ခေါင်း​ဆောင်း​ကောင်းအရည်​အချင်း(မိသားစု)

in #esteem6 years ago

မိသားစုတွင်း ခေါင်းဆောင်မှုပြုခြင်း (နားထောင်ခြင်း လက်ဆောင်မွန်)

Andy Griffith TV ဇာတ်လမ်းကတော့ ကျွန်တော်အနှစ်သက်ဆုံးဇာတ်လမ်းတွေထဲက ဇာတ်လမ်းတစ်ခု ဖြစ်ပါတယ်။ Andy ဆုံးပါးသွားတဲ့အပိုင်းပြီးချိန်မှာတော့ “Andy Griffith ဆီမှာ ကျွန်တော် သင်ယူခဲ့ရသော အရာ (၇) ခု”ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါး ရေးသားခဲ့ပါသေးတယ်။ Andy ဇာတ်လမ်းထဲက ကျွန်တော်သင်ယူခဲ့ရတဲ့ အကောင်းဆုံးတွေထဲက တစ်ခုကတော့ “ဘယ်လိုမျိုး နားထောင်မလဲ” ဆိုတဲ့ အချက်ပါပဲ။ Andy က တကယ်ကို လေးလေးနက်နက် နားထောင်ပေးတတ်တဲ့သူပါ။ Andy က သူ့သား Opie ဒါမှမဟုတ် သူ့သူငယ်ချင်းတွေကို သင်ခန်းစာပေးတတ်တဲ့သူတော့ မဟုတ်ပါဘူး။ အဲဒီအစား မေးခွန်းတွေမေးမယ်၊ ပုံပြင်တိုလေးတစ်ပုဒ်ပြောပြမယ်။ ပြီးတော့ သူတို့ပြောတဲ့စကားတွေကို ပြန်နားထောင်ပေးပြီး သူဘာသာ အဖြေမှန်ထွက်လာအောင် ကူညီပေးတဲ့သူပါ။ ပြီးတော့ သူနားထောင်တဲ့ အချိန်မှာ သူက အမှန်တကယ်ကို နားထောင်နေပေးတတ်တာပါ။ သူနားထောင်ချိန်မှာ တီဗွီဖွင့်တာမျိုး၊ စာရိုက်နေတာမျိုး၊ အီးမေးလ် စစ်နေတာမျိုး မလုပ်ပါဘူး။ သူဟာ အဲဒီကလေးတွေရဲ့ မျက်လုံးကို ကြည့်နေပြီးတော့ နွေးထွေးတဲ့အပြုံး ကြိုဆိုတဲ့အကြည့်နဲ့အတူ အပြည့်အ၀ အာရုံစိုက်ပြီးတော့ နားထောင်ပေးတာပါ။

“အို… ငါ Andy နဲ့ တူရင်ကောင်းမှာပဲ။ သူ့မှာ နားထောင်ပေးခြင်းလက်ဆောင် ဆိုတဲ့ ကြီးကျယ်တဲ့ လက်ဆောင် ရထားတာပဲ။”
ကျွန်တော်ပြင်းပြင်းထန်ထန် အားထုတ်ကြိုးပမ်းမှ ရမယ့် လက်ဆောင်တစ်ခုပါ။ အိမ်မှာ၊ အလုပ်မှာ ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်လာဖို့ အများကြီး နားထောင်တတ်ဖို့လိုမယ်ဆိုတာ ကျွန်တော်သိပါတယ်။

