အီကြာကွေး ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း

in #knowledge7 years ago

အီကြာကွေးဆိုရင် မစားဖူးသူ၊ မကြားဖူးသူ မရှိသလောက်ပါ။ လက်ဖက်ရည်နဲ့ အထူးလိုက်ဖက်တဲ့ အစားအစာ တစ်ခုဖြစ်လေတော့ လက်ဖက်ရည်ဆိုင်တိုင်းလောက် ရနိုင်တဲ့ သရေစာတစ်ခု ဖြစ်နေပါပြီ။ မူလဘူတအားဖြင့် ပေါက်ဖော်စာ တစ်ခုဖြစ်ပေမယ့် အခုဆိုရင် တာကောနဲ့ ကျယ်ကျယ်တို့ဆိုင်မှာသာမက ကာကာနဲ့ ခါလာတို့ လက်ဖက်ရည်ဆိုင်မှာပါ ရရှိနိုင်ပါပြီ။

လွန်ခဲ့တဲ့ သင်္ကြန်တွေမှာဆိုရင် “အပျို ပိန်ပိန် ရေမစိမ်နဲ့ အီကြာကွေး အီကြာကွေး” လို့တောင် သံချပ်ထိုးကြတဲ့အထိ တို့မြန်မာကြားမှာ ရေပန်းစားလှပါတယ်။

အီကြာကွေးဆိုတာ တရုတ်နာမည်တစ်ခု ဖြစ်နိုင်ဖွယ်ရှိပေမယ့် ယူနန်လား၊ ဖူကျင့်လား၊ အတိအကျမသိပါ။ ပြည်ကြီး အခေါ် (You Tiao) လို့ခေါ်ပါတယ်။ အင်္ဂလိပ်လိုတော့ (Deep fried dough stick)ပါ။ အီကြာကွေးဟာ လက်ဖက်ရည်နဲ့ တွဲဖက်စားသုံးလို့ကောင်းသလောက် အီကြာကွေးဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကလည်း စိတ်ဝင်စားစရာကောင်းလှပါတယ်။ပုဂံ ကျန်စစ်သား၊ အလောင်းစည်သူတို့နဲ့ ခေတ်ပြိုင် တရုတ်ပြည်တောင်ပိုင်း စုန့်မင်းဆက်လက်ထက်က စခဲ့တာဆိုတော့ နှစ်ပေါင်း ၉၀၀ လောက် သက်တမ်းရှိပြီပေါ့။ ၁၁၄၂ခှုနှစ်က တရုတ်မျိုးချစ်သူရဲကောင်း တစ်ဦးဖြစ်သူ ယွဲ့ဖှေ (Yue Fei) အပေါ် ဝန်ကြီးချုပ်တစ်ဦးဖြစ်သူ ချင်ဟွေ့(Qin Hui) က မနာလိုမုန်းတီးပြီး၊ ဧကရာဇ်ဘုရင်ဆီမှာ ကုန်းတိုက်တဲ့အတွက် ယွဲ့ဖှေဟာ ဖုန်းပိုနန်းဆောင် (Feng Bo Pavillion) ထဲမှာ ဧကရာဇ်ဘုရင်က ကွပ်မျက်တာကို ခံလိုက်ရပါတယ်။

အဲဒီအချိန် အနီးအနားက စားသောက်ဆိုင်ထဲမှာ မုန့်လုံးကြော်စားနေကြတဲ့ ပြည်သူလူထုက ဒီသတင်းကြားလိုက်တော့ အမျက်ချောင်းချောင်းထွက်ပြီး၊ မုန့်ညက်လုံးတစ်လုံးကို ကောက်ယူ၊ သစ္စာဖောက် အမတ်ကြီးချင်ဟွေ့ နဲ့ သူ့ဇနီး အမှတ်နဲ့ အချောင်းနှစ်ချောင်းလုပ်၊ ကျက်ကျက်ဆူနေတဲ့ ဆီပူထဲ ပစ်ချပြီး ကြော်လိုက်ပါတယ်။ အဲဒီနောက်တော့ အမျိုးသားသူရဲကောင်းကြီးယွဲ့ဖှေကို ချစ်မြတ်နိုးကြတဲ့ ပြည်သူတွေက ချင်ဟွေ့ နဲ့ သူ့ဇနီးကို ပြစ်ဒဏ်ခတ်တဲ့ အနေနဲ့ သဏန်တူ မုန့်လုပ်ပြီး၊ ကြော်စားကြရာက အီကြာကွေးစားတဲ့ အလေ့အထ ပျံ့နှံ့ လာတယ်လို ဆိုစမှတ်ပြုကြပါတယ်။

ဒါကြောင့် တစ်ချို့က အီကြာကွေ့ကို ယို့ကြာကွေ့ (You Zha Gui) လို့ခေါ်ကြတာပေါ့။ အဓိပ္ပာယ်က ဆီကြော်ကွေ့ဖြစ်ပါတယ်။ ကွေ့ဆိုတာ ဟွေ့ကနေ ကာလရွေ့လျား လာတာပါ။ ဆီနဲ့ကြော်ထားတဲ့ အမတ်ကြီး ချင်ဟွေ့လို့ ဆိုရင်လဲ မမှားပါဘူး။မုန့်တိုင်း၊ မုန့်တိုင်းမှာ သက်ကြီးစကား သက်ငယ်ကြား သမိုင်းကြောင်းလေးတွေရှိတယ်။ အီကြာကွေးလိုပဲ စိတ်ဝင်စားစရာကောင်းတဲ့ မုန့်တွေအကြောင်း ပြောပြချင်ပါသေးတယ်။ ကြုံရင်ပေါ့။

ရွှေကြက်ဖ “ပေါက်ဖော်ဆွေရင်း နံနက်ခင်း စာစုများ” စာအုပ်မှ
Via- Fros
Ref Tharabar
27544661_542978449407985_5617454804214494261_n.jpg!

Coin Marketplace

STEEM 0.16
TRX 0.13
JST 0.027
BTC 58111.37
ETH 2571.51
USDT 1.00
SBD 2.47