Steemit health

in #knowledge7 years ago

"ဖေ့စ်ဘုတ်တုပ်ကွေး"

     လမ်းပေါ်မှာ သင်္ကြန်စာဟောစာတမ်း အော်ရောင်းနေတဲ့သူကြီးတွေက သည်ကနှစ်တော့ ဆရာဝန်တွေ အတာစားအံ့ လို့ ဟောရင် သွေးထွက်အောင် မှန်နေမလား မသိပါဘူး။ ကိုယ်တို့ရန်ကုန်ဆေးရုံကြီးရဲ့ ရုပ်ပုံနဲ့သတင်းတွေဟာ  ဖေ့စ်ဘုတ်တခွင် ပြဲပြဲစင်အောင် အုတ်အော်သောင်းနင်း သတင်းကြီးလို့နေပါတယ်။ တယ်လီဖုန်းတွေလည်း အလုအယက်ဆက်ကြ။ စီးတီးအက်ဖ်အမ် အသံတွေ ပြန့်လွင့်လာတယ်။ မီဒီယာတွေက အင်တာဗျူးချင်လို့ဆိုတာကတစ်မျိုး။ လူချင်းတွေ့ရင်တောင် ဟယ်လိုဟောင်းလောင်း မလုပ်နိုင်ဘူး။ “နင်တို့ဆေးရုံမှာ ဘယ်နှစ်ယောက်သေသွားပြီတုန်း။” ဆိုတာနဲ့ နှုတ်ဆက်ပါတယ်။ မေးမယ့်သာမေးတာပါ။ ခါတိုင်း ကြက်ပျံမကျစည်ကားတဲ့ ပြင်ပလူနာဌာနကြီးကဖြင့် လူနာထက်ဝက်လောက်လျော့ကျသွားပါပြီ။ ကိုယ့်မှာဆို မနက်မိုးလင်းလို့ ဖုန်းဖွင့်လိုက်တာနဲ့ နိုင်ငံတကာက အသိအကျွမ်းတွေက ဘာတွေဖြစ်ကုန်ပြီလဲ။။ ဘာမှ မလုပ်ကြဘူးလား။ ပြည်ပအကူအညီ ယူသင့်တာပေါ့။ မေးခွန်းတွေ ဖြေလို့ကို မဆုံးနိုင်ပါဘူး။ တစ်ခုခုတော့ ရေးစမ်းပါဦး။  ရေးသင့်တာပေါ့။ ဆိုတာ လွန်ခဲ့သော လေးငါးရက်လောက်ကတည်းက တစာစာတိုက်တွန်းနေကြတာပါ။ စလောင်းတွေက မတရား Heat တက်နေတော့ ကိုယ်လည်း မနေသာပါဘူး။ သူတို့ကိုပဲ ပြန်မေးရတော့မလို။ ဘာတွေဖြစ်နေကြတာလဲ အရပ်ကတို့။ ငါတို့တော့ ဘာမှလည်း မဖြစ်သေးပါလားပေါ့။ 

 မမြင်ဘူးလား။ လူတွေသေနေတယ်လေ။ Outbreak ကြီး၊ Pandemic ကြီး ဖြစ်နေတာ။ အလိုလေး။ မိကျောင်းမင်း ရေခင်းမပြပါနဲ့ကွယ်။ ကိုယ်တို့ဝန်ကြီး UN မှာ Public Health လုပ်လာတာပါ။ ဒါဖြင့် ဘာတွေ လုပ်ထားသလဲ ပြော ဆိုရင်တော့ မပြောတတ်ဘူးဗျား။ သူ့သာသွားမေးပေတော့။ ကျုပ်က သူ့ဆီက ပြောရေးဆိုခွင့်တာဝန်ကို ယူထားတာလည်း မဟုတ်။ ဆေးရုံက ပြန်ကြားရေးတာဝန်ခံလည်း မဟုတ်။ ဒါပေသိ ကိုယ်သိတာကိုယ် ပြောစမ်းကွယ်ဆိုရင်တော့ ဆရာဝန်တစ်ယောက်အနေနဲ့ အခုအများပြည်သူ အထိတ်တလန့်ဖြစ်နေတဲ့ ကူးစက်မြန်ပြင်းထန်တုပ်ကွေးရောဂါအကြောင်း နားလည်လွယ်အောင် ရှင်းပြချင်ပါတယ်။ ရှင်းပြမှပဲ ဖြစ်တော့မယ်။ နို့မို့ ဒေဝေါကြီး ဒေဝေါကြီးဆိုပြီး အရပ်ပျက်မတတ်ဖြစ်နေပြီ။ 



