23
ကျနော့်တွင် ရောဂါ တခု ရှိ၏။ ကြီးကြီးမားမား ဟု ပြောရအောင်လည်း ခက်၊ နို့ ဒါဖြင့် သေးသေး လေးလားဆိုပြန်တော့လည်း မသေး ပြန်ပေ။ နည်းနည်း လည်သွားပြီ ထင်၏။ အခြေအနေ အချိန်အခါ ပေါ် မူတည်ပြီး အဆိုပါ ရောဂါက ပြင်းထန်၏။ ထို ရောဂါက ရုပ်ပိုင်းဆိုင်ရာ ရောဂါ မျိုးတော့ မဟုတ်ပေ။ စိတ်ပိုင်းဆိုင်ရာ ရောဂါမျိုး ဖြစ်၏။ ထို ရောဂါက အစဉ်အမြဲ ဖြစ်နေခြင်းမျိုးလည်း မဟုတ်ပေ။ တချက်တချက် တခါတလေမှ ထထပြီး ဖြစ်လေ့ ရှိ၏။ ထိုသို့ ဖြစ်တိုင်းလည်း တော်တော်လေး စိတ်ညစ်ရ၏။ အနှီ ရောဂါကြီးကို ကျနော့်ထံကနေ လုံး၀ ပျောက်ကင်းသွားအောင် ခုချိန်ထိတော့ မလုပ်နိုင်သေးပေ။
အဆိုပါ ရောဂါကလည်း ကျနော့်ကို အတော်လေး ချစ်သည့် ပုံပင်။ မကြာခဏ မလာပေမယ့် တော်တော်ကြာ တကယ့်ကို တော်တော်ကြာ တခါလောက် လာလေ့ ရှိ၏။ သူ လာလျှင် ကျနော့်မှာ ဘာလုပ်လို့ ဘာနေရမယ် မှန်းကို မသိဖြစ်ရ၏။ တောင်လုပ်လည်း မရ၊ မြောက်လုပ်လည်း မရပေ။ ထို့ပြင် အနှီ ရောဂါက မကြိုဆိုလည်း လာတတ်၏။ အတော်လေး ဆိုးလှ၏။ တကယ်တမ်းကျပြန်တော့ ကျနော်က မဖိတ်ခေါ် မကြိုဆိုဘူးဆိုပေမယ့် အနှီ ရောဂါ ရောက်လာရခြင်းက ကျနော့် ပယောဂလည်း မကင်းပေ။ ပြဿနာ၏ အမွန်အစက မိမိသာ ဖြစ်သည်ဆိုပြီး ရှင်တော် ဘုရား ဟောကြားတော် မူခဲ့သည် မလား။
အဆိုပါ ရောဂါကို လုံး၀ ပျောက်သွားအောင် ခုထိတော့ ကုမရနိုင်သေးပေ။ တချိန်ချိန်မှာတော့ အရှင်းပျောက်သွားအောင် ကျနော် လုပ်နိုင်ကောင်းပါရဲ့။ လုပ်နိုင်မည်ဟုလည်း ယုံကြည်ထား၏။ လောလောဆယ်တော့ အဆိုပါ ရောဂါ နှိပ်စက်သမျှကို ခံရပေလိမ့်ဦးမည်။ ပေဖြစ်တုန်းတော့ အထုခံလိုက်ဦးပေါ့။ တူဖြစ်မှပဲ ပြန်နှပ်ရပေလိမ့်ဦးမည်။ ကျနော့်အား လုံး၀ ပြိုလဲသွားအောင် မလုပ်နိုင်သရွေ့ အဆိုပါ ရောဂါကို ကျနော် ပြန်တွန်းလှန်နေဦးမည် ဖြစ်၏။
ထို ရောဂါကို အမြစ်ပြတ် တိုက်နိုင်ဖို့က ကျနော့်အပေါ်မှာ များစွာ မူတည်၏။ သေချာ အစီအစဉ်ချလျှင် မဖြစ်နိုင်ဘူး ဆိုတာ မရှိဘူး မလား။ အစီအစဉ် ချထားသည့်အတိုင်း လုပ်နိုင်ဖို့တော့ လို၏။ အစီအစဉ် အသစ် အသစ်တွေ ချမှတ်ပြီး တိုးတက်အောင်လည်း လုပ်ဆောင်နိုင်ဖို့ လို၏။ သို့ဆိုလျှင်တော့ အဆိုပါ ရောဂါသည် ကျနော့်ထံက လုံး၀ ပျောက်ကွယ်သွားနိုင်၏။ ကျနော် ပြောသည့် ရောဂါကား အခြားတော့ မဟုတ်ပေ။ ပြတ်တုန်း လပ်တုန်း (၂၃) ဆိုသည့် စကားအတိုင်း လကုန်ခါနီး မကြာခဏ ပိုက်ဆံ ပြတ်တတ်သည့် ရောဂါ ဖြစ်ချေ၏။
Don Jaun
MSC 31
၂၃ ကျော်သွားပြီလေ....
ဟုတ်တယ်
ေ ကျာ်သွားလဲ
ပြတ်တုန်းပဲ
😁