တောသားတွေရိုက်တော့

in #esteem6 years ago

တောသားတွေရိုက်တော့ တောလက်ရာပဲထွက်မယ်
မြို့သားတွေရိုက်တော့ မြို့လက်ရာထွက်မယ် ဘာညာဆိုတဲ့ အန်တီဂရေ့စ်ရဲ့ အင်တာဗျူးကြီးကြားတော့
အင်း... ပွဲကတော့ လှပြီလို့ တွေးမိသေးတယ်။
တောသားမြို့သားဆိုတဲ့ အသုံးအနှုန်းအကြမ်းကြီးကို မကြိုက်ပေမယ့် ပြောတဲ့ ဆိုလိုရင်းကို နားလည်သလို
သဘောလည်း ကျတယ်။
အမှန်အတိုင်းပြောရရင် ပေါကားလောကကို မျက်မုန်းကျိုးနေသူတွေထဲ ကိုယ်တွေက ထိပ်ဆုံးကကိုး။
image
ဒါပေမယ့် တစ်ဖက်က လှည့်တွေးမိတယ်။
ခီလင်မယားအတွက် စိုးရိမ်တယ်။
ဒီလိုအပြောအဆိုတွေ နှိုင်းယှဉ်မှုတွေကြောင့် ဂျေသထက်ဂျေလာပြီး ဒီလောကမှာ ဆက်မရပ်တည်နိုင်မှာ၊
ဒါမှမဟုတ် ရပ်တည်ရခက်မှာကို စိုးရိမ်တယ်။
သူတို့ပြောပြောနေတတ်တဲ့ အနုပညာလောကဆိုတာ
တကယ်မနုလှတဲ့ အကြမ်းစားလောကကြီးကိုး။

မုဒြာခေါ်သံကို ကိုယ်မကြည့်ရသေးပါဘူး။
နိုင်ငံတကာမှာ ဆုတွေရထားတဲ့ ဇာတ်ကားဖြစ်တာရယ်၊ ခီမောင်နှံရဲ့ အနုပညာကို ယုံကြည်တာရယ်နဲ့
ကားကောင်းတစ်ကားဖြစ်မယ်လို့ ယုံကြည်တယ်။

ဥပါယ်တံမျဉ်ဟာ မြန်မာပေါကားတွေရဲ့ Revolution အစပဲ။
မုဒြာခေါ်သံဟာ တကယ့်တိုက်စစ်ပဲ။
ခီမောင်နှံဟာ ဒီRevolution ရဲ့ ခေါင်းဆောင်တွေပဲ။

ကိုယ်ပထမတစ်ခေါက် ရေးခဲ့ပြီးပါပြီ။
သူတို့ တော်လွန်းလို့ ဆိုတာထက် ခင်ဗျားတို့ ညံ့လွန်းလို့လို့။
မြန်မာပေါကားတွေလို့ လူတွေဘာကြောင့် မုန်းတီးလာတာလဲ၊ တိုက်ခိုက်လာတာလဲ၊ တော်လှန်လာတာပဲ။
အရှင်းကြီးပါ... ခင်ဗျားတို့ သောက်သုံးမကျလို့ပါ။
ပရိသတ်ကို စေတနာမရှိလို့ပါ။
ပရိသတ်ကို ဂျင်းထည့်လို့ပါ။
ပရိသတ်ကို သောက်ပေါတွေလို့ သဘောထားခဲ့ကြလို့ပါ။

လယ်ထဲဆင်းတဲ့ တောသူမနေရာက သရုပ်ဆောင်တဲ့ မင်းသမီးက လက်သည်းရှည်နဲ့ Nail Artနဲ့။
လက်သည်းညှပ်တာ ဘာနည်းပညာမှ မလိုဘူး အေတို့ရေ။
ဘုရင်အဝတ်အစားနဲ့ ရိုက်တယ်
ဆက်တင်က ဘုရင်ခေတ်မှာ မပေါ်သေးတဲ့ စတီးလက်ရမ်းကြီးနဲ့။
ဖုန်းပြောတဲ့ အခန်းတောင် ဖုန်းတကယ်မကိုင်ဘဲ စခရင်ကြီးပေါ်မှ ပေါ်နေတာတို့။
ပြောမကုန်နိုင်ဖွယ်တွေ။
အဲ့ဒါမျိုးတွေကျ ပရိသတ်ကို မလေးစားတာ
မင်းတို့ စောက်ပေါတွေပါကွာ.... ငါတို့ရိုက်ပြတာကြည့် ဆိုပြီး လူပါးဝတာ။

ပြင်ဦးလွင်လိုနေရာမျိုးကို နာမည်ကြီး မင်းသားမင်းသမီး နှစ်ယောက်သုံးယောက်ရယ် ဇာတ်ပို့ဇာတ်ရံတွေရယ် သွားတယ်။ တစ်လကိုးသီတင်းနေတယ်။
ဇာတ်ညွှန်းမပါ ခေါင်းထဲရှိတာ လက်တန်းရိုက်တယ်။
ဒီကားမှာ ဒီမင်းသားနဲ့ဒီမင်းသမီး ကြိုက်၊ ဟိုကားမှာ ဒီမင်းသားနဲ့ ဟိုမင်းသမီးကြိုက်
ဟိုလူက ဒီကားမှာ အဖေဖြစ်လိုက်၊ ဟိုကားမှာ သူငယ်ချင်းဖြစ်လိုက်
ပါသွားတဲ့လူတွေနဲ့ နှစ်ရက်တစ်ကား သုံးရက်တစ်ကား ရိုက်ချလာပြီး ပေါတောတော နာမည်ပေါင်းစုံနဲ့ လှည့်ပတ်ထုတ်။