ဒီအတွက် တွဲနေကျ သူငယ်ချင်းလည်းဖြစ်၊ ကျွန်တော့်ကယ်ဆယ်ရေးလုပ်ငန်းရဲ့ နည်းပြဆရာလည်း ဖြစ်တဲ့ Barry Banther ကို အလွန်ပဲ ကျေးဇူးပဲတင်ရပါတယ်။ “A Leader’s Gift” ဆိုတဲ့ သူရဲ့ စာအုပ်သစ်တစ်အုပ်ထဲမှာ “ကျွန်တော်တို့တတွေဟာ တချို့လူတွေနဲ့ စကားပြောကြတဲ့အခါ တဘက်လူစကားကို တကယ်ပဲ နားစိုက်ထောင်နေတာလား၊ တုံ့ပြန်ပြောဆိုဖို့အတွက် စောင့်ဆိုင်းနေတာလား ဆိုတာနဲ့ပတ်သက်ပြိး မကြာခဏဆိုသလို အံ့သြစရာ ဖြစ်ရပါတယ်။ လူအနည်းငယ်လောက်ကသာ အမှန်တကယ် နားလည်ဖို့အတွက် နားထောင်ကြတာပါ။” လို့ မျှဝေထားပါတယ်။ ကျွန်တ်ာဟာ တကယ်ပဲ အပြစ်ရှိသလိုခံစားရပါတယ်။ ကျွန်တော်ဟာ တခြားလူတွေရဲ့စကားကို အမှန်တကယ်ပဲ နားထောင်မပေးနိုင်တာ ခဏခဏ ပါပဲ။ ကျွန်တော်ပြောချင်တဲ့ အကြောင်းအရာကိုပဲ ကျွန်တော် တွေးတော နေတတ်တာ။ “ကျွန်တော်တို့ပြောနေတဲ့စကားကို တဘက်လူက တကယ်အမှန်အကန် နားထောင်နေတယ်လို့ ယုံကြည်မိတဲ့အခါဟာ ကျွန်တော်တို့အတွက် ကိုယ့်ကိုယ်ကို ပိုပြီး တန်ဖိုးရှိတယ်လို့ ခံစားမိတဲ့ အခိုက်အတန့်ကာလတွေ ဖြစ်ပါတယ်။” လို့ Banther က ဆက်ပြောထားပါတယ်။ ပြီးတော့ ကျွန်တော်တို့ ကိုယ့်ကိုယ်ကို တန်ဖိုးရှိတယ်လို့ ခံစားလာရတာနဲ့အမျှ တဘက်က နားထောင်ပေးတဲ့လူ အပေါ်မှာလည်းပဲ ပိုပြီး ယုံကြည်လာပါတယ်။ လုပ်ငန်းခွင်မှာ၊ အိမ်မှာ ခေါင်းဆောင်ကြရတဲ့အခါ ယုံကြည်မှုဆိုတာက သော့ချက်တစ်ခုဖြစ်ပါတယ်။

ကျွန်တော်တို့ အိမ်က မိသားစုကို ဦးေ​ဆာင်​ဖို့၊ လုပ်ငန်းခွင်မှာ အဖွဲ့ဝင်တွေကို ဦးဆောင်ဖို့အတွက် မဖြစ်မနေသင်ယူဖို့ လိုအပ်တဲ့ နားထောင်ခြင်းဆိုင်ရာ အရည်အချင်း ငါးခုကို Barry က ဆက်ပြီးတော့ မျှဝေထားပါတယ်။

#အရည်အချင်း (၁) - ရပ်လိုက်ပါ။ လွှတ်ချလိုက်ပါ။ ပြီးတော့ နားထောင်ပါ။

တစ်ယောက်ယောက်က သင့်ကို စကားပြောနေတဲ့အခါ “အဲဒီနေရာပဲနေပါ။ ဘယ်မှထွက်မသွားပါနဲ့။ သင်လုပ်နေလက်စတွေကို ရပ်လိုက်ပါ။ ဘာပဲလုပ်နေပါစေ ချထားလိုက်ပါ။ ပြီးတော့ နားစိုက်ထောင်ပါ။” Barry က အဲ့လိုဆိုပါတယ်။ ဒါဟာတကယ်ကိုပဲ ခက်ခဲတဲ့အထူးကျွမ်းကျင်မှုတစ်ရပ်ပါ။ ဒါပေမယ့် ဒါဟာ တစ်ပါးသူဆီ “ကျွန်ုပ်သင့်ကို တန်ဖိုးထားပါတယ်။ ပြီးတော့ သင့်ရဲ့အတွေးတွေကို ကျွန်ုပ်ကြားချင်ပါတယ်” လို့ အဓိပ္ပါယ်ရတဲ့ အရေးကြီး အချက်အလက်တစ်ခု ပေးဖို့အတွက် ပထမဆုံး ကျွမ်းကျင်မှု ဖြစ်ပါတယ်။