 အခုပြောနေတဲ့ H1N1 ကူးစက်မြန် ပြင်းထန်တုပ်ကွေးရောဂါဆိုတာ တကယ်တော့ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါတစ်မျိုးပါပဲ။ နှစ်စဉ်ဖြစ်နေကျ တုပ်ကွေးရောဂါမျိုးနွယ်ထဲမှာ ပါပါတယ်။ ထူးခြားတာက သူ့နံမယ်မှာ ပါတဲ့အတိုင်း ကူးစက်တာ မြန်လွန်းတာရယ်၊ ရောဂါဝေဒနာပြင်းထန်လို့ အသက်ဆုံးရှုံးတဲ့အထိ  ဖြစ်နိုင်တာရယ်ကြောင့်ပါ။ အဲသည်ရောဂါကြောင့် လူအသေအပျောက် ဘယ်လောက်ရှိသွားပလဲဆိုတာကတော့ ဖေ့စ်ဘုတ်ပေါ်က ပရိသတ်ကြီးက ပိုသိပါလိမ့်မယ်။ အချိန်နဲ့အမျှ သတင်းတွေ တက်နေတာ မဟုတ်လား။ ကြောက်စရာမကောင်းလို့လားဆိုရင် ကောင်းတာပေါ့။ သိပ်ကြောက်စရာကောင်းတာပေါ့။ လူကိုအလျင်အမြန်သေစေနိုင်လောက်သော ကူးစက်ရောဂါ တစ်မျိုးပဲဟာ။ ဒါပေသိ ဘုရားဟောဇာတ်တော်ထဲက ဃောသကသတို့သားလို အိမ်ရှေ့ကထွက်ပြေးရင် အချိန်မမီလို့ နံရံကိုဖောက်ပြီး ထွက်ပြေးယူရတဲ့ ရောဂါမျိုးတော့ မဟုတ်ပါဘူး။ ကိုယ့်ရှေ့မှာ ချေဆတ်လို့ နရသီဟပတေ့မင်းလို သတ်စေအမိန့်တော်ပေးရလောက်အောင်လည်း မလိုအပ်သေးပါဘူး။ ကြောက်ချင်သပဆို ဆင်ခြင်တုံတရားလေးနဲ့ ကြောက်တော့ ဘေးမဖြစ်ဘူးပေါ့။

  ပထမဦးဆုံးကတော့ သူ့ရဲ့ ကူးစက်ပုံလက္ခဏာကို သိထားဖို့လိုပါမယ်။ ဘာမှမထူးဆန်းပါဘူး။ အခြားအခြားသော တုပ်ကွေးရောဂါများလိုပဲ အသက်ရှူလမ်းကြောင်းကနေ ဝင်ရောက်တဲ့ကူးစက်ရောဂါ ဖြစ်တဲ့အတွက် ရောဂါရှိသူက ရှူထုတ်လိုက်သော၊ ချောင်းဆိုးလိုက်သော၊  ချေဆတ်လိုက်သော၊ လေထုထဲက အမှုန်အမွှားလေးတွေ၊ ဒါမှမဟုတ် ယိုစီးကျလာသော နှာရည်၊ တံတွေး၊ သလိပ်ထဲမှတဆင့် ကူးပါတယ်။ အဲသည်တော့ ကိုယ့်ကိုယ်ကိုယ် တုပ်ကွေးမိနေတယ်လို့ သတိထားမိတဲ့သူဟာ ချောင်းဆိုးရင် လက်ကိုင်ပုဝါနဲ့ အုပ်ဆိုးမယ်။ နှာချေရင် သူများမျက်နှာကြီးနဲ့ တည့်နေအောင် ချေမထုတ်ဘူး။ လူကြားသူကြားထဲ ဘတ်စကားတိုးစီး၊ သူ့နှာခေါင်းကလေကိုယ်ရှူ၊ ကိုယ့်နှာခေါင်းကလေသူရှူ နီးနီးကပ်ကပ်မနေဘူးဆိုရင် ကူးစက်ဖို့အခွင့်အလမ်းနည်းပါတယ်။ အဲ့ဒါကြောင့် နှာခေါင်းစည်းကလေးတွေ တပ်ထားရင် အနည်းနဲ့အများ အိုကေတာပေါ့။ သူများအသက်ရှူလမ်းကြောင်းကထွက်လာတဲ့ Droplet ကလေးတွေက နောက်လူဆီ တခါတည်းတိုက်ရိုက် ဝင်မသွားပေမယ့် ကိုယ်တို့ရဲ့ ငြိမ်ငြိမ်မနေတတ်သော လက်များဆီကတဆင့် အဲသည် ပါးစပ်ပေါက် နှာခေါင်း၊ လည်ချောင်း အာခေါင်ဆီကို အရောက်ပို့နိုင်တာကြောင့် လက်ကိုစင်စင်ကြယ်ကြယ်ဆေးတဲ့ အကျင့်လေးများဟာလည်း ရောဂါကိုကာကွယ်ဖို့ ထိရောက်ပါသဗျား။ တကိုယ်ရေသန့်ရှင်း ရောဂါကင်းလို့ ဆိုတယ်မဟုတ်လား။  

