အပေးဆပ်တတ်ဆုံး လူသားများ
ဟိုးရှေးရှေးတုန်းက တောအုပ်လေးတစ်ခုမှာ အင်မတန်ကြီးမားလွန်းလှတဲ့ ပန်းသီးပင်ကြီးတစ်ပင်ရှိတယ်။
ကောင်လေးတစ်ယောက်က အဲ့ဒီအပင်ကြီးမှာ နေ့တိုင်း လာကစားလေ့ရှိတယ်။
သူက နေ့တိုင်း အပင်ကြီးပေါ်တက်ပြီး ပန်းသီးတွေခူးစားတယ်။
ပြီးရင် အဲ့ဒီအပင်အရိပ်အောက်မှာ တရေးတမောအိပ်လေ့ရှိတယ်။
သူက အပင်ကြီးကိုချစ်သလို အပင်ကြီးကလည်း သူနဲ့ကစားရတာအရမ်းပျော်ပြီး သူ့ကိုအရမ်းချစ်တယ်။
အချိန်အတော်ကြာတော့ ကောင်လေးက နည်းနည်းကြီးလာပြီး အပင်ကြီးဆီကို နေ့တိုင်းကစားဖို့ မလာတော့ဘူး။
တစ်နေ့ကျ ကောင်လေးက အပင်ကြီးဆီကို စိတ်ထိခိုက်ပြီး လက်မှိုင်ကျနေတဲ့ပုံစံနဲ့လာခဲ့တယ်။
"ကောင်လေးရေ ... ငါနဲ့ လာကစားပါဦး" လို့ အပင်ကြီးက ပြောလိုက်တယ်။
"ကျွန်တော် ကလေးပိစိလေးမဟုတ်တော့ဘူး၊ သစ်ပင်နဲ့ မကစားတော့ဘူး" လို့ ကောင်လေးက ပြန်ဖြေတယ်။
"ကျွန်တော် အရုပ်နဲ့ပဲ ကစားချင်တယ်၊ ဒါပေမဲ့ ... အရုပ်ဝယ်ဖို့ ပိုက်ဆံမရှိဘူး"
ကောင်လေးကိုကြည့်ပြီး အရမ်းစိတ်မကောင်းဖြစ်သွားတဲ့ အပင်ကြီးက _
"စိတ်မကောင်းပါဘူး ကောင်လေးရယ်၊ ငါ့မှာ မင်းကိုပေးစရာ ပိုက်ဆံမရှိဘူး၊ ဒါပေမဲ့ ငါရဲ့အသီးတွေကိုယူသွားပြီး ရောင်းလိုက်ပါလား၊ ရတဲ့ပိုက်ဆံနဲ့ မင်းအတွက်အရုပ်ဝယ်လိုက်ပါ" လို့ ပြန်ပြောတယ်။
ူ
ကောင်လေးက အရမ်းစိတ်လှုပ်ရှားပြီး ပျော်ရွှင်သွားတယ်။
အပင်ကြီးပေါ်က ပန်းသီးတစ်လုံးမှမကျန်ခူးယူပြီး ပျော်ရွှင်စွာ ထွက်သွားတယ်။
ကောင်လေးက ပန်းသီးတွေယူသွားပြီးထဲက အပင်ကြီးဆီကို ပြန်မလာတော့လို့ ပန်းသီးပင်ကြီးက ဝမ်းနည်းပက်လက်နဲ့ နေ့တိုင်း ကောင်လေးကိုမျှော်နေခဲ့တယ်။
တစ်နေ့မှာတော့ ယောကျာ်းကြီးအဖြစ် အရွယ်ရောက်လာတဲ့ကောင်လေးက သစ်ပင်ကြီးဆီကို ပြန်လာခဲ့တယ်။
"ကောင်လေးရေ ... ငါနဲ့ လာကစားပါဦး" လို့ အပင်ကြီးက ပြောလိုက်တယ်။
"ကျွန်တော့်မှာ ကစားဖို့အချိန်မရှိဘူး၊ ကျွန်တော့်မိသားစုနေဖို့အတွက် အလုပ်လုပ်ပြီး အိမ်ဆောက်ပေးရမယ်၊ ခင်ဗျား ကျွန်တော့်ကို ကူညီနိုင်မလား" လို့ ကောင်လေးက ပြန်ပြောတယ်။
