပါတယ် ... အဲဒါဟာ သူ့ရဲ့ တတိယတာဝန်ပါပဲ ...။ ဒါဆိုလျှင် အဲဒီရွှေရောင်ဓါတ်ပြားပေါ်မှာ ဘာတွေများ ပါသွားပါသလဲ ...။
.
ကမ္ဘာပေါ်က လူမျိုး (၅၅) မျိုးရဲ့ နှုတ်ခွန်းဆက်သမှုတွေ ... လူတွေရဲ့ ဘဝအကြောင်း ... တွေးခေါ်မှုတွေ ... ခံစားချက်တွေ ... ယဉ်ကျေးမှုတွေ ... မိနစ် (၉၀) စာ ကမ္ဘာတစ်ဝှမ်းက ရွေးချယ်ထားတဲ့ သီချင်းသံတွေ ... လူ ၊ သဘာဝပါတ်ဝန်းကျင် ၊ သိပ္ပံပညာ စသည်တို့နဲ့ သက်ဆိုင်တဲ့ ပုံရိပ်ပေါင်း (၁၁၆) ခု ... သိပ္ပံနဲ့နည်းပညာတိုးတက်ပြီး ယဉ်ကျေးတဲ့ ဟိုးအဝေးတစ်နေရာက သက်ရှိတွေဘာသာပြန်ရလွယ်ကူစေမယ့် လူတွေရဲ့ ခံစားချက်တွေကို နားလည်စေမယ့် တစ်နာရီစာ ဦးနှောက်လှိုင်းကူးယူထားမှုတွေ ... စသည်တို့ဟာ ရွှေရောင်ဓါတ်ပြားပေါ်မှာ ပါသွားခဲ့ပါတယ် ...။ အဲဒီရွှေရောင်ဓါတ်ပြားဟာ ဗွိုင်ယေဂျာ (၁) နဲ့အတူ မဟာခရီးရှည်ကြီးကိုသွားရမှာဖြစ်တာကြောင့် နှစ်ပေါင်း သန်း (၁,၀၀၀) ကြာလျှင်တောင် သူ့ရဲ့ အချက်အလက်တွေ မပျက်စီးနိုင်အောင် သိပ္ပံပညာရှင်တွေဟာ အကောင်းဆုံးပြုလုပ်ဖန်တီးခဲ့ကြပါတယ် ...။
.
ဒီလိုအချက်အလက်တွေ သယ်ဆောင်သွားတဲ့ ဗွိုင်ယေဂျာ (၁) အာကာသမာရသွန်ခရီးသည်လေးသာ ဒီအချိန်နောက်ပြန်လှည့်ကြည့်လိုက်မယ်ဆိုလျှင်တော့ ... မြင်ရဖို့တောင် မသေချာတော့ပြီဖြစ်တဲ့ ဟိုးအဝေးတစ်နေရာက အစက်လေးတစ်စက်ပေါ်မှာ .. ချစ်ခြင်း .. မုန်းခြင်း .. သိခြင်း .. မသိခြင်း .. ရှိခြင်း .. မရှိခြင်း .. ပျော်ရွှင်ခြင်း .. ဝမ်းနည်းခြင်း .. ပိုလျှံခြင်း .. ဆာလောင်ခြင်း .. ဖြစ်တည်မှုတွေ .. ပျက်စီးမှုတွေ .. ဘာသာရေး နဲ့ များလှစွာသော ကိုးကွယ်ယုံကြည်မှုတွေ .. များလှစွာသော တွေးခေါ်မျှော်မြင်မှုတွေ .. စီးပွားရေး .. လူမှုရေး .. နိုင်ငံရေး .. စစ်မက်ရေး .. သူရဲကောင်းတွေ .. ဆိုးသွမ်းယုတ်မာသူတွေ .. ပရသမားတွေ .. အတ္တသမားတွေ .. တီထွင်ဖန်တီးသူတွေ .. ဖျက်ဆီးသူတွေ .. ရေမြေတောတောင် သဘာဝအလှတရားတွေ .. အကျိုးပြု အကျိုးပျက် ရာသီဥတုတွေ .. အဖေ .. အမေ .. အဖိုး .. အဖွား .. သား .. သမီး .. ယောက်ျား .. မိန်းမ .. လူ .. တိရိစ္တာန် ... စသည် ... စသည့် ... မဆုံးနိုင်သော ... စသည်တို့ဟာဖြင့် အချိန်အတိုင်းအတာ တစ်ခုအထိတော့ ဆက်လက်ပြီး ဖြစ်နေဦး ရှိနေဦးမှာပါပဲ ...