ဗိုင်းကောင်းကျောက်ဖိ

in #esteemapp8 years ago

image

ဗိုင်းကောင်းကျောက်ဖိ

မနက်မိုးလင်းလို့ ရေမိုးချိုးပြီးတာနဲ့ လူကိုလန်းသွားတာပဲ။ သနပ်ခါးတွေ ဖွေးနေအောင်လိမ်းပြီး မီးဖိုချောင်ထဲ လာလိုက်တယ်။
ဒီနေ့ ကြက်သားဟင်းချက်မလို့။ ဟင်းချက်ဖို့ လုပ်နေတုန်း ဟိ ခနဲ တစ်ချက်ရယ်မိတယ်။ ကိုယ်ငယ်ငယ်တုန်းက အကြောင်းတွေးမိလို့ပါ။ အဲဒီတုန်းက ဆယ်တန်းဖြေပြီး နွေရာသီကျောင်းပိတ်ရက် ။ အဖေက ကျောင်းပိတ်ရက် ခဏလာတုန်းအချိန် ။ အဖေက တစ်နှစ်မှ တစ်ခါတွေ့ရတဲ့ ကျမကို ဟိုအကြောင်း ဒီအကြောင်းတွေ ပြောပြ ၊ ဟိုမေး ဒီမေး ..ပြီးရင် စာဖတ်ပြပေါ့။
တစ်နေ့တော့ အဖေက ထမင်းဟင်း ကောင်းကောင်း ချက်တတ်အောင် သင်ထား တဲ့။
ကျမက ချက်ချင်း ပြန်ပြောတယ် .. ဟင့်အင်း လို့။
အဖေက အံ့သြသွားတယ် ။
ပြီးတော့ မေးတယ် ဘာလို့တုန်း တဲ့။
ဟာ.. အဲဒါ မိန်းမတွေ လုပ်တဲ့ အလုပ် .. သမီးက မိန်းမတွေလုပ်တဲ့အလုပ် မလုပ်ဘူး .. ပြီးတော့ အိမ်တစ်အိမ်မှာ ကြည့်ကြည့်လိုက် ဘာမှအရည်အချင်း မရှိတဲ့မိန်းမတွေ မီးဖိုထဲဝင် ထမင်းဟင်းချက်ရတာပဲ .. ဟင်အင်း သမီးက မီးဖိုချောင်ထဲ ထမင်းဟင်းချက်တာ မလုပ်ဘူး လို့ ။

image

ခပ်ပြတ်ပြတ်ပဲ။ 
အဖေက အံ့သြတကြီး ကြည့်နေတယ်။
သူ့ ကြည့်တော့ မိန်းခလေး။ ပြီးတော့ သူက ပြောသေးတယ် မိန်းမတွေလုပ်တဲ့အလုပ် မလုပ်ဘူး တဲ့ ... ဘယ်လိုမိန်းခလေးလဲ မသိဘူး လို့ တွေးနေမှာပေါ့။
  ကိုယ်ကတော့ အပြတ်ပဲ ။ ခပ်ပြတ်ပြတ်ကို ပြောချလိုက်တာ .. ဟင့်အင်း သင်ဘူး လို့ ။ ပြီးတော့ အဖေမျက်နှာတည့်တည့် မကြည့်ပဲ ဘေးစောင်းထိုင်နေလိုက်တယ်။ အဖေက ရုတ်တရက် ဘာပြန်ပြောရမှန်းမသိ ပြုံးစိစိကြီး ကြည့်နေတာ သိသားပဲ။ တော်ကြာ ထပ်ပြောနေမစိုးလို့ မျက်နှာခပ်တည်တည်နဲ့ အဝေးကိုပဲ ကြည့်နေလိုက်တယ်။ 
ဟိုတလောက မိတ်ဆွေတွေအသိတွေလာတော့ အဲဒီတုန်းက ကျမအပြောကို အဖေက ပြန်ပြောပြနေတယ်လေ။ ကိုယ့်ဘာကိုယ်တော့ မေ့နေပါပြီ .. အဖေပြန်ပြောပြနေတော့မှ... အော်အေး ဟုတ်သား ငါ အဲ့တုန်းက အဲလိုပြောခဲ့တာပဲလို့ တရေးရေးနဲ့ အသေးစိပ် ပြန်မှတ်မိတယ်။ 
 အဖေက စကားဆက် ပြောတုန်း .. " သူက မိန်းခလေးဖြစ်လို့ ထမင်းဟင်းချက်သင်ထားလို့ ပြောတာကို မသင်ဘူး မိန်းမအလုပ် မလုပ်ဘူး တဲ့ .. ထမင်းဟင်းချက်တာ မိန်းမတွေလုပ်တာ မိန်းမတွေလုပ်တာမှန်သမျှ ဘာမှ မလုပ်ဘူး တဲ့ "...  ပြီးတော့ ကျမကို လက်ညိုးထိုးပြတယ်။
အားလုံးက ကျမကို ကြည့်ကြတယ်။ ဟင်း လို့ ပြုံးပြလိုက်တယ်။ 
အဖေက ဆက်ပြောသေးတယ်။ အဲဒါ သူ့ကို တော်တော် ချော့ပြီး ပြောရတယ် .. သမီးချက်တာ စားချင်လို့ပါ .. ဆိုပြီး၊ . သူချက်တာ မကောင်းလည်း စားရတာပဲ .. နောက်မချက်တော့မှာ စိုးလို့ တဲ့။ 

ဟုတ်တယ် ..
မိန်းမဆန်တာ ဘာမှမကြိုက်ဘူး ..
မိန်းမဆန်တဲ့ အနုအရွ ငပုနှမတွေလည်း မကြိုက်ဘူး .. 
 လက်သည်းရှည် ခြေသည်းရှည် လည်း မထားဘူး .. 

မိတ်ကပ်လည်း မကြိုက်ဘူး ..
နာရီပတ်လည်း ယောက်ျားဝတ်နာရီမှ ကြိုက်တာ..
ဖိနပ်ဝယ်တဲ့အခါကျမှ အခက်တွေ့တယ် .. မိန်းမဆန်တဲ့ဖိနပ် မစီးချင်လို့ ။ ဒေါင်းတောက်အောင်ရှာရ ရွေးရတယ်။
အမယ် .. အင်္ကျီဝတ်တဲ့အခါကျတော့ ရင်ဖုံးမှ ကြိုက်တာ ..
ရှေးအမယ်အိုကြီးတွေ ဝတ်သလို သီးတံလေးနဲ့ ပင်နီရင်ဖုံးလေးတွေ .. ။ အင်းလေးထဲသွားတုန်းက အသက် ၇၀ ကျော် အဖိုးအိုတစ်ယောက် ချုပ်ပေးလိုက်တယ် ။ ဆယ့်နှစ်ထည်တောင်။ ဝတ်လွန်းလို့ နွမ်းတောင်နေပြီ။
တစ်ခါတစ်ခါ ဝတ်ထားရင် ကိုယ့်ကိုယ် အမယ်အိုကြီးလို့ မြင်တယ်။ သိပ်သဘောကျတာ .. ancient old လို့ ခံစားရတာကိုလေ။

ခုတော့လည်း ဖေ့သမီး ဗိုင်းကောင်းကျောက်ဖိ ဖြစ်ပါပြီ ..

 ချက်နည်းပြုတ်နည်းစာအုပ်တောင် ရေးတော့မလို့။

photo : facebook

image

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.089
BTC 61690.34
ETH 1717.13
USDT 1.00
SBD 0.38