ဦးဂိုအင်ကာ

၁၉၈၅မှာ ဦးဂိုအင်ကာရဲ့ တပည့်တယောက်က ခုလို မေးတယ်။
“သေဆုံးချိန်မှာ ခန္ဒာကိုယ်ပေါ်က ခံစားချက်မှန်သမျှကို သိနိုင်သလား?”

ဦးဂိုအင်ကာ က ၄င်း၏ မိခင် သေဆုံးသွားပုံကို ဥပမာပေးပြီး အောက်ပါအတိုင်း ပြန်ဖြေပါတယ်။
(ဒီအကြောင်းကို ၁၉၉၂ ခုနှစ် အေပရယ်လထုတ် ဝိပသနာ သတင်းစဉ်မှာ ထည့်သွင်း ဖေါ်ပြခဲ့တယ်)
———————————————————————–

FB_IMG_1634051890738.jpg
google photo

“ကျွန်တော်ဟာ မိသားစုထဲမှာ သား၆ယောက် ရှိတဲ့အနက်က သားတဦးဖြစ်ပါတယ်။
ကျွန်တော့် ဦးလေးနဲ့ အဒေါ်တို့မှာ သမီးချည်းပဲ ၆ယောက်ထွန်းကားပြီး သားမထွန်းကားတဲ့အတွက် ကျွန်တော် ခပ်ငယ်ငယ်မှာ အပြီးအပိုင် ခေါ်ယူ မွေးစားခဲ့တယ်။

ကျွန်တော့်မွေးစားမိခင် ဟာ ဆရာကြီး ဦးဘခင်ရဲ့ တပည့်ရင်း ဖြစ်ပြီး ဆရာကြီးရဲ့ လမ်းညွှန်မှုနဲ့ တရားထိုင်ခဲ့တာ အတော် ပေါက်မြောက်ခဲ့ပါတယ်။
ဆရာကြီးရဲ့ အထူး အလေးထားချစ်ခင်မှုကို ခံရပြီး မှတ်မိသလောက်ဆိုရင် ဆရာကြီးရဲ့ ရှေ့မှောက်မှာ ကွယ်လွန်အနိစ္စရောက်တဲ့ တဦးတည်းသော တပည့်လည်း ဖြစ်ပါတယ်။

၁၉၆၇ခုနှစ် အမေ့ အသက် ၇၀ အရွယ်ခန့်မှာ အသည်းကင်ဆာဖြစ်နေတာကို သိရပါတယ်။
ရောဂါက အတော် ကျွမ်းတဲ့ အဆင့် ရောက်နေပါပြီ။

အမေ ဘယ်အချိန်ကတည်းက ခုလို ဝေဒနာခံစားနေရတယ်ဆိုတာကို
တမိသားစုလုံး..မသိကြပါဘူး။
ဘာကြောင့်လဲဆိုတော့ တခါမှ ထုတ်ပြီး မငြီးငြူဖူးလို့ပါ။

FB_IMG_1634051894783.jpg
google photo

မကွယ်လွန်မီ တပါတ်လောက် အလိုကျတော့မှ အသည်းရှိတဲ့ နေရာကို ထောက်ပြီး နာတယ်လို့ ခပ်တိုတိုပဲ ပြောပါတယ်။ ကျွန်တော့် မိန်းမ က.. ဘယ်လို နာပုံမျိူးလဲလို့.. မေးတဲ့အခါ ကလေးမွေးခါနီး နာသလိုပဲ။
ဒါပေမယ့် အခုနာတာက မရပ်မနား အမြဲနာနေတာပါ လို့ ဆိုတယ်။

အသည်းကင်ဆာ ဖြစ်လာတော့ အမေ့ရဲ့ တရားထိုင်သက်တမ်းက ၇နှစ်လောက် ဖြစ်နေပါပြီ။
အမေဟာ ရိပ်သာ တခါသွားရင် ၁၀ရက်၊ တလ၊ သို့မဟုတ် အချိန်အတိုင်းအတာ တခုအထိ ကြာပါတယ်။

သူ့ရဲ့ ခရီးဆောင်အိတ်ဟာ အမြဲလို အဆင်သင့် ထုတ်ပိုးပြီးသား ဖြစ်နေပါတယ်။
ရိပ်သာ မသွားဖြစ်လို့ အိမ်မှာဆိုလည်း သူ့ဘာသာ သူ တရားထိုင်ပါတယ်။