#အရည်အချင်း (၂) - ဝေဖန်ဆုံးဖြတ်ချက်ကို ဆိုင်းငံ့ထားပါ။

ကျွန်တော့်ရဲ့ မူရင်းစိတ်ထားကတော့ တဘက်လူပြောတာကို အကျဉ်းချုပ်နားထောင်မယ်။ ပြီးရင် တစ်ဝက်တစ်ပျက်ရောက်ရင် ကြားဖြတ်ပြီးတော့ သူဘာလုပ်သင့်တယ်ဆိုတာကို ပြောပြလိုက်မယ် ဆိုတာမျိုးပါ။ အဲဒီအစား ကျွန်တော့်အနေနဲ့ အဖြေကို သိနေတယ်ဆိုရင်တောင်မှ သူပြောနေတာအတွက် ဝေဖန်ဆုံးဖြတ်ချက်ကို ခဏဆိုင်းငံ့ပြီး ပြောခိုင်းပြီးတော့ ကြင်ကြင်နာနာနဲ့ တုံ့ပြန်ပေးသင့်ပါတယ်။ ကျွန်တော်တို့ဟာ နားလည်ဖို့အတွက် နားထောင်သင့်ပါတယ်။

#အရည်အချင်း (၃) - နက်နက်နဲနဲ ရှာဖွေပါ။

A Leader’s Gift စာအုပ်ထဲမှာတော့ Barry က ဒီလိုပြောထားပါတယ်။ “ရှားရှားပါးပါး အလုပ်သမား ဖြစ်ဖြစ် သား/သမီး ဒါမှမဟုတ် ခင်ပွန်းသည်/ဇနီးသည် ဖြစ်ဖြစ် ပထမဆုံးအနေနဲ့ သင်နဲ့ပတ်သက်တဲ့ အရာရာတိုင်းကို ရှာဖွေဖော်ထုတ်ပါ။ ခေါင်းဆောင်တစ်ယောက်အနေအားဖြင့် တစ်ခြားလူတွေ ဘာတွေတွေးနေလဲဆိုတာကို ဖော်ထုတ်ရမှာ သင့်ရဲ့တာဝန်ပါ။
image
ရှေ့နေတစ်ယောက်အဖြစ်နဲ့ နှစ်ပေါင်းများစွာကြာအောင်ထမ်းဆောင်ရင်း လူတစ်ယောက် ဘာတွေတွေးနေလဲဆိုတာကို နက်နက်နဲနဲ ရှာဖွေဖော်ထုတ်ဖို့ ကျွန်တော်သင်ယူခဲ့ရတဲ့ နည်းလမ်းကောင်းတစ်ခုကတော့ “ဆော့ခရတ္တိပုံစံ မေးခွန်းမေးနည်း” လို့ ခေါ်တဲ့ “တဘက်လူ အခြေပြု မေးခွန်းထုတ်နည်း” ပါ။ ဒီနည်းဟာ အမှန်တရားဆီကို ရောက်ဖို့ မေးခွန်းတွေ အတွဲလိုက်စီကာ မေးခွန်းထုတ်တာမျိုး ဖြစ်ပါတယ်။ ဥပမာအားဖြင့် သင့်ရဲ့အကြံပြုချက်ကိုပဲ မျှဝေမယ့်အစား သင့်ရဲ့ အိမ်ထောင်ဘက်၊ သင့်ကလေး၊ သင့်အဖွဲ့သားကို မေးခွန်းတွေမေးပါ။ “သင်ဘယ်လို ဆိုလိုသလဲ”၊ “ကျွန်တော့်ကို ဥပမာ တစ်ခုလောက်ပြပေးနိုင်မလား”၊ “ဒါကဘာလို့ အရေးကြီးတာလဲ”၊ “ဒါက တို့အပေါ် ဘယ်လိုသက်ရောက်နိုင်မလဲ”၊ “တို့ဘာလုပ်သင့်တယ်လို့ သင်ထင်သလဲ” အဲ့လိုမေးခွန်းတွေကို သင် ထပ်ကာထပ်ကာ မေးသွားနိုင်သွားပါတယ်။ ပြီးတော့ နားထောင်ပေးလိုက်ပါ။ သင် သင်ကြားပေးရမှာထက် ပိုတဲ့ သင်ယူမှုတွေ ရကောင်းရနိုင်ပါတယ်။