"စိတ်မကောင်းပါဘူး ကောင်လေးရယ်၊ ငါ့မှာ မင်းကိုပေးစရာ အိမ်မရှိဘူး၊ ဒါပေမဲ့ ငါရဲ့အကိုင်းအခက်တွေကို ယူသွားပြီး မင်းမိသားစုအတွက် အိမ်ဆောက်ပေးလိုက်ပါလား၊ ငါကြည်ကြည်ဖြူဖြူပေးပါတယ် မင်းကို" လို့ သစ်ပင်ကြီးက ပြန်ဖြေတယ်။
ကောင်လေးက ပြုံးရွှင်သွားပြီး သစ်ပင်ကြီးရဲ့ အကိုင်းအခက်အလက်တွေကို တစ်ကိုင်းမကျန် ခုတ်ထစ်ယူသွားခဲ့တယ်။
ကောင်လေး ပြုံးရွှင်သွားတာကို မြင်ရလို့ သစ်ပင်ကြီးက ပျော်သွားပေမဲ့ အဲ့ဒီနောက်ပိုင်း ကောင်လေးက သူ့ဆီ ထပ်မလာတော့ပြန်ဘူး။
နွေနေပူနေ့တစ်နေ့မှာ ကောင်လေးက အပင်ကြီးဆီကို ပြန်ရောက်လာပြန်တယ်။
"ကောင်လေးရေ ... ငါနဲ့ လာကစားပါဦး" လို့ အပင်ကြီးက ပြောလိုက်တယ်။
"ကျွန်တော်အသက်ကြီးနေပါပြီ၊ လှေလေးတစ်စီးလောက်နဲ့ ရွက်လွှင့်ပြီး အနားယူချင်လိုက်တာ၊ ကျွန်တော့်ကို လှေတစ်စီးလောက်ပေးနိုင်မလား" လို့ ကောင်လေးက အပင်ကြီးကို မေးလိုက်တယ်။
"ငါ့ရဲ့ ပင်စည်တွေကို မင်းလှေလုပ်ဖို့ လိုသလောက် ယူသွားပါ။
ပြီးရင် ပင်လယ်ထဲရွက်လွှင့်ပြီး မင်းပျော်ရမယ်နော်" လို့ အပင်ကြီးက ပြန်ဖြေတယ်။
ကောင်လေးက ပင်စည်တွေခုတ်ထစ်ယူသွားပြီး ပင်လယ်ထဲရွက်လွှင့်ပြီး အနားယူလိုက်တယ်။
ဒါပေမဲ့ အပင်ကြီးဆီ ထပ်ရောက်မလာပါဘူး။
နောက်ဆုံးတော့ နှစ်ပေါင်းများစွာအကြာမှာ ကောင်လေး ပြန်ရောက်လာခဲ့တယ်။
"စိတ်မကောင်းပါဘူး ကောင်လေးရယ်၊ ငါ့မှာ မင်းကိုပေးစရာ ဘာမှမရှိတော့ပါဘူး၊ ပန်းသီးတွေ ထပ်ပေးချင်ပေမဲ့ ငါ့မှာ ပန်းသီးမရှိတော့ဘူး" လို့ အပင်ကြီးက ပြောလိုက်တယ်။
"ကိစ္စမရှိပါဘူး၊ ကျွန်တော့်မှာလည်း ကိုက်စားစရာ သွားမရှိတော့ပါဘူး" လို့ ကောင်လေးက ပြန်ဖြေတယ်။
"မင်း ပျော်ပျော်ရွှင်ရွှင် တက်ကစားလို့ရမဲ့ ပင်စည်ကောင်းကောင်းလည်း ငါ့မှာမရှိတော့ဘူး" လို့ အပင်ကြီးက ထပ်ပြောတယ်။
"ရပါတယ်၊ ကျွန်တော်လည်း အဲ့ဒီလိုပြေးမကစားနိုင်လောက်အောင် အိုမင်းနေပါပြီ" လို့ ကောင်လေးက ပြန်ပြောတယ်။
အပင်ကြီးက _
