တစ်ယောက်တည်းငြိမ်းချမ်းအောင်နေနည်း

in #instructive6 years ago (edited)

IMG_20180209_210735.png

တစ်ယောက်တည်းငြိမ်းချမ်းအောင်နေနည်း။(ယောဆရာတော်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကိုဟောကြား)

တစ်ယောက်တည်းငြိမ်းချမ်းအောင်နေနည်း၊ အများနဲ့ ငြိမ်းချမ်းအောင်နေနည်းလို့ ၂နည်းရှိတယ်။
တစ်ယောက်တည်းငြိမ်းချမ်းအောင်နေတတ်မှ အများနဲ့လည်း ငြိမ်းချမ်းအောင်နေတတ်တယ်။ ကိုယ်ငြိမ်းချမ်း
အောင်နေတတ်မှ သူများကိုလည်း ငြိမ်းချမ်းအောင်လုပ်ပေးနိုင်တယ်။ တစ်ယောက်တည်းငြိမ်းချမ်းအောင်
နေနည်းက "သတိ"ပါ။ သတိအမြဲထား နေတာပါ။ အများနဲ့ ငြိမ်းချမ်းအောင်နေနည်း အတိုချုပ်က ခန္တီနဲ့
မေတ္တာပါ။
ဘ၀ထဲက ဓမ္မလုပ်ငန်းအချုပ်က သစ္စာ၎ပါး အမှန်တရားပါ။ ပါဠိလို ဒုက္ခ၊ သမုဒယ၊ နိရောဓ၊ မဂ္ဂ။
မြန်မာလို အတိုချုပ်ခေါ်ရင် "ပိတာ၊ ငြိတာ၊ အိတာ၊ သိတာ"ပါ။ ဒုက္ခဆင်းရဲဆိုတာ သူ့ကိုနိုင်တဲ့ဉာဏ်မပေါ်
သေးသမျှ ကိုယ့်အပေါ်ပိနေတာပါ။
သမုဒယလောဘက ဒုက္ခခန္ဓာအပေါ်ဖြုတ်ရ၊ ဖယ်ရခက်လှအောင် ငြိနေပါတယ်။ မသိလို့ငြိတယ်။
ငြိလို့ပိတယ်။ မသိကြီးလေ အငြိကြီးလေ၊ အငြိကြီးလေ အပိကြီးလေပါ။ နိရောဓက အပိနဲ့အငြိ ချုပ်ငြိမ်း
တာ၊ အေးချမ်းတဲ့နိဗ္ဗာန်ပါ။ အိပေါ့။ နိဗ္ဗာန်မရသေးခင် ဘ၀ထဲမှာလည်း ငြိတဲ့ကိလေသာအပူကို ဖယ်နိုင်ရင်
ပိတဲ့ဒုက္ခလျော့ချနိုင်ရင် အေးချမ်းတဲ့ 'အိ' အကောင်းကိုရနိုင်တယ်။ ငြိတာကိုဖယ်နိုင်တဲ့အား၊ ပိတာကို
လျော့ချပေးနိုင်တဲ့အားပဲ လိုပါတယ်။
မဂ္ဂဆိုတာ ဒုက္ခကိလေသာ အပိ အငြိ အဆိုး ဒီဖက်ကမ်းကနေ နိရောဓ 'အိ' အကောင်း ဟိုဖက်ကမ်း
ကိုကူးဖို့ တံတားခင်းပေးတာပါ။ မဂ္ဂင် ၈ပါးရှိပါတယ်။ မဂ္ဂင် ၈ပါးကို ချုံးလိုက်ရင် သီလ၊ သမာဓိ၊ ပညာ
သိက္ခာ ၃ပါး၊ ဘ၀ထဲက ဓမ္မစည်းကမ်း ၃ချက်ပါ။ အရာရာ စည်းကမ်းရှိတာ၊ တည်ငြိမ်အေးချမ်းတာ၊ ရင့်ကျက်
တာပါ။ ဣနြေ္ဒရရ၊ သိက္ခာရှိရှိ ပြောဆိုနေထိုင်တာပါ။ အသက်ကြီးတိုင်း ဂုဏ်မြင့်အောင် မြှင့်ပေးတာပါ။
သိက္ခာဟာ အာဏာထက် အရာရောက်တယ်။ လူ့အလုပ်အားလုံး သိက္ခာ ၃ပါး၊ စည်းကမ်း ၃ချက်အတိုင်း
သာ လုပ်နိုင်ရင် အရာရာ အောင်မြင်တိုးတက်ပါတယ်။
သီလသိက္ခာက ကိုယ်နှုတ်နဲ့ ကျူးလွန်ဖောက်ပြန်သောင်းကျန်းတဲ့ ကိလေသာအကြမ်းစားကို ထိန်း
ချုပ်ဖယ်ရှားပေးတာ။ သမာဓိသိက္ခာက စိတ်ထဲမှာ ထကြွသောင်းကျန်းလှုပ်ရှားနေတဲ့ ကိလေသာအလတ်
စားကို ထိန်းချုပ်ဖယ်ရှားပစ်တာ။ ပညာသိက္ခာက စိတ်ထဲမှာ အမြစ်တွယ်နေတဲ့ အကြောင်းဆုံရင် အချိန်
မရွေး ပေါ်လာနိုင်တဲ့ ကိလေသာအနုစားကို ဖယ်ရှားပစ်နေတာဖြစ်လို့ အဆိုးကင်းလွတ်ကြောင်းလည်း