 H1N1 လို့ခေါ်တဲ့ ရောဂါပိုးဟာ virus ပိုးကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါဖြစ်တဲ့အတွက် အခြားအခြားသော Viral Infection များလိုပဲ ခန္ဓာကိုယ်ရဲ့ပြင်ပမှာ အချိန်ကြာကြာ သူ့ဘာသူရှင်သန်နိုင်စွမ်းမရှိပါဘူး။ နေရောင်ရရင် လေဝင်လေထွက်ကောင်းရင် ခြောက်သွေ့နေရင် မနေနိုင်ဘူး။ Virus ရဲ့သဘောသဘာဝဟာ သူ့အတွက် ကူးစက်တည်မှီရာ ဆဲလ်အသက်မရှိရင် အလိုလိုသေဆုံးပါတယ်။ သူ့မှာ ဆဲလ်တစ်ခုအနေနဲ့လိုအပ်တဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခုမှ မပါဘူး။ DNA ဖြစ်ဖြစ်။ RNA ဖြစ်ဖြစ် Genome အပိုင်းကလေးပဲပါတယ်။ သူ့ကိုပွားချင်ရင် Host Cell မှာရှိတဲ့ DNA တွေ ပွားတဲ့အချိန်ကျမှ ခပ်တည်တည်နဲ့ ပုံမှားရိုက်ပြီး သူ့ဟာတွေပါ ထည့်ပွားခိုင်းရတာပါ။ အဲ့ဒါကြောင့် သူ့ကိုတိုက်ခိုက်ခုခံရတာဟာ တခြားကူးစက်ရောဂါတွေလို အပရန်သူကို တိုက်ခိုက်တွန်းလှန်ရတာ မဟုတ်ပဲ အပမှီနေတဲ့ ကိုယ်တွင်းရန်သူကို ရှာဖွေချေမှုန်းရတာပါ။ အဲသည်အလုပ်ကိုလုပ်နိုင်တာ ခန္ဓာကိုယ်မှာ တစ်ဖွဲ့ပဲ ရှိပါတယ်။ အဲ့ဒါကတော့ ခုခံအားစံနစ် Immune System ပါ။ 