။ ကမ္ဘာဆိုတဲ့ ဟောဒီ ကမ္ဘာကြီးပေါ်မှာတော့ လူတွေနဲ့ပါတ်သက်သမျှ အချို့သောအဖြစ်အပျက်တွေ အကြောင်းအရာတွေဟာ သိပ်ကိုကြီးမားလွန်းတယ်လို့ လူတွေကထင်နေကြပေမယ့် ဟိုးအဝေးတစ်နေရာက ပြန်လှည့်ကြည့်လိုက်လျှင်တော့ အဆုံးအစမရှိတဲ့ အာကာသအမှောင်ထုကြီးထဲမှာ ဘာဆိုဘာမှမဟုတ်တဲ့ အစက်လေးတစ်စက်အဆင့်ထက် မပိုဘူးဆိုတာကို အာကာသမာရသွန်ခရီးသည်လေးကတော့ ဒီအချိန်မှာ ကောင်းကောင်းကြီး သဘောပေါက်နေပါပြီ ...။
.
တစ်ကယ်တော့ ကီလိုမီတာသန်းပေါင်း (၂၁,၀၀၀) လောက်အကွာအဝေးခရီးနှင်ခဲ့ပြီးတဲ့ ဗွိုင်ယေဂျာ (၁) အာကာသခရီးသည်လေးဟာ ဒီအချိန်မှာ အသက် (၄၀) ကျော်နေပါပြီ ... အရေးမပါတာတွေကို သူလှည့်မကြည့်တော့ပါဘူး ... သူ့ရဲ့ ရှေ့ခရီးမှာ အသိဥာဏ်မြင့်မားပြီး ယဉ်ကျေးတဲ့ သက်ရှိအဖွဲ့အစည်းတစ်ခုခုနဲ့ တွေ့ဆုံဖို့ .. အဆက်အသွယ်ရရှိဖို့ .. ဒါကိုပဲ စိတ်အားထက်သန်နေတော့တာဖြစ်ပါတယ် ... ဒါဟာ ကမ္ဘာပေါ်က လူသားအားလုံး ပေးအပ်လိုက်တဲ့ သူထမ်းဆောင်ရမယ့် တတိယတာဝန် အဓိကတာဝန်ကြီးပါပဲ ...။ အကယ်၍များ တစ်ဦးတစ်ယောက် တစ်စုတစ်ဖွဲ့က သူ့ကိုတွေ့ရှိသွားခဲ့လျှင်တော့ ... အဲဒီတွေ့ရှိသူတွေဟာ သူ့မှာပါလာတဲ့ ရွှေရောင်ဓါတ်ပြားလေးကို ဘာသာပြန်ပြီးခဲ့လျှင်တော့ ... သူအမောပြေပါပြီလေ ... သူ ခရီးရှည်ကြီး ထွက်လာခဲ့ရကျိုး နပ်ပါပြီလေ ... သူတာဝန်ကျေပါပြီလေ ...။ သူ သက်သေပြနိုင်ခဲ့ပါပြီ ... ဘာလဲကိုဆိုတော့ ... ကျွန်တော်အပါအဝင် ကမ္ဘာကြီးနဲ့ သက်ရှိလူသားအားလုံး ဟိုးအဝေးတစ်နေရာက အစက်လေးတစ်စက်ပေါ်မှာ ရှိနေကြတယ်ဆိုတာ ... ဒါမှမဟုတ် ... ရှိခဲ့ကြဖူးတယ်ဆိုတာပဲပေါ့ဗျာ ...။ ...။
.
image

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 68244.61
ETH 2640.30
USDT 1.00
SBD 2.69