FB_IMG_1634051900339.jpg

အမေဟာ ဘာသာရေး အလွန်ကိုင်းရှိုင်းတဲ့ ဟိန္ဒူ အသိုင်းအဝိုင်းက လာပေမယ့် ဟိန္ဒူဘာသာရေးအရ ရွတ်ဖတ်သရဇ္ဇျယ်တာ၊ ဘုရားရှိခိုးတာမျိူးတွေ လုံးဝ မလုပ်တော့ဘဲ အားလုံးကို အတိတ်မှာ ချန်ထားခဲ့ပါတယ်။

ကင်ဆာ ဖြစ်တယ်လို့ သိတဲ့နေ့က စပြီး ၇ ရက်အကြာ ကွယ်လွန်ချိန် အထိ မည်သူ့ကိုမျှ သူ့ရောဂါအကြောင်း ပြောခွင့် မပြုတော့ပါဘူး။

ဝိပသနာတရားထိုင်မယ့် သူတွေကိုသာ သူ့အခန်းထဲကို ဝင်ခွင့်ပြုပြီး တိတ်ဆိတ်စွာ ပြန်လည် ထွက်ခွါစေတယ်။
ဟိန္ဒူထုံးတမ်းစဉ်လာမှာ ကွယ်လွန်ခါနီး လူကို လာရောက် အရိုအသေပေးကြရပါတယ်။

အမေဟာ အလွန် လူသိများ ထင်ရှားသူလည်း ဖြစ်လို့ အခုလို ဖြစ်လာတဲ့အချိန်မှာ မြင်ချင်တွေ့ချင်သူတွေ များလှပါတယ်။
နောက်ဆုံးအခြေအနေကို ရောက်နေတဲ့အချိန်မှာ အမေက လူတွေကို အိမ်လာလည်ဖို့ ခွင့်ပြုပေမယ့် တရားထိုင်မယ့်သူ မဟုတ်ရင်တော့ သူ့အခန်းထဲကို ပေးမဝင်ဘို့ တင်းကြပ်စွာ တားမြစ်ထားတယ်။
အခန်းပေါက်ဝမှာ တိတ်ဆိတ်စွာ ထိုင်ရပါတယ်။

FB_IMG_1634051906402.jpg
google image

အမေက ဆေးကုဘို့ လုံးဝ စိတ်မဝင်စားပေမယ့် ကျွန်တော်ကတော့ သားတယောက်ရဲ့ ဝတ္တရားနဲ့ အညီ ဆေးကုဘို့ စီစဉ်ရပါတော့တယ်။
မိသားစု ဆရာဝန်နဲ့ အထူးကု တို့ နေ့စဉ် လာကြည့်ပေးပါတယ်။

♦️ဆရာဝန်တွေက နာသလား လို့ မေးတဲ့အခါ
“အနာတော့ ရှိတာပေါ့ နာတာ ဘာဖြစ်သလဲ”
“အနိစ္စ… အနိစ္စ”လို့ ဗမာလို ရေရွတ်ပါတယ်။
နာတာကို အရေးကြီးတယ်လို့ သဘောမထားတာပါ။

တမနက်.. အထူးကု ရောက်လာတဲ့အခါ.. ဝေဒနာကြောင့် ကောင်းကောင်း အိပ်မပျော်မှာကို ဆရာဝန်က အတော် စိုးရိမ်ပုံပေါ်တယ်။
ညက ကောင်းကောင်းအိပ်ပျော်ရဲ့လား လို့ မေးတဲ့အခါ အမေက “ဟင့်အင်း လုံးဝ မအိပ်ဘူုး” လို့ ပြန်ဖြေတယ်။
ဒါနဲ့ ဆရာဝန်က အိပ်ဆေးသောက်ဘို့ ပေးထားခဲ့တယ်။ အမေကလည်း သောက်ပါတယ်။

နောက်တနေ့ ဆရာဝန် ရောက်လာပြီး မေးတဲ့အခါ အမေကအိပ်မပျော်ဘူးလို့ပဲ ဖြေတယ်။
လူနာက နာတယ်လို့ မပြောပေမယ့် ဆရာဝန်ကတော့ အလွန်အမင်း နာကျင်နေလို့သာ မအိပ်တာလို့ တွက်ပါတယ်။ ဆေးဝါးရှားပါးတဲ့အတွက် ဘယ်ဆေး ဝယ်လို့ ရမယ်ဆိုတာ မသိတော့ အိပ်ဆေးပြင်းပြင်း ၃မျိူးကို ရေးပေးပါတယ်။ ရရာ ဝယ်ဆိုတဲ့ သဘောမျိူး။