#အရည်အချင်း (၄) - နားလည်မှုလွဲမှားနေခြင်းကို ရှာဖွေပါ။

တစ်ယောက်ယောက်နဲ့ စကားပြောတဲ့အခါတိုင်းနီးပါးမှာ နားလည်မှုလွဲတာမျိုး ရှိတတ်ပါတယ်။ ရေရှည်မြဲတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်လာဖို့ဆိုရင် ဒီလိုကိစ္စမျိုးမှာ နားလည်မှုလွဲတယ်လို့ သဘောထားပြီး ရှာဖွေဖော်ထုတ်ရပါတယ်။ ဒီလိုဆိုရင်တော့ လွဲမှားတဲ့ဆက်သွယ်ချက် ရှိမှာမဟုတ်တော့ပါဘူး။ သင်နားထောင်ပေးပြီးရင်တော့ “ကျွန်တော်နားလည်သလိုပြန်ပြောရရင် ……… အဲလို ဟုတ်တယ်မလား” လို့ တဘက်သူပြောစကားကို ပြန်ထပ်ကြော့ ပေးလိုက်ပါ။

#အရည်အချင်း (၅) - အလေးထားကြောင်း ပြသပါ။

တစ်ခါတစ်ရံမှာတော့ သင့်ကို ကိုယ်ရေးကိုယ်တာကိစ္စအတွက် ရိုးရိုးသားသား၊ လေးလေးနက်နက် ရင်ဖွင့်လာမယ့် ဆယ်ကျော်သက်အရွယ် တစ်စုံတစ်ယောက်အတွက်တော့ အများကြီး သတ္တိမွေးရတဲ့ အခါမျိုး ရှိနေတတ်ပါတယ်။ အလုပ်သမား ၀န်ထမ်းအတွက်လည်း ထိုနည်းတူပါပဲ။ သင့်အနေနဲ့ ပိုပြီး ရိုးသားပွင့်လင်းတဲ့ဆက်ဆံရေးကို လိုချင်တယ်ဆိုရင်တော့ ချီးမွမ်းပေးလိုက်ပါ။ လူတွေဟာ သူတို့ကို ချီးမွမ်းတဲ့ လုပ်ရပ်တွေဆို ထပ်ကာထပ်ကာ လုပ်လေ့ရှိပါတယ်။ ဒါကြောင့် သင် သဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ တစ်ခြားသူရဲ့စကားအတွက် စိတ်ရင်းနဲ့ ကျေးဇူးတင်ပေးလိုက်ပါ။ “သင့်ရဲ့အတွေးတွေကို ကျွန်တော်နဲ့ ခုလိုမျိုး ပွင့်ပွင့်လင်းလင်း မျှဝေတဲ့အပေါ် ကျွန်တော် တကယ်ပဲ အလေးထားပါတယ်။ ကျွန်တော်တို့ နောက်ကိုလည်း ခုလိုမျိုး ထပ်ပြီး လုပ်နိုင်ဦးမယ်လို့ မျှော်လင့်ပါတယ်။” အဲ့လိုမျိုးစကားကနေ သင်တို့ရဲ့ ရေရှည်ဆက်ဆံရေးကို တည်ဆောက်သွားပြီး သင့်ရဲ့ခေါင်းဆောင်မှုကို ပြသနိုင်ပါတယ်။

ခေါင်းဆောင်အနေနဲ့ ကျွန်တော်တို့မှာ ရှိဖို့လိုအပ်တဲ့ တခြားနားထောင်ခြင်းဆိုင်ရာ ပညာရပ်တွေ ရှိဦးမယ်လို့ သင်ထင်ပါသလား။ ရှိတယ်ဆိုရင် Comment မှာ ရေးပြီးတော့ ဖြစ်စေ မျှဝေပေးခဲ့နိုင်ပါတယ်။

image
(Andy Griffith Show ဆိုတာကတော့ အမေရိကန် ဟာသဇာတ်လမ်းတွဲဖြစ်ပြီး ၁၉၆၀ အောက်တိုဘာ (၃) ရက်နေ့ကနေ ၁၉၆၈ ဧပရယ် (၁) ရက်နေ့ထိ CBS ရုပ်သံလိုင်းမှာ ပြသခဲ့တဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်။ နာရီဝက်စာ အပိုင်းပေါင်း (၂၄၉) ပိုင်းပါဝင်ပြီး IMDb rating 8.3 ရတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။)

Crd by @soeaung
photo by google image

Coin Marketplace

STEEM 0.20
TRX 0.14
JST 0.029
BTC 67544.78
ETH 3225.94
USDT 1.00
SBD 2.65