"ငါ မင်းကို ဘာမှမပေးနိုင်တော့ပါဘူးကွာ၊ ငါ့မှာကျန်တာဆိုလို့ ခြောက်သွေ့ပြီး သေနေတဲ့အမြစ်တွေပဲ ရှိတော့တယ်" လို့ ပြောရင်း မျက်ရည်ကျလာခဲ့တယ်။
"ကျွန်တော် အခု အနားယူဖို့ နေရာလေးတစ်နေရာစာကလွဲလို့ ဘာမှမလိုအပ်တော့ပါဘူး၊ ဒီနှစ်ပိုင်းတွေအတွင်းမှာ ကျွန်တော် အရမ်းကို ပင်ပန်းခဲ့ပြီးပြီ၊ နားပဲနားချင်တော့တယ်" လို့ ကောင်လေးက ပြန်ပြောတယ်။
ကောင်လေးကိုဘာမှပေးစရာမရှိလို့ စိတ်မကောင်းဖြစ်နေတဲ့ အပင်ကြီးက ပျော်ရွှင်သွားပြီး _
"ဟာ ... ကောင်းလိုက်တာ၊ အမြစ်ခြောက်နေတဲ့အပင်အိုဆိုတာ အနားယူလဲလှောင်းဖို့ အကောင်းဆုံးနေရာပဲ၊ ငါ့ကိုမှီပြီး အနားယူလိုက်ပါကောင်လေးရေ၊ မြန်မြန်လာ" လို့ ခေါ်လိုက်တယ်။
ကောင်လေးလည်း အပင်ကြီးကိုမှီပြီး မောပန်းမှုတွေဆီကနေ အနားယူလိုက်တယ်။
အပင်အိုကြီးကတော့ ဝမ်းပန်းတသာကြိုဆိုပြီး မျက်ရည်တွေနဲ့ ပြုံးနေခဲ့တယ်။
ဒါလေးက ပုံပြင်လေးတစ်ပုဒ်ပါပဲ။
ဒါပေမဲ့ တကယ်တော့ ဒါက ကျွန်မတို့ လူသားတွေအားလုံးရဲ့ ပုံပြင်လေးပါပဲ။
အပင်အိုကြီးက ကျွန်မတို့ မိဘတွေနဲ့ တူပါတယ်။
ကျွန်မတို့ ငယ်ရွယ်စဉ်မှာ အဖေ အမေတို့နဲ့ ကစားရတာကို ပျော်ရွှင်ကြတယ်။
အချိန်တန် အရွယ်ရောက်လာတဲ့အခါမှာတော့ ကျွန်မတို့က မိဘတွေကို ထားခဲ့ကြတယ်၊ မိဘတွေဆီက အကူအညီလိုအပ်ချိန်၊ ကျွန်မတို့ ဒုက္ခရောက်နေချိန်ကလွဲလို့ပေါ့။
ဘယ်လိုအကြောင်းကိစ္စပဲ ကိုယ့်သားသမီးမှာ အခက်အခဲဖြစ်နေပါစေ မိဘတိုင်းက ကိုယ်တတ်နိုင်သမျှအကုန် ဖြည့်ဆည်းပေးပြီး သားသမီးတွေကို အမြဲ ပျော်ရွှင်စေကြတယ်။
ဒီပုံပြင်လေးကိုဖတ်ပြီး ကောင်လေးက အပင်အိုကြီးကို အမြတ်ထုတ် ရက်စက်တယ်လို့ မိတ်ဆွေတို့ ထင်မိလောက်ပါတယ်။
ဒါပေမဲ့ ကျွန်မတို့လည်း အဲ့လောက်နီးပါး မိဘတွေဆီက ရသမျှယူခဲ့ကြတာကို ပြန်သတိရပြီး အရမ်းနောက်မကျသေးခင် မိဘကို ပြန်ပေးဆပ်တတ်ကြပါစေ။
စုန်ရေသဘောနဲ့ပဲ နေလာခဲ့မိတဲ့ မိဘနဲ့သားသမီးသံယောဇဉ်တွေကို ဆန်ရေအဖြစ် ပြန်သိတတ်နိုင်ကြပါစေ။
မိဘကို ပိုချစ်ပြီး ပိုတန်ဖိုးထားနိုင်ကြပါစေ ဆုတောင်းပေးရင်း ...
ချစ်ခြင်းများစွာဖြင့် ...
Yadanar Poekyuu