ကိုယ်လောက် ဟိုမေဘေးတွေကို မုန်းတာ ရှိဦးမလား။ ဒါပေမယ့် အားနေရင် ခေတ်ဆိုးကြီး စနစ်ဆိုးကြီးအောက်မှာမို့ နိမ့်ကျကုန်တာ ဘာညာတွေတော့ နားကလောတယ်။
ကိုယ့်အမှတ်မမှားဘူးဆိုရင် ပေါကားတွေစတာ
၂၀၀၈ ဟော့ရှော့ဆိုတဲ့ ကားက စတာ။
အဲ့မတိုင်ခင်က အဲ့လောက်ပေါမကျသေးဘူး။
နာမည်ကြီး မင်းသား မင်းသမီးတွေ အကုန် ဆိုင်ဆိုင်မဆိုင်ဆိုင်ပါခိုင်း၊ အစွမ်းကုန်ပေါပြ၊ ပရိသတ်က ရီရတယ်ဆိုပြီး အားပေးကြ။
အခြေအနေကောင်းမှန်းသိတော့ ဟော့ရှော့၂ဆိုပြီး ထပ်ရေခပ်.... ထပ်အောင်မြင်
ရှေ့က လုပ်တော့ နောက်ကလိုက်လုပ်
တစ်လောကလုံး ပေါရောဂါပိုးကူးဆက်
မင်းသားမှန်သမျှ အခြောက်ဖြစ်၊ အောက်တန်းကျအတွေးအခေါ်မှန်သမျှနဲ့ ခါးအောက်ပိုင်းတွေ လှိုင်လှိုင်သုံးပြီး ပရိသတ်ကို ဂျင်းထည့်လာတာ
အခု ၂၀၁၈ဆိုတော့ ဆယ်စုနှစ်နီးပါးရှိပြီ။
ဒီနိုင်ငံက ခင်ဗျားတို့ပြောတဲ့ အဲ့ဒီ့စနစ်ဆိုးကြောင့် လူအများစု အသိဉာဏ်မဖွံ့ဖြိုးလို့ ဆယ်စုနှစ်လောက် ဂျင်းထည့်လို့ ရတယ်မှတ်ပါ။

ဂျင်းထည့်မှန်း သိလာသူတွေခဗျာလည်း မကြည့်ဘူးကွာဆိုတာကလွဲရင် ဘာမှမတတ်နိုင်ဘူး။
ပေါကားနဲ့ ပေါပရိသတ်က အံကိုက်ကိုး။
ကိုယ်တွေနိုင်ငံမယ် လောက်လောက်လားလား Entertainment ဆိုလို့လည်း များများစားစားမှ မရှိလှတာ ပေါကားပရိသတ်ဆိုပြီးလည်း အပြစ်မတင်ရက်ဘူး။

မြန်မာပေါကားတွေကို မြန်မာပရိသတ်တွေ စိတ်ပျက်နေတဲ့ အချိန်မှာ ခီမောင်နှံရဲ့ ဇာတ်ကားတွေ ထွက်လာတယ်။ ဒီအချိန်မှာ ရုပ်ရှင်ရုံကို ကျောခိုင်းခဲ့တဲ့ မြန်မာပရိသတ်တွေ ဝုန်းခနဲ ရုံထဲ ပြန်ရောက်လာတယ်။
ပေါကားတွေနဲ့ နှိုင်းယှဉ်ရေးပြကြတယ်။
ဟိုဘက်ကလည်း ပြန်တိုက်ခိုက်လာတယ်။ စောင်းမြောင်းလာတယ်။
ခီမောင်နှံ ကြားက အနေကြပ်နိုင်တယ်လို့ တွေးမိပေမယ့် ဒီဟာတွေနဲ့ သွားပေါင်းမိရင်လည်း သူတို့Quality ကျသွားနိုင်တာမို့ ခပ်ကင်းကင်းဖြစ်တာ ကောင်းပါတယ်လေလို့ သဘောပိုက်မိတယ်။

အံ့သြဖို့ကောင်းတာက အခုထိ သိသိသာသာရော မသိမသာရော မနာလိုပြနေကြသူတွေပဲ။
ငါတို့ကားတွေကို ပေါကားတွေလို့ ပြောတယ်
သူတို့ကားတွေကို သိပ်ကောင်းတယ်ပြောတယ်
ငါတို့ သူတို့ထက် ဆယ်ဆသာအောင်ရိုက်ပြမယ်ဆိုတဲ့
မှန်ကန်တဲ့ မာန်မာနမျိုးမရှိဘဲနဲ့ ဝေဖန်သူတွေနဲ့ ပရိသတ်ကို နှုတ်ခမ်းတစ်လန် ပန်းတစ်လန် ရန်တွေ့နေတာတွေပဲ မြင်နေရတာ သိပ်စိတ်ပျက်ဖို့ ကောင်းတယ်။

ရှက်တတ်ချိန် တန်ပြီလို့ မထင်ကြဘူးလားဟင်။
ခီလင်မယားမှာ ပြန်ရောင်းချင်တဲ့ အရှက်လေးများ ရှိရင်
ငွေစုဝယ်ပြီး ခင်ဗျားတို့ဆီမှာအလျားလိုက်ရော ဒေါင်လိုက်ပါ ဝယ်ကပ်ပေးထားချင်မိတာ...

😌😌

Sort:  

Nice sweet smile

ဘာလုပ်ညာလုပ်ညာလုပ်ဘာလုပ်

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.030
BTC 59106.19
ETH 2538.36
USDT 1.00
SBD 2.37