   ဒါကြောင့်မို့လို့ Viral Infection များဟာ ပဋိဇီဝဆေး Antibiotics တွေ ပေးလို့ မသေပါဘူး။ ကိုယ့်ခန္ဓာကိုယ်က ကိုယ်ခံအားကောင်းလာရင် သူ့ဘာသာပျောက်သွားပါတယ်။ အဲသည် Immune System ကပဲ သည်အကောင် နောက်တစ်ခါလာရင် ဘာလက်နက်နဲ့ ဆော်ပလိုက်မယ်ဆိုပြီး မှတ်ထားလိုက်လို့ ကိုယ်တို့ခန္ဓာကိုယ်ထဲမှာ Antibody ဆိုတာ ပေါ်လာပါတယ်။ အဲ့ဒီ Antibody ဆိုတာက စောစောက Virus မှာရှိတဲ့ Antigen ဆိုတဲ့ဟာကြီးအပေါ်မှာ အမှတ်အသားထားပြီး တိုက်ခိုက်တာပါ။ ခက်တာက တုပ်ကွေးဖြစ်စေတဲ့ Influenza Virus ပိုးများဟာ သူ့ဘာသူ မျိုးစိတ်မျိုးကွဲတွေ အများကြီး ရှိယုံတင်မဟုတ်ဘူး။ Antigen ဖော်ပြတဲ့ မျိုးစိတ်တစ်ခုကနေ နောက်တစ်ခုကို အလွယ်တကူ ကူးပြောင်းနိုင်စွမ်း ရှိပါတယ်။ ဒါကြောင့်မို့လို့ တုပ်ကွေးဆိုတာ ဝက်သက်၊ ရေကျောက်များလို တစ်ခါဖြစ်ပြီး ပျောက်သွားရုံနဲ့ ရောဂါပြီးမသွားပဲ နောက်တစ်ခါ နောက်တစ်မျိုးနဲ့တွေ့ရင် နှစ်ထပ်ကွေး သုံးထပ်ကွေး ပြန်ပြန်ကွေးတတ်ကြတာပါ။ ဒါကြောင့်မို့လို့ ကာကွယ်ဆေးထိုးတာဟာ ထိရောက်မှုရှိမယ် မရှိမယ် အတပ်ပြောလို့မရနိုင်ပါဘူး။ အဲ့ဒါကြောင့် တခြားနိုင်ငံကလူတွေ ပါးစပ်အဟောင်းသားဖြစ်နေတဲ့ ဘာဖြစ်လို့ Vaccine မထိုးကြတာလဲ။ ပိုက်ဆံမရှိဘူးလား ဆိုတဲ့အဖြေကို ကိုယ့်ဘက်က ဟုတ်တာပေါ့ မှန်တာပေါ့ တန်းပြီး မဖြေနိုင်တာပါ။ ကာကွယ်ဆေးရှိပါတယ်။ ထိုးလို့ရပါတယ်။ သို့သော်ငြားလည်း ကံသေကံမ အာမခံချက်ပေးနိုင်တာတော့ မဟုတ်ပါဘူး။ အထက်ကတာဝန်ရှိသူတွေ စမ်းသပ်စစ်ဆေး အတည်ပြုပြီးမှ စီမံချက်နဲ့စလို့ရမယ့်အရာပါ။ ကိုယ်နဲ့ခင်တဲ့မင်တဲ့မိတ်ဆွေတွေက သူတို့ကလေးတွေကို စိတ်ပူလို့ ဘယ်လောက်ပဲပေးရပေးရ။ Influenza Vaccine ရအောင်ရှာထိုးမယ်။ ဒီမှာမရှိ ယိုးဒယားသွားထိုးမယ်ဆိုရင်လည်း အားပေးပါတယ်။ အနည်းဆုံးတော့ စိတ်အေးရတယ် မဟုတ်ဘူးလား။ ဖြစ်တာ မဖြစ်တာ ကံတရား။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ကတော့ အလွယ်တကူ ဆုံးဖြတ်လို့ ဘယ်ရပါ့မလဲ။ စဉ်းစားစရာတွေ အများကြီး ရှိပါတယ်။ 

      သေတဲ့သူတွေက သေနေပြီ။ မင်းအမျိုးဆိုရင် သည်အတိုင်း ကြည့်နေမှာပဲလား ဆိုရင်တော့ မပူပါနဲ့။ ကိုယ်တို့အားလုံး ရတဲ့ပစ္စည်း ရတဲ့နည်းနဲ့ အတတ်နိုင်ဆုံး ကြိုးစားကုနေကြတဲ့သူတွေချည့်ပါပဲ။ မကုပဲ ပစ်ထားတဲ့သူ တစ်ယောက်မှ မရှိပါဘူး။ ဒါပေသိ သေခြင်းရှင်ခြင်း သဘောတရားဟာ ဆရာဝန်တွေ အခါခပ်သိမ်း တတ်စွမ်းပြုပြင်နိုင်တဲ့ အကြောင်းတရား မဟုတ်ပါဘူး။ ဆရာဝန်လည်း တစ်နေ့ သေရမှာ ဆရာဝန်အမျိုးလည်း တစ်နေ့ သေရမှာ မဟုတ်ဘူးလား။ ဆေးရုံပေါ်တက်လာရတဲ့လူနာအားလုံးဟာ အသက်ကိုသေစေနိုင်သော  ရောဂါဝေဒနာတစ်ခုမဟုတ်တစ်ခု ခံစားပြီး ဆရာဝန် ဆရာမတွေရဲ့ အနီးကပ်စောင့်ရှောက်မှုကို လိုလို့ တက်လာတာပါ။ အထူးသဖြင့် အခုသေ အခုချက်ခြင်း ဖေ့စ်ဘုတ်ပေါ်ရောက်မယ့် အသည်းအသန်လူနာကြီးကို ဘယ်သူကမှ မျက်နှာလွှဲခဲပစ် မထားပါဘူး။ ဒီလူနာကိုမှ မျက်လုံးဒေါက်ထောက်ကြည့်နေပြီး တခြားလူနာတွေ ပစ်ထားလို့လည်း မရသေးပြန်ဘူး။ အဲသည်တော့ ပစ်ခြင်းပစ် ကိုယ့်ကိုယ်ကိုယ်ပစ်ထားပြီး ရှိတဲ့လူနာ လက်ခံကုသနေရပါတယ်။ ပစ်ထားရတဲ့ဘဝမှာ ကိုယ့်အတွက် အကာအကွယ်တောင်မှ လုံလောက်အောင် ယူမိပါရဲ့လားလို့ ဘယ်သူကမှ သတိမထားမိကြပါဘူး။ ကူးကာမှကူးရော သေတစ်နေ့ မွေးတစ်နေ့ လို့ စိတ်ထဲမှာထားပြီး ကိုယ့်အလုပ်ကိုယ်လုပ်နေကြတာ ဖြစ်ပါတယ်။ ဆရာဝန်ဘက်ကပင်းရေးတယ် မထင်ပါနဲ့။ မယုံ အချိန်မရွေး လာကြည့်နိုင်ပါတယ်။ ဘယ်အချိန်ကြည့်ကြည့် ဘယ်အဆောင်ကြည့်ကြည့် တူရပါစေ့မယ်။ ဘာဖြစ်လို့ဆိုတော့ သည်အလုပ်ထဲမှာ သည်လစာ သည်အခွင့်အရေးနဲ့ ရူးရူးမိုက်မိုက်လုပ်နေတဲ့သူအားလုံးဟာ သေမှာမကြောက်လို့  ပေတရာလျှောက်နေသူတွေချည့်ပါပဲ။ ငရဲကလူ ပြာပူလောက်တော့ ပျင်းပါတယ်။ 



