ငရဲခန်း

in #esteem • 7 years ago

🌟 ည ၁၂ နာရီ ငရဲခန်း🌟

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
တောင်ကိုရီးယားနိုင်ငံမှ ဖြစ်ရပ်မှန်
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

🌟အပိုင်း-၁

ကျွန်မ ကင်မ် ယောင်း မိ ( Kim Young Mi) က ယောက်ျားမရှိတဲ့ တစ်ခုလပ်ပေါ့...။

ကျွန်မတစ်နေ့ကို ၁၅ နာရီ အလုပ်လုပ်တယ်..။

ကျွန်မ အဝတ်လျှော်တဲ့ဆိုင်ဖွင့်ထားတယ်..။ အမြဲမတ်တပ်ရပ်ပြီး မီးပူတိုက် အလုပ်လုပ်ရပေမယ့် ကျွန်မ ခြေထောက်တွေ မညောင်းဘူး..။

ဟုတ်ပါတယ်...သမီးလေး ဂို မင်းဂျူး ( Go Min Ju )အတွက်ဆို ၂၄ နာရီလုံးပဲ မတ်တပ်ရပ်ရလည်း မပင်ပန်းဘူး..။

ကျွန်မဘဝမှာ သမီးလေးကလွဲပြီး ဘာမှမလိုပါဘူး..။

သမီးလေးကို အမြင့်ဆုံးရောက်အောင် တွန်းပို့ပေးဖို့က ကျွန်မတာဝန်...။

:::::::::::::::::::::::::

ဒီနေတော့ ကျွန်မ အပျော်ဆုံးနေ့...။

သမီးလေးကို စာပြပေးတဲ့ဝိုင်းကျူရှင်ဆရာ ချွဲ ဟယောင်း ဂယူး ( Choi Hyung Gyu) ဟာ ရုတ်တရက် ကျွန်မဆိုင်ထဲကို ပြေးဝင်လာတယ်...။

"ဝမ်းသာလိုက်တာ ဂိုမင်းဂျူးရယ် ... မင်း အမေရိကန်နိုင်ငံရဲ့**** တက္ကသိုလ်ကို ဝင်ခွင့်ရပြီ..."

ဟုတ်ပါတယ်...ကျွန်မ ဘဝမှာအပျော်ဆုံးနေ့ပါပဲ... ။

"ဒါ ဆရာ့ရဲ့ကျေးဇူးတွေပါ ဆရာရယ်..ကျေးဇူးတင်လိုက်တာ..."

ဒီလိုအဆင့်မျိုးရောက်အောင် ကျွန်မတို့ သားအမိနှစ်ယောက်အလွန်ကြိုးစားခဲ့ရပါတယ်.. စာမေးပွဲနီးရင် ကျူရှင်ဆရာကို ညလုံးပေါက် အိမ်ခေါ်သင်ခိုင်းခဲ့ရတယ်...။

ဝယ်လိုက်ရတဲ့စာအုပ်တွေ... တက်လိုက်ရတဲ့ကျူရှင်တွေ....။

ကျူရှင်ဆရာကလည်း ဝမ်းသာလွန်းလို့ ပျော်နေပုံရတယ်..။

ဒါပေမယ့်...သမီးမျက်နှာလေး ရုတ်တရက်ညှိုးကျသွားတယ်...။

"သမီး ဘာတွေ စိတ်ပူနေပြန်ပြီလဲ..."

"ဒေါ်လာ ၅ သောင်းတောင်သွင်းရမှာတဲ့..."

" ဒါတွေထားလိုက်စမ်းပါ သမီး... ဒါ အမေ့အလုပ် ..။ စာကြိုးစားရမှာက သမီးအလုပ်ပါကွယ်..."

:::::::::::::::::::::::::

ပြောမယ့်သာပြောရတယ်...ကျွန်မမှာ ပိုက်ဆံကမရှိ...။ ကျွန်မ ပိုက်ဆံလိုက်ချေးတယ်...။ အပေါင်ပစ္စည်းမရှိပဲ ငွေချေးရတာ မလွယ်လှဘူး...။

ဘာပဲဖြစ်ဖြစ် သမီးကို အမေရိကန်က တက္ကသိုလ်ကြီးကို ရောက်အောင်ပို့ရမယ်...။

ငွေရအောင် ဘယ်လိုလုပ်ရပါ့...။

နောက်ဆုံး ကျွန်မ အကြံတစ်ခုရတယ်...။ ငွေရမယ့်လမ်း.. ဒီလမ်းပဲရှိတော့တယ်...။

:::::::::::::::::::::::::

