စာစကား (၇)

in #esteemapp6 years ago

image

စာစကား (၇)

စာဖတ်သမားဖြစ်ရင်၊ ကြိုက်တတ်တဲ့ စာအုပ်တွေ တော်တော်များများရှိတယ်။ အဲ့ဒီ့တော်တော်များများထဲက၊ အဆိုအမိန့်တွေ ကောက်ချက်တွေ၊ မှတ်ချက်တွေကို စုထားတဲ့ စာအုပ်တွေ အကြောင်း ပြောချင်ပါတယ်။ ကျနော် စာဖတ်သမားဘဝ အစကတည်းက၊ အဆိုအမိန့်တွေ စုထားတဲ့ စာအုပ်တွေကို တစ်ခုတ်တစ်ရ စုတယ်။ ဆောင်းတယ်။ ပြီးတော့၊ အချိန်ကွက်ကွက်ကလေးတွေမှာ ကောက်ကောက်ဖတ်တယ်။

ဒီလို ဖတ်လာပါ များလာတော့၊ တစ်ခု သတိထားမိတယ်။ အဆိုအမိန့်တွေ၊ ကောက်ချက်၊ မှတ်ချက်တွေက ဖြစ်စဉ်ကို နားလည်ပေးအောင် လုပ်ပေးတယ်။ တခါတရံ စာတစ်ပုဒ် ဖတ်တယ်။ စာတစ်အုပ် ဖတ်တယ်။ ဆိုလို ရင်းကို ချက်ချင်း သဘောမပေါက်တဲ့ စာအုပ်တွေ အများကြီး။

အဆိုအမိန့်စုစည်းထဲက၊ စာတစ်ကြောင်း၊ စကား တစ်ခုက ခေါင်းထဲကို တစ်ခုခု လင်းသွားတယ်။ လက်သွားတယ်။ အဲ့သည်လို ခံစားရတယ်။
ဖြစ်စဉ်ကို နားလည်လိုက်တယ်။ အဖြစ်အပျက်ကို နားလည်လိုက်တယ်။

သဘောတရား တစ်ခုဟာ၊ စာတွေ စကားတွေ အများကြီး ပြောပြီး ရှင်းပြစရာ မလိုဘဲ အလိုလို ဦးနှောက်ထဲမှာ နားလည်သွားသလိုမျိုး။ နှလုံးသား ထဲမှာ စွဲစွဲမြဲမြဲ သိလိုက်တာမျိုး ဖြစ်သွားစေတယ်။

အဆိုအမိန့်တွေကို ဖတ်တဲ့ ကောင်းကျိုးက၊ လူပေါင်းစုံရဲ့ အိုင်ဒီယာကို စားသုံးခွင့်ရတယ်။ သူတို့ ကြုံတဲ့၊ သူတို့ နားလည်ထားတဲ့ အရာတစ်ခုကို စာတစ်ကြောင်း၊ စကားတစ်ခွန်းနဲ့ စစ်ထုတ်ပြီး ရလိုက်တာမျိုး။ ဒါတွေက စာဖတ်သမားတွေ အတွက် အသုံးဝင်တယ်။ စာတွေကို ဆက်ပြီး ဖတ်ဖို့ တွန်းအားဖြစ်စေတယ်။ ထိုနည်းလည်း ကောင်းပဲ အကြောင်းအရာတစ်ခု၊ ဘာသာရပ်တစ်ခု၊ သဘောတရား တစ်ခုကို အလွယ်တကူ နားလည်သွား အောင် အထောက်အကူ ပြုတယ်။

ဥပမာ - ဒဿန ကောက်ချက် တစ်ခု တစ်လေကို ကျနော် ထုတ်နှုတ်ပြမယ်။

အတုပဲ ခိုးလို့ရမယ်…. အစစ်ဆိုတာ ကျင့်မှ….
အမှန်သိသလောက်ကျင့်…. အစစ်ဖြစ်တယ်။

ဘဝမြင့်ရင် ဘဝင်မြင့်တတ်တယ်။ ဘဝပဲ မြင့်ပါစေ။

ခွန်စိုက်အားစိုက်မလုပ်ပဲနှင့် အကောင်းဆုံးဆိုတာ မရရှိနိုင်….

အကောင်းဆုံးကို လိုချင်ရင် သာမန်နဲ့တော့ ဘယ်ရမလဲ….

ဘဝဆိုတာ၊ ဂီယာ ဆယ်ချက်ပါတဲ့ စက်ဘီးတစ်စီးနဲ့တူတယ်။ ကျနော်တို့က တခြားဂီယာတွေ ပြောင်းထိုးပြီး နင်းဖို့ မေ့နေကြတယ်…

ဖြစ်နိုင်ချေ ရှိတာကို လုပ်တာ နိုင်ငံရေး….

ထာဝရ ရန်သူ၊ ထာဝရ မိတ်ဆွေ ဆိုတာ မရှိ။
ထာဝရ အကျိုးစီးပွားသာ ရှိတယ်….