     စကားစလမ်းလွဲမသွားရအောင် လိုရင်းကိုပြန်ကောက်ရရင် ရောဂါဖြစ်ပွားလို့ အသည်းအသန် ချိန်ကို လွန်မြောက်အောင် ထိန်းထားနိုင်ခဲ့ရင် တဖြေးဖြေးနဲ့ ခန္ဓာကိုယ်ခုခံအားက ပြန်သာလာမှာ ဖြစ်လို့ ကုရာနတ္ထိ ဆေးမရှိတဲ့ရောဂါလို မျှော်လင့်ချက် ဆုံးရှူံးမသွားပါဘူး။ ကူးစက်မြန်သလားဆို မြန်တယ်။ ပြင်းထန်သလားဆို ပြင်းထန်တယ်။ ဒါပေမယ့်လည်း ဟိုးတုန်းကဖြစ်တဲ့ ကာလဝမ်းရောဂါ ပလိပ်ရောဂါ ကျောက်ရောဂါကြီးတွေလို ထိတ်လန့်တုန်လှုပ်ဖွယ် ကပ်ဘေးဆိုးကြီးတော့ မဟုတ်ပါဘူး။ အခုညနေအထိ သေချာပေါက် အဲသည်ရောဂါနဲ့ အဖိတ်အစင် လူနာ ၆ ယောက် ရှိသွားပြီ လို့ ဆိုပါတယ်။ ကားအက်ဆီးဒင့်နဲ့သေတဲ့တစ်ရက်စာ မရှိပါဘူး။ ကြောက်သင့်တာကို ကြောက်သင့်သလောက်ပဲ ကြောက်တာ ကောင်းပါတယ်။ နို့မို့ ဥပါဒါန်ကြောင့် ဥပါဒ်ရောက်တတ်လို့ပါ။ 

     သူများနိုင်ငံတွေမှာ ဒီရောဂါမျိုးဖြစ်ရင် ဘာတွေ လုပ်ရသလဲ သိလား လို့ မမေးပါနဲ့။ သိပါတယ်။ မတူပါဘူး။ ဆေးရုံချင်းလည်းမတူ၊ ဆရာဝန်ချင်းလည်းမတူ၊ လူနာချင်းလည်း မတူ၊ ရောဂါနံမည်ကလေးပဲ တူတာပါ။ အဲ့ဒါကြောင့် အလေးပေးကုသပုံချင်းလည်း မတူနိုင်ပါဘူး။ ဂျပန်ကိုရောက်တုန်းက အရေးပေါ်ဌာနတစ်ခုမှာ အာဖရိကကလာတဲ့ အသည်းအသန်လူနာတစ်ယောက်ကို ဆရာဝန်တွေအများကြီး မျက်ကလဲဆန်ပြာ ဝိုင်းအုံကုသနေတာ မြင်ခဲ့ပါတယ်။ ဘာဖြစ်တာလဲ လို့ စပ်စုမိတဲ့အခါ ကိုယ်တို့ဆန်းဆေးဆရာကြီးက ဟိုကြည့်သည်ကြည့် ဘယ်သူမှမရှိမှ လက်ဖဝါးလေးနှုတ်ခမ်းပေါ်အုပ်ပြီး နှစ်ကိုယ်ကြားတိုးတိုးကလေး ပြောပါတယ်။ မာလားရီးယား တဲ့။ ကိုယ့်မှာဖြင့် နဖူးတောင် ဖမ်းကနဲရိုက်ချင်သွားပါတယ်။ ဖြစ်မှဖြစ်ရလေ။ မလေးရီးယား ငှက်ဖျားလောက်များ ရေးကြီးခွင်ကျယ်။ ငါတို့ဆီမယ် တိုက်နယ်ဆရာဝန်တွေတောင် ဒါလေးများ ဖြစ်ကုန်ပြီ။ 