အကြံအစည်ကို အကောင်အထည်ဖော်မယ့်နေ့ကိုရောက်လာတယ်...။သမီး တက္ကသိုလ်ဝင်ခွင့်စာကျပြီး တစ်လအကြာပေါ့...။

ဟော...ကျွန်မ စောင့်နေတဲ့ ကားတစ်စီးက အဝေးကမောင်းလာတာ မြင်လိုက်ရတယ်..။
လာပြီ ....လာပြီ....ဂိုနမ်းဆောက်ဆိုတဲ့ကောင်....။

စောင့်လိုက်ရတာ...။

အဲဒီ ကားက အနားရောက်လာတော့ ကျွန်မ ပြေးပြီး ကားအတိုက်ခံလိုက်တယ်။

ကားသမားက ကမန်းကတန်း ဘရိတ်ဆွဲအုပ်လိုက်ပြီး ကားပေါ်ကဆင်းလာတယ်။

မကြာခင် သူ့အမျိုးသမီးလည်း ဆင်းလာတယ်..။

" မိန်းမကြီး!!!!!? ရူးနေလား..? သေချင်လို့လား..?"

"ဘာ! လူတစ်ယောက်လုံးကို မမြင်ဘူးလား..? "

ဒါပေမယ့် ကားသမားဟာ ကျွန်မကို ရုတ်တရက် တွေ့လိုက်ရတော့ မျက်နှာပျက်သွားတယ်။

ကားသမားက သူ့မိန်းမကို ပြောလိုက်တယ်..၊
"အချစ်ရေ .. ကားထဲဝင်ထိုင်နေ.. ဒီပြဿနာ မောင်ရှင်းလိုက်မယ်.."

မိန်းမဖြစ်သူက ကားထဲပြန်ဝင်ထိုင်လိုက်တယ်..။

:::::::::::::::::::::::::

" မင်း... မင်း... ဘာအကြံနဲ့ဒီလိုလုပ်တာလဲ..?"

"ရှင့်ကို..ဒီ ဓာတ်ပုံတွေပြချင်လို့ရှင့်..."

"ဟင်! မင်း... မင်း.. ရူးနေလား..?"

" ရှင်ဟာလေ ကျွန်မကို သစ္စာဖောက် .. နောက်မိန်းမယူ... ဒါတောင်အားမရဘူး.. နောက်မိန်းမကိုပါ သစ္စာဖောက်တဲ့ ယောက်ျားယုတ်ဆိုတာ ရှင့်နောက်မိန်းမ သိရဲ့လားလို့ပါ......."

" မင်း.. ငါ့ကို ဆရာလာမလုပ်နဲ့.. မင်းနဲ့ငါ ဘာမှမဆိုင်တော့ဘူး.. သွားစမ်း.. ငါ့မိန်းမကို ပြောရဲပြောကြည့်.."

"ပြောရဲတယ်.. ပြောကြည့်ရမလား.. ရှင် မပြောစေချင်ရင်တော့ သိန်း ၃၀၀၀ ပေး"

"ဒီမှာကြည့်.. ရှင့်သမီး မင်းဂျူး အမေရိကန်နိုင်ငံမှာတက္ကသိုလ်တက်ရမယ်.. သမီးအတွက် ငွေလိုနေတယ်..."

"ဒီစာပြတာနဲ့ယုံရမှာလားကွ....သမီးရဲ့ တက္ကသိုလ်က ထောက်ခံစာပြ..."

"ကောင်းပြီ ... ကျွန်မပြမယ်..ရှင်သာငွေ အသင့်ပြင်ထား.."

:::::::::::::::::::::::::

ကျွန်မ အလုပ်လုပ်ရင်း သမီးပို့တဲ့ ဓာတ်ပုံနဲ့ ဖုန်းမက်ဆေ့ခ်ျတွေ ကြည့်ပြီး အလွန်ပျော်ရတယ်...။

သမီးဟာ တက္ကသိုလ်အတွက် အပြင်းအထန်စာကျက်နေပြီ..။

"အမေ.. သမီး စာကြည့်တိုက်မှာ..ခ်ခ်ခ်"

"အမေ.. ကျူရှင်သွားတော့မယ်နော်..."

"အမေ... ရထားစီးနေပြီ..."

စာကျက်ချိန်ကလွဲပြီး နာရီတိုင်း အမြဲပို့နေကျ ဖုန်းမက်ဆေ့ခ်ျတွေ...။

သမီး ဘယ်သွားသွား ဘာလုပ်လုပ် ကျွန်မအကုန်သိတယ်လေ...။

:::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::

🌟အပိုင်း-၂

ကျွန်မ ဂိုမင်းဂျူးပါ..။ အခုတော့ တက္ကသိုလ်ကျောင်းသူကြီးပေါ့...။

ကျွန်မတို့ဘဝဟာ အမေတစ်ခု သမီးတစ်ခုပါ...။ ကျွန်မ အတွက် အသက်ရှင်နေတဲ့အမေကို ကျွန်မ သိပ်အားနာတယ်..။

အမေ့မှာ အခြားစိတ်ဝင်စားစရာ တစ်ခုရှိရင်ကောင်းမှာပဲ...။

"ဂိုမင်းဂျူး... အချိန်ကျပြီ..."

အမေ့အော်ခေါ်သံဟာ ကျွန်မအတွက် မိုးကြိုးပစ်ချလိုက်သလို..။

ဪ... ၁၂ နာရီထိုးပြီကိုး....။

"ဟုတ်ကဲ့အမေ... သမီးအင်္ကျီလဲပြီးလာခဲ့ပါမယ်..."

ကျွန်မစာကျက်နေရာက အမြန်ထပြီး အဝတ်လဲလိုက်တယ်..။

အကျီ ပါးပါးလေး ဝတ်လာတဲ့ ကျွန်မကို အမေက ပြုံးပြီးကြည့်နေတယ်...။ရုတ်တရက် အမေ့မျက်နှာ တင်းမာသွားတယ်..။

"အခန်းထဲဝင်ကြရအောင်..."

:::::::::::::::::::::::::

ကျွန်မတို့အိမ်မှာ အမြဲသော့ခတ်ထားတဲ့ အခန်းတစ်ခန်းရှိပါတယ်...။ ည ၁၂ နာရီထိုးမှ ဝင်ရပါတယ်...။

အမေက အခန်းမီးဖွင့်လိုက်တယ်..,။
အခန်းထဲမှာ ကျွန်မ ငယ်ငယ်လေးတည်းကစပြီး ယနေ့အထိရလာတဲ့ ဆုရ ဂုဏ်ပြုလွှာမှတ်တမ်းတွေ ကပ်ထားပါတယ်။

"မင်းဂျူး...ထိုင်လေ"

အခန်းအလယ်က ကျွန်မ ထိုင်နေကျ ကြမ်းပြင် နေရာမှာ ထိုင်လိုက်တယ်..။

" မင်း... ကမ္ဘာ့အကောင်းဆုံး ဟားဗာ့တ် တက္ကသိုလ် ( Harvard ) ကိုဘာလို့ ဝင်ခွင့်မရခဲ့သလဲ..? ပြောစမ်း!?"

"အမေရယ်.. သမီးအခုဝင်ခွင့်ရတဲ့ တက္ကသိုလ်ကလည်း တော်ရုံကျောင်းသားတွေ တက်ခွင့်မရပါဘူး..ဟားဗာ့တ် တက္ကသိုလ်နဲ့တန်းတူလောက်ပါပဲ..."

"ပါးစပ်ပိတ်ထားစမ်း... မျက်နှာသုတ်ပဝါကို ကိုက်ထား.."

"အမေ...သမီးကြောက်တယ်..."

အမေဟာ ကြိမ်လုံးကိုယူလိုက်တယ်...။

"ငါတို့ကို ပစ်သွားတဲ့ နင့်အဖေထက်ကောင်းစားချင်ရင် နင်အမြဲ အကောင်းဆုံး ဖြစ်အောင်ကြိုးစားရမယ်... ဖြန်း ဖြန်း..!!!"

အမေဟာ ကျွန်မကို ဒေါသကြီးစွာနဲ့ အင်အားရှိသမျှရိုက်တယ်...။

ကျွန်မနာကျင်လွန်းလို့ ငိုမိတယ်။ ကျွန်မကျောကုန်းတွေပေါက်ပြဲသွားတယ်..။

ဒီအခန်းကို ကျွန်မ နာမည်ပေးထားတယ်...။

"ည ၁၂ နာရီ ငရဲခန်း...."

:::::::::::::::::::::::::

ကျွန်မဟာ ဒီငရဲခန်းထဲကို မကြာခဏ ဝင်ရပါတယ်..စာမေးပွဲတိုင်း အမှတ်ပြည့်မရပဲ တစ်မှတ်လျှော့ရင်တောင် အမေက ခွင့်မလွှတ်ဘူး...။ အတန်းထဲမှာ အဆင့် -၁ မရရင်...ကျွန်မ သေပြီသာမှတ်...။

ကျွန်မဟာ အမေပြောသမျှ တလုံးမှမကျန်အောင်နားထောင်ရပါတယ်...။

:::::::::::::::::::::::::

ဒါနဲ့ပဲ ကျွန်မဟာ စိတ်ကျရောဂါစွဲကပ်လာခဲ့တယ