ဖြစ်ပါတယ်။
မဂ္ဂင် ၈ပါး၊ (သိက္ခာ ၃ပါး)ကို ထပ်ချုံးလိုက်ရင် သတိ ၁လုံးပဲကျန်တယ်။ သတိဟာ ငြိတာကိုလည်း
ဖယ်ရှားပေးနိုင်တယ်။ ပိတာကိုလည်း လျှော့ချပေးနိုင်တယ်။ အေးချမ်းတဲ့ အိ-ချမ်းသာကိုလည်း အရယူပေး
နိုင်တယ်။ အရှိန်အ၀ါအကြီးဆုံးတရားပါ။ ကျန်တဲ့မဂ္ဂင် ၇ပါးတရားတွေ အကောင်းဂုဏ်တက်နေတာဟာ
အဓိကသတိပါဝင်ယှသ်တွဲနေလို့ပါ။ ဘယ်တရားမဆို သတိပါမှ အကောင်းပြည့်စုံနိုင်ပါတယ်။
သတိဆိုတာ===
၁။ ကိုယ်လုပ်လိုတဲ့အာရုံကို ပေါ်အောင်ဖော်ပေးတယ်။
၂။ ပေါ်လာတဲ့အာရုံနဲ့စိတ်ကို ကိလေသာအပူ ကြားမခိုနိုင်အောင် ကပ်ပေးတယ်။
၃။ အချိန်၊ အကြိမ်၊ လုပ်ငန်း ပမာဏအားဖြင့် သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ အဲဒီအာရုံမပျောက်ရ
အောင် ထိန်းပေးတယ်။
၎။ အလုပ်တစ်ခုလုပ်နေတုန်း အခြားအာရုံတစ်ခုခု ကြားဖြတ်ဝင်မလာရအောင် ကာကွယ်စောင့်ရှောက်
ပေးတယ်။
၅။ အလုပ်တစ်ခုလုပ်နေတုန်း ရှေ့အသိနဲ့နောက်အသိ၊ အသိချင်း စပ်ပေးတယ်။ စိတ်ပေါက်ကို ဖာပေးတယ်။
စိတ်စုတ်ကို ချုပ်ပေးတယ်။ စိတ်ကို အာရုံပေး လုံနေအောင် ထိန်းပေးတယ်။
၆။ လုပ်နေဆဲ အလုပ်အားလုံး အရေးအကြီးဆုံးလို့ သတ်မှတ်ပေးတယ်။ စူးစိုက်ပေးတယ်။ အရေးတကြီး
စူးစိုက်လုပ်ရင် အလုပ်အားလုံး တ၇ားအလုပ်ချည်းပဲ။
သတိဟာ အချိန်တိုင်းကို ကိုယ်ပိုင်အချိန်ဖြစ်အောင် လုပ်ပေးတဲ့ အချိန်ထိန်းကိရိယာပါ။ အာရုံတိုင်း
ကို ကိုယ်ပိုင်ကုသိုလ်အာရုံဖြစ်အောင် ဆောင်ရွက်ပေးနိုင်တဲ့ အာရုံထိန်းကိရိယာပါ။ စိတ်တိုင်းကို ကိုယ်ပိုင်
ကုသိုလ်စိတ်ဖြစ်အောင် ဖန်တီးနိုင်တဲ့ စိတ်ထိန်းကိရိယာပါ။ ပစ္စုပ္ပန်ရောက်နေဆဲ အချိန်တိုင်းကို တန်ဖိုး
ထားတယ်။ ပစ္စုပ္ပန်လုပ်နေဆဲ အလုပ်တိုင်းကို လေးစားတယ်ဆိုရင် တစ်ယောက်တည်းငြိမ်းချမ်းအောင်နေ
တာပါပဲ။ လူ့ဘ၀မှာ တစ်ယောက်တည်းငြိမ်းချမ်းအောင်နေတတ်ပြီဆိုရင် အများနဲ့လည်း ငြိမ်းချမ်းအောင်
နေတတ်ပါပြီ။

{ ၁၃၇၇ ခုနှစ်၊ တပေါင်းလဆန်း (၁၃)ရက်၊ တနင်္လာနေ့ နေပြည်တော်ရှိ ရွှေနန်းတော်ဟိုတယ်၌ တိပိဋကယောဆရာတော်သီတင်းသုံးနေရာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဖူးမျှော်လိုကြောင်း ကြိုတင်ခွင့်တောင်း
အသိပေးပြီး လာရောက်နာယူတော်မူသော တရားတော်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။}

မူရင်းပို့စ်မှ ကူးယူဖော်ပြပါသည်.....။

အရှင်ပညာသာရ သံသရာခရီးသည်

၁.၂.၂၀၁၇.ဗုဒ္ဓဟူးနေ့
Ashin kalyarna.

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 64916.21
ETH 3483.89
USDT 1.00
SBD 2.45