      သူတို့ကြောက်တာက မမြင်ဖူးလို့ မကုတတ်လို့ မဟုတ်ပါဘူး။ နဂိုက သူတို့အရပ်ဒေသမှာ မရှိသေးတဲ့ အာဂန္တုရောဂါတစ်ခုဟာ သူတို့အရပ်ဆီမှာ အမြစ်တွယ်ပေါက်ဖွား သွားမှာကို စိုးရိမ်တာပါ။ လောက်ကိုင်မှာနေတုန်းက တရုတ်အစိုးရဟာ လောက်ကိုင်ဆေးရုံကိုလာပြီး အပြင်မှာ ဈေးကြီးပေးဝယ်ရတဲ့ ငှက်ဖျားဆေးတွေကို ဂိုဒေါင်ကြီးနဲ့အပြည့် အောတိုက်ပြီးတော့ လာလှူပါတယ်။ လောက်ကိုင်သားတွေ ကျန်းမာစေချင်တဲ့စေတနာထက် အဲသည်ရောဂါ သူတို့ဘက်ကိုရောက်မလာအောင် ကာကွယ်ပြီးသား ဖြစ်စေလိုတဲ့ အကျိုးဆက်ကိုလည်း မတွက်မိပဲ မနေပါဘူး။ အဲ့ဒါကြောင့် မြန်မာပြည်မှာ သည်ပိုးတွေ့သတဲ့ဆိုတဲ့နောက်က ကပ်ပါလာတဲ့ အပြည်ပြည်ဆိုင်ရာစိုးရိမ်မကင်းဖြစ်မှုဟာ ဝဲစွဲနေတဲ့သူကို “ရော့ ရော့ မြန်မြန်ဝဲဆေးလူးစမ်း။ အခုချက်ခြင်း လူး။ ငါ့ရှေ့တင် လူး။ ငါ့နားမကပ်နဲ့ ဝေးဝေးနေ။” ဆိုတဲ့ အပူအပင်မျိုးပါ။ ဒီကလူတွေအဖို့ဖြင့် အနူဝဲယား မကုတ်အားပေါင်ခင်ဗျာ။

       သည်ရောဂါနဲ့ပတ်သက်ပြီး သူများတွေ တိုက်တွန်းနေတာ ကြာပြီ။ ကိုယ့်ဘက်က ရေးဖို့မရေးဖို့ ချိန်နေရတဲ့အကြောင်းကတော့ ဓါးက နှစ်ဘက်သွားကြီး။ ဘယ်ဘက်ကဆုပ်ဆုပ် ကိုယ့်လက်ပြတ်မယ့်ကိန်းကို ကြိုမြင်လို့ပါခင်ဗျ။ တကယ်လို့များ ကိုယ်က ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောသဘာဝကလေးကို အာကရံပါကရံသုံးသပ်ပြီး မပူပါနဲ့ မကြောက်ပါနဲ့ ရွှေပြည်အေးတရားဟောရင် လူနာတစ်ယောက်ထပ်သေတိုင်း ကိုယ့်ဝိုင်းပြီး ကလော်ဆဲကြပါလိမ့်မယ်။ အဲ့ဒါထက်ပိုခက်တာက မတော်လို့များ အဲသည်ရောဂါကူးစက်မှုက တော်ရုံနဲ့အေးမသွားပဲ ကပ်ရောဂါအသွင်ကိုဆောင်သွားလို့ အရေးပေါ်အခြေအနေ ကြေငြာရတာမျိုး ဖြစ်လာရင် သူ့ဝန်ကြီးဌာနကို ဖာချင် ဖားချင်တာနဲ့ လူတွေအများကြီးသေရပြီ။ နင်က ခိုင်သင်းကြည်လား။ နာဂစ်တုန်းက ဟိုလူကြီးတွေနဲ့ ဘာထူးသတုန်း။ လူယုတ်မာကြီး။ အဲသလိုတွေ လာပါလိမ့်မယ်။ အဲ့ဒါ စကားကျွံသွားတာ လို့ခေါ်တယ်။ ရှေ့ဆက်ပြီး ဘာတွေဖြစ်ဦးမလဲ။ စံဇာနည်ဘိုကြီးတောင် မဟောနိုင်ဘူး။ (ဗိုလ် ဟု မဖတ်ရပါ) မနက်ဖြန်မှာ ဘာဖြစ်မလဲ။ မနက်ဖြန် လူနာတွေရဲ့ အခြေအနေကို ကြည့်ပြီးမှပဲ အဲသည်တစ်ရက်စာ ပြောနိုင်ပါမယ်။ ကြောက်သလားဆိုရင် မကြောက်ပါဘူး။ သန်းခေါင်ထက်တော့ ညဥ့်မနက်လို့ပါ။ (သေဆုံးခြင်းဆိုတာ လွတ်မြောက်ခြင်းပဲ ဆိုတာ ငရဲဘုံမှာနေတဲ့သူတွေပဲ သိနိုင်ကြတာလေ။)