ဖြစ်ချင်တော့ ၃မျိူး စလုံး ဝယ်လို့ ရသွားပြီး ၃မျိူးစလုံး သောက်မိရက်သား ဖြစ်သွား တယ်။ နောက်နေ့ မနက်မှာ ထုံးစံအတိုင်း ပြောတာက မျက်ခွံတွေသာ လေးနေတာ. တညလုံး အိပ်မပျော်ဘူး ဆိုတာပဲ။

ဒီနေရာမှာ…ဆရာဝန်က သဘောမပေါက်တာမျိူး ကျွန်တော်လည်း ကြုံဖူးတယ်။

♦️တရားထိုင်တဲ့ လူတယောက်အတွက် အိပ်တဲ့ ကိစ္စဟာ အရေး မကြီးပါဘူး..
အထူးသဖြင့် သေခါနီးဆဲဆဲ အချိန်တွေမှာပေါ့။
အိပ်ပျော်အောင် အိပ်ဆေးတွေ ဘယ်လိုပင် ပေးသော်လည်း အမေ့ရဲ့ မြဲမြံတဲ့ သန္နိဋ္ဌာန်ကြောင့် နိုးနေတာပါ။
အမေဟာ မရပ်မနား တရားမှတ်နေခဲ့တယ်။

ဒါနဲ့ အိပ်ဆေးတွေက အလုပ်မဖြစ်တဲ့ အကြောင်း ဆရာဝန်ကို ပြောပြရတာပေါ့။ ဆရာဝန်က နားမလည်နိုင်ဘူး။ ဒီလောက်ပြင်းတဲ့ အိပ်ဆေးတွေ ပေးတာတောင် မအိပ်နိုင်ဘူးဆိုတော့ အတော် နာနေလို့ ဖြစ်မယ်လို့ ဆရာဝန်က ပြောတယ်။

နာလို့ မအိပ်တာ မဟုတ်ပါဘူး။ ဝိပဿနာတရားမှတ်နေတဲ့အတွက် တကိုယ်လုံးက ခံစားချက်ကို မှတ်နေတာ ဖြစ်လို့ မအိပ်တာပါ လို့ ဆရာဝန်ကို ပြောရတယ်။

♦️အမေ့အခန်းထဲကက ထွက်လာတော့ ဆရာဝန်က ဘာပြောလဲဆိုရင် ဒီနားက သူ့အရွယ် အမျိူးသမီးတယောက်လည်း အသည်းကင်ဆာ ဖြစ်နေတာပဲ။ နာလွန်းလို့ အော်ဟစ်ငိုယိုနေရတယ် လို့ ဆိုတယ်။
ကြားရတာ အတော် စိတ်မကောင်း ဖြစ်မိပါတယ်။

ဒါပေမယ့် သူ့အတွက်တော့ ကိုယ်တွေလည်း ဘာမှ မတတ်နိုင်ပါဘူး။ ဒီမှာတော့ ကျွန်တော်တို့ အမေက ပြုံးလို့ပေါ့။
အမေကွယ်လွန်မယ့် ညမှာ မိသားစုလုံး အမေနဲ့ အတူ တရားထိုင်ကြပါတယ်။
ည ၁၁နာရိ ထိုးတဲ့အခါ အမေက.. သိပ်မိုးချုပ်နေပြီ. သွားအိပ်ကြပါတော့ လို့ ပြောတယ်။

သန်းခေါင်ယံရောက်တော့.. ညတာဝန်ကျ..သူနာပြုဆရာမလေးက အမေ့လက်မှာ သွေးမလျှောက်တော့တာကို သတိပြုမိတယ်။
သေဖို့ အချိန် နီးကပ်လာပြီဆိုပြီး သားသမီးတွေကို နိုးလိုက်ရမလား လို့ မေးတော့
အမေက “အချိန်မကျသေးပါဘူး။
အချိန်ကျရင် ပြောမယ်” လို့ ဖြေပါတယ်။

♦️မနက် ၃နာရီထိုးတဲ့အချိန်မှာတော့ အချိန်ရောက်ပြီ။ တအိမ်လုံးကို နှိုးပါ။
ငါ သွားရတော့မယ်လို့ ဆိုပါသတဲ့။
ဒါနဲ့ပဲ တအိမ်လုံး နိုးလာပါတယ်။

