ဘာမှန်းမသိတဲ့ ဝန်ကြီး

in #esteem6 years ago

image

ဘာမှန်းမသိတဲ့ ဝန်ကြီး

“တီ … တီ … တီ …”

ကားဟွန်းသံတွေ ဆူညံနေတယ်။ လမ်းကျဉ်းလေးကိုပိတ်ပြီးတော့ ဆိတ်တစ်အုပ်က ရှေ့ကသွားနေတယ်။ ဆိတ်တွေ ကလည်း နည်းနည်းမှ မဟုတ်တာ။

“ဟေ့ … မင်း ဆိတ်တွေကို မြန်မြန်မောင်းစမ်း … ဒီမှာ ဝန်ကြီးလာနေတာ မသိဘူးလား”

ဝန်ကြီးရဲ့ ရှေ့တော်ပြေးကားပေါ်ကနေ ဆိတ်ကျောင်းသမားကို အော်နေတာ

“ဟေ့ … မြန်မြန်”

“ဆိတ်တွေက လူတွေလို မသိဘူးဗျ … ဒါ သူတို့ သွားနေကျလမ်းဆိုတော့ သူတို့ သွားနေတဲ့ နှုန်းအတိုင်းပဲ သွားမှာ”

“မြန်မြန်မောင်းကွာ”

ဝန်ကြီးက ကားပေါ်က ဆင်းလိုက်ပြီးတော့

“ဟေ့ … နေပါစေကွာ … နေပါစေ” လို့ပြောလိုက်တယ်။

ဝန်ကြီးက ဆိတ်ကျောင်းသားလေးနားကိုသွားပြီးတော့

“ဒါနဲ့ မောင်ရင် … မောင်ရင့်ဆိတ်တွေကို ဘယ်နှကောင်ရှိတယ်ဆိုတာ အမှန်ပြောနိုင်ရင် … ဦးကို ဆိတ်တစ်ကောင် ပေးမလား”

“အားလုံးလား”

“အားလုံးပေါ့”

“ဟာ … ဒီဆိတ်အားလုံးကို ဘယ်လောက်ရှိတယ်ဆိုတာ အတိအကျ ပြောနိုင်ရင် ဆိတ်တစ်ကောင် ပေးတယ်ဗျာ … ယူသွား”

“တကယ်လား”

“တကယ်”

ဝန်ကြီးက ကားခေါင်းပေါ်ကို ကွန်ပျူတာတင်လိုက်တယ်။ ကောင်းကင်က ဂြိုဟ်တုနဲ့ ချိတ်တယ်။ ဌာနရဲ့ ပင်မ စခန်းက မြေပြင်ကြည့် စနစ်ဌာနကို လှမ်းပြောတယ်။ ကောင်းကင်ကနေ ဝန်ကြီးနေရာကို ရှာတယ်။ တိတိကျကျသိတော့ ဆိတ်အုပ်ကိုကြည့်တယ်။ ကွန်ပျူတာကြီးတွေနဲ့ အဖြေထုတ်တယ်။ ပြောတာက ကြာသေး။ တွက်ချက်ပြီး ဝန်ကြီးဆီကို အကြောင်းပြန်လိုက်တာက နှစ်မိနစ်ပဲကြာတယ်။

image

“၅၈၆”

“ကဲ … ကောင်လေး … မင်းဆိတ် စုစုပေါင်း ၅၈၆ ကောင်”

“ဟာ … ဟုတ်တယ်ဗျ … သောက်ကျိုးနည်းတော်တာပဲ။ ကျွန်တော့်ဆိတ်အားလုံး အတိအကျပဲ”

“ကဲ မင်းရှုံးပြီနော်”

“ဟုတ်ကဲ့ … ကြိုက်တဲ့ဆိတ်တစ်ကောင် ယူသွားပါဗျာ”

ဝန်ကြီးဆိုသူက

“ဟေ့ … ဒီကောင်လေးကို ကားပေါ်တင်လိုက်ကွာ … ဒီဆိတ်ကို ညကျရင် ချက်စားကြတာပေါ့”

ဝန်ကြီးတပည့်တွေကလည်း ဝန်ကြီး နားရွက်ဆွဲထားတဲ့ကောင်ကို ကားပေါ် ပွေ့တင်ကြတယ်။ ကားပေါ်တက် တော့မယ် လုပ်နေတဲ့ ဝန်ကြီးကို ဆိတ်ကျောင်းသမားက ပြောလိုက်တယ်

“ဦးလေး … ဦးလေးကို ဘယ်ဝန်ကြီးဌာနကလို့ အတိအကျ ပြောရင် ကျွန်တော့်ကောင်လေး ပြန်ပေးမှာလား”

“ဟာ ကောင်းလိုက်တာ … ပြောစမ်းကွာ … ငါ ဘယ်ဝန်ကြီးဌာနကလဲလို့ … မင်း မှန်မှန် ပြောနိုင်ရင် မင်းကောင်ကို ပြန်ပေးရုံတင် မဟုတ်ဘူး … ငွေလည်း တစ်သိန်းပေးဦးမယ်”

“တကယ်လား”

“လူကြီးကွ စကားကို အတည်ပြောတယ်”

“ဦးလေးက ပညာရေးဝန်ကြီးပဲ ဖြစ်ရမယ်”

“အလို … မင်းပြောတာ မှန်သကွာ … ဟေ့ကောင်တွေ သူ့ကောင်ကို ကားပေါ်က ပြန်ချပေးလိုက် … ဒါနဲ့ မင်း ငါ့ကို ပညာရေးဝန်ကြီးမှန်း ဘယ်လို သိသလဲ”

“ဦးလေးရယ် … ဦးလေးက ကျွန်တော့်ဆိတ်ဆိုပြီး ကားပေါ်ကို တင်ခိုင်းနေတာ ဆိတ်မှ မဟုတ်တာ ခွေးဗျ။ အဲဒါ ကျွန်တော့်ခွေးပါ။ ဒီနိုင်ငံမှာ ဆိတ်မှန်းမသိ ခွေးမှန်းမသိအောင် လုပ်နိုင်တာ ပညာရေးဝန်ကြီးကလွဲပြီး ဘယ်သူမှ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ကျွန်တော်က ဦးလေးကို ပညာရေးဝန်ကြီးလို့ တန်းပြောတာ။ ဟုတ်ပါတယ်နော်”

ဝန်ကြီးလည်း အောင့်သက်သက်နဲ့ ငွေတစ်သိန်းပါ ထပ်ထုတ်ခဲ့ရသဗျ။

(အိန္ဒိယဇာတ်လမ်းလေးတစ်ခုကို မှီငြမ်းပါတယ်ဗျာ)

တင်ညွန့်

photo : facebook
image

Coin Marketplace

STEEM 0.16
TRX 0.16
JST 0.031
BTC 59077.53
ETH 2518.13
USDT 1.00
SBD 2.48