      ဒါဖြင့်လည်း လွယ်ပါတယ်။ ဆိတ်လစိလို ဟိုဘက်ပေါင် ပြေးကပ်ကြတာပေါ့။ ပြောလို့ပြောတာ မဟုတ်ဘူး။ သည်အစိုးရ အသုံးကို မကျတာ။ တက်လာတာပဲ တစ်နှစ်ကျော်ပြီ။ ဘာတစ်ခုမှ ဖြစ်ဖြစ်မြောက်မြောက်မရှိ။ ကပ်ရောဂါဘေးဆိုးတွေ ဖြစ်မှာပေါ့။ မိန်းမဖျက် ပြည်ပျက်တဲ့ မကြားဖူးဘူးလား။ အဲ့လိုစာမျိုးတွေ ပြောင်းရေးရင် ကောင်းမလားလို့ အကြောင်းအရာ အသစ်အဆန်းကလေးတွေ ရှာကြည့်ပါတယ်။ မူးလို့မှ ရှူစရာ မရှိပါဘူး။ အကုန် ရေးထားပြီးသားပါ။ ရေးတာရေးတာမှလေ လွန်ခဲ့တဲ့ တစ်ပတ်လောက်ကမှ အကောင့်အသစ်ဖွင့်ပြီး Timeline တစ်ခုလုံး တိုးမပေါက်အောင် အဲသည်အကြောင်းမှတပါး တခြား ဘာအကြောင်းကိုမှ စိတ်မဝင်စားပဲ တစိုက်မတ်မတ် အပတ်တကုတ် ရေးသားထားကြတာပါ။ ကိုယ့်ထက်တောင် စာရင်းဇယား ကိန်းဂဏန်း တိကျသေချာပါသေးတယ်။ အထောက်အထားကလည်း ခိုင်လုံပါဘိသနဲ့။ ဘယ်ဆေးရုံမှာဖြင့် ဘယ်လူနာ ဘယ်နှစ်ယောက်က သလိပ်ထဲမှာ H1N1 ပိုးတွေ တွေ့ထားပြီးပြီ လို့ အခိုင်အမာဆိုသဗျ။ Virology သင်တုန်းက sputum serology သင်မပေးတဲ့ ကိုယ့်ဆရာတွေ ဆရာစားများချန်ထားသလား မသိပါဘူး။ ရောဂါအတိအကျသိချင် ဘယ်ဟာကို ဘာနဲ့စစ်ရမှန်းမသိတဲ့ သတင်းအရင်းအမြစ်ကို ယုံယုံကြည်ကြည့်မျှဝေနေတဲ့အထဲ ဆရာဝန်တွေလည်း မြင်မိပါတယ်။ 