အဲဒီတော့မှ သိရတာက သူ့တကိုယ်လုံး နေရာတော်တော်များများမှာ သွေးလုံးဝ မလျှောက်တော့တာပါပဲ၊
ဒါနဲ့..ဆရာကြီးဦးဘခင်နဲ့ မိသားစုဆရာဝန်ကို ဖုန်းဆက်လိုက်တော့ ၂ယောက်စလုံး အမြန်ရောက်ချလာပါတယ်။

ဆရာဝန်က “အချိန် သိပ်မကြာတော့ဘူး။
မိနစ်အနည်းငယ်ပဲ နေရတော့မယ်” လို့ ပြောပါတယ်။
ဆရာကြီး ရောက်တဲ့အချိန်မှာ အမေက ပက်လက်လဲလျောင်းနေပါတယ်။
လက်တွေမှာ လုံးဝ သွေးမလျှောက်တော့ပါ။

ဒါပေမယ့် ဆရာကြီးကို မြင်တာနဲ့ တပြိုင်တည်း လက်တွေကို မြှောက်ပြီး လက်အုပ်ချီ အရိုအသေပြုပါတယ်။
မကွယ်လွန်မီ ၅မိနစ်ခန့်အလို အမေက ကျွန်တော့်ကို စိုက်ကြည့်ပြီး “ထိုင်ချင်တယ်” လို့ ပြောပါတယ်။

ဆရာဝန်ကို အကြံတောင်းတဲ့အနေနဲ့ လှမ်းကြည့်တော့ ဆရာဝန်က “မိနစ်ပိုင်းအတွင်းမှာ သူသွားရတော့မယ်။ ငြိမ်းငြိမ်းချမ်းချမ်း အသက်ထွက်ပါစေ။
သွားရွှေ့လိုက်ရင် နာကျင်ပြီး အသက်ထွက်ရမယ်။
အခုတောင် တော်တော်ဝေဒနာခံစားနေရတာ. ဒီအတိုင်းပဲ ထားလိုက်ပါ ” လို့ ပြောပါတယ်။
ဆရာဝန်ပြောတာကို အမေကြားပါတယ်။

“ဟင့်အင်း၊ ငါ ထိုင်ပါရစေ” လို့ အမေက ထပ်ပြောတဲ့ အခါမှာတော့ “ဒါ သူ့ရဲ့ နောက်ဆုံးဆန္ဒပဲလေ.
ဆရာဝန် ပြောတဲ့ နာကျင်တာတွေလည်း သူ ဂရုမစိုက်တော့ပါဘူး။ ထိုင်နိုင်အောင် ကူညီမှပဲ” စဉ်းစားမိပါတယ်။
ဒါနဲ့ နောက်ဘက်မှာ ခေါင်းအုံးတွေ ခုပေးပြီး မှီထိုင်ခိုင်းပါတယ်။

တရားထိုင်သလို တင်ပလင်ခွေထိုင်ပြီး ကျွန်တော်တို့ အားလုံးကို တည့်တည့် ကြည့်ပါတယ်။
“ကိုယ်ခန္ဒာက ခံစားချက်တွေကို ရသလား။
မမြဲတဲ့ အနိစ္စကို ခံစားရသလား” လို့ မေးတဲ့အခါ အမေက လက်ကို မြှောက် ခေါင်းကို ထိပြီး
“အနိစ္စ အနိစ္စ” လို့ ပြောပါတယ်။
အမေ က ပြုံးနေပါတယ်။
မိနစ်ဝက်ခန့် အကြာ မှာ အမေ အသက်ထွက်သွားပါတယ်။
အသက်ရှင်စဉ် ကာလမှာ အမေ့မျက်နှာဟာ ဝင်းပနေတယ်။ ကွယ်လွန်ပြီးနောက်မှာလည်း အမေ့မျက်နှာက ဝင်းပလို့ နေပါတယ်။
S. N Goenka
——————————————————–

FB_IMG_1634051922363.jpg
google photo

မိခင် သေဆုံးပြီးနောက် ဦးဂိုအင်ကာ သည် ဗုဒ္ဓဖွားမြင်ရာ အိန္ဒိယသို့ တဖန်ပြန်၍ ဗုဒ္ဓ၏ လမ်းညွှန်ချက်များကို သင်ကြားရန် မြန်မာပြည်ကို စွန့်ခွာသွားခဲ့လေသည်။

💢🚩💢 ကမ္ဘာအနှံ့ အောင်လံစိုက်ထူနေသော____✏
🌱🌱🌱
ဂုရုကြီး ( ဦးဂိုအင်ကာ) 👏👏👏📚

credit knowledge

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.028
BTC 65189.35
ETH 3155.37
USDT 1.00
SBD 2.60