သမိုင်းဆိုတာ၊ လူတန်းစား တိုက်ပွဲ…..

လောကမှာ မြဲသော အရာ မရှိ….
မြဲသော အရာ ရှိရင်တောင် တစ်ခုပဲ ရှိတယ်….
အဲ့ဒါ သင်္ခါရ…

ကမ္ဘာလောကကြီးကို ပြောင်းချင်တဲ့သူက၊
ကိုယ့်ကိုယ်ကို အရင် ပြောင်းပစ်ရမယ်….

မိသားစု ဆိုတာ နိုင်ငံတော်ရဲ့ အခြေခံယူနစ်။

ဘဝဆိုတာ စိတ်ရဲ့ ရောင်ပြန်ဟပ်မှု။

ရင့်ကျက်တယ်ဆိုတာ လူကြီးစိတ်။
ကလေးစိတ်က မရင့်ကျက်ဘူး။

များများလိုချင်၊ များများလေ့လာ။

အလကား လိုချင်သူက အလကားလူ…။

image

ကျနော့် စာဖတ်သက် တစ်လျှောက်၊ အဆိုအမိန့်တော်တော်များများကို မှတ်စုထုတ်ခဲ့တယ်။ အဆိုအမိန့်တွေ မှတ်ချက်တွေက လောကကြီးကို နားလည်အောင်လုပ်ပေးတယ်။ လူတွေအကြောင်း၊ သဘာဝအကြာင်း၊ အလုပ်အကြောင်း၊ စိတ်နေသဘောထားတွေအကြောင်း၊ စိတ်သဘာဝတွေ အကြောင်း… စတာတွေကို နားလည်လာစေတယ်။

ဒီလိုပဲ၊ အောင်မြင်မှု အကြောင်း၊ ကျရှုံးမှုအကြောင်း၊ လောကဓမ္မအကြောင်း၊ စာပေ အကြောင်း၊ အနုပညာ အကြောင်း… စတဲ့ အကြောင်းတရားတွေကို နားလည်အောင် လုပ်ပေးတယ်။ ဒါတွေတင်မကဘူး။ အကြောင်း အရာ တစ်ခုနဲ့ တစ်ခု ဆက်စပ် နားလည်အောင် လုပ်ပေးတယ်။ အဆိုအမိန့်တွေက တန်ဖိုးကြီးတယ်။

အထူး သဖြင့်၊ သူတို့ဘဝရဲ့ ဖြတ်သန်းမှု အနှစ်ချုပ်လည်းဖြစ်တယ်။ လေ့လာမှု အနှစ်ချုပ်လည်း ဖြစ်တယ်။ နားလည် ထားမှု တစ်ခုရဲ့ အခြေခံအကြောင်းတရားလည်းဖြစ်တယ်။ အဆိုအမိန့်တစ်ခုဟာ၊ မီးခလုတ်နဲ့လည်း တူတယ်။ လျှပ်စစ်မီး ဘယ်လောက် လာနေလာနေ၊ ခလုတ် မဖွင့်လိုက်ရင် မီးသီးက မလင်းဘူး။ ဒီလိုပဲ၊ အကြောင်းအရာ တစ်ခုကို နားလည်ဖို့၊ စာတွေ အများကြီး ဖတ်နေပေမယ့် ချက်ချင်း ပွင့်မသွားတာတွေ ရှိတယ်။ ဒါကို အဆိုအမိန့် တွေက လုပ်ပေးနိုင်တယ်။
ဒါ့ကြောင့်၊ စာဖတ်သမားတွေဟာ ကိုယ့်ရဲ့လေ့လာမှု ဖြစ်စဉ်မှာ အဆိုအမိန့်တွေကို ဖတ်ဖို့ လိုတယ်။ အဆိုအမိန့် တွေက နားလည်မှု ဖြစ်စဉ်ကို လိပ်ပတ်လည်အောင် လုပ်ပေးတယ်။

လျှပ်စစ်မီးခလုတ်တစ်ခုလို၊ မီးလင်းအောင် ဆက်စပ်ပေးတဲ့ ဆက်ထုံးတစ်ခုဖြစ်တယ်။ စာအများကြီး ဖတ်နေတာထက်၊ စာတစ်ပိုဒ်၊ စာတစ်ကြောင်းက ကိုယ့် အသိကို လင်းအောင်၊ လက်အောင် လုပ်ပေးနိုင်တယ်။ အိုင်ဒီယာတွေကိုလည်း ထုတ်ပေးတယ်။ ဆွပေး တယ်။ ရှိပြီးသား အသိတွေကို ချိတ်ပေးတယ်။ ဆက်ပေးတယ်။ တွဲပေးတယ်။ ပေါင်းပေးတယ်။ ဒါဟာ၊ အသိတစ်ခုက အသုံးကျလာဖို့ အရေးကြီးဆုံး အချက် ဖြစ်ပါတယ်။

မင်းသေ့

photo : google

image

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.031
BTC 60578.94
ETH 2625.05
USDT 1.00
SBD 2.54