      သူတို့အဓိကပေးချင်တဲ့သတင်းကတော့ ဆရာဝန်တွေ အလုပ်မလုပ်ဘူး။ နှာခေါင်းစွပ်ကလေးတွေတောင် အလုံအလောက် မပေးနိုင်ဘူးပေါ့လေ။ သတင်းအမှန် မထုတ်ပြန်ဘူး။ ထိန်ချန်တယ် ဆိုတာလည်း ပါတယ်။ အမှတ်တမဲ့ဖတ်ရင်တော့ ဆရာဝန်တွေကို တိုက်ခိုက်ပုတ်ခတ်နေတယ် လို့ ထင်စရာ ရှိတယ်။ နောက်ရည်ရွယ်ချက်တစ်ခုကတော့ H1N1 တင်မကဘူး။ H5N1 လည်း ပါတယ်။ H2N3 လည်းပါတယ်။ အစရှိသည်ဖြင့် လူထုကို ကြောက်သည်ထက်ပိုကြောက်လန့်လာစေချင်တဲ့ စေတနာကိုလည်း အတိုင်းသားတွေ့ရပါတယ်။ ကိုယ့်လိုပဲ ကွက်ကျော်မြင်တတ်တဲ့ ဂျာနယ်လစ်တစ်ယောက်ကတော့ “မယုံရင်ကြည့်။ H1N1 ဟာ အစိုးရအပေါ် နိုင်ငံရေးအရ အကွက်ဆင်တိုက်ခိုက်တာပါ လို့ အနီကြောင်တွေက စဆရကလုပ်တော့မယ်။” လို့ ဟောကိန်းထုတ်ထားပါတယ်။ မောင်လေး မင်း မှန်ပါတယ်ကွယ်။ အခု ပြောပါပြီ။ လူမှုကွန်ယက်မျက်နှာပေါ်က H1N1 ဂယက်ဟာ ရည်ရွယ်ချက်ရှိရှိ သွေးထိုးလှုံ့ဆော်မှု မကင်းဘူးလို့ ကိုယ့်ဘက်က အခိုင်အမာ စွပ်စွဲပါတယ်။ ခုချိန်မှာ ပြောတဲ့စကားတွေက ဖားလောင်းကလေးတွေကို ငါးလားဖားလား ငြင်းကြခုန်ကြတဲ့အဆင့်ပဲ ရှိပါတယ်။ မကြာခင် အချိန်တစ်ခုရောက်လာတဲ့အခါ ငါးလား ဖားလား သူ့ဘာသူ အဖြေထွက်လာတဲ့အခါ ဘယ်သူက အဖြေမှန်သလဲ အတူတူ ပြန်လာကြည့်ကြဖို့ ဖိတ်ခေါ်ပါတယ်။ 



      အောင်မယ်။ သူများသွားပြောနေတယ်။ သူကရော။ သူ့ဝေါပေါ် ဘယ်အချိန်ကြည့်ကြည့် စစ်တပ်မကောင်းကြောင်းတလှည့် သူ့အမေဘုန်းတော်ဘွဲ့တလှည့် အောတားနိတ်ကလေး လှည့်ရေးနေပြီးတော့။ သူကမှ ငှက်လော်ဘီစစ်စစ် လို့ ခေါင်းစဉ်မတပ်ပါနဲ့။ တကယ်တမ်းကျ ကိုယ်က ငှက်ဆို ဘယ်ငှက်နဲ့မှ အပေါင်းအသင်းမလုပ်ပါဘူး။ ဘယ်ငှက်ကိုမှလည်း “လေကိုဆန်ကာ တို့ပျံမလား အိုးဟိုးဟိုး” သွားမလုပ်ပါဘူး။ ဖွတ်တက်တက် ငှက်တက်တက် ကိုယ်နဲ့မပတ်သက်အောင် နေပါတယ်။ ဒါပေမယ့် ကိုယ်ဖြတ်သန်းကြီးပြင်းလာခဲ့တဲ့ အတွေ့အကြုံအလျောက် ကိုယ်ယုံကြည်ရာကို ငှက်ဆိတ်ဆိတ်၊ ဖွတ်ကိုက်ကိုက် ဂရုမစိုက်ပဲ ရေးလာတာ ကြာပေါ့။ ကိုယ့်မိတ်ဆွေများလည်း ယုံကြည်ရင် ဖတ်လို့ရတာပေါ့လေ။ မယုံဘူးဆိုတော့လည်း အတင်းမဖတ်ခိုင်းပါဘူး။ ကျော်သွားလည်းရတယ်။ အန်သွားလည်းရတယ်။ ဘော့သွားလည်းရတယ်။ စိတ်မဆိုးပါဘူး။ နှစ်ဦးနှစ်ဘက် အကုသိုလ်ကင်းတာပေါ့နော့။ အမှန်တရားဆိုတာ ကိုယ့်ပါးစပ်ထဲမှာလည်း မရှိဘူး။ သူ့ပါးစပ်ထဲမှာလည်း မရှိဘူး။ ဘယ်သူ့ကိုယ်ပိုင်ပစ္စည်းမှလည်း မဟုတ်ဘူး။ ကိုယ်တို့အားလုံးရဲ့ ကံသုံးပါးစလုံး ဦးတည်ရှေ့ရှုရာအရပ်တစ်ခုသာဖြစ်တယ်။ သွေဖီဝေးကွာသွားတဲ့အခါ ကိုယ်သာလျှင် လမ်းမှားရောက်သွားမှာဖြစ်တယ်။ အဆုံးအဖြတ်ကတော့ အချိန်က ပေးပါလိမ့်မယ်လေ။

image
Photo credit

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 63964.61
ETH 3433.73
USDT 1.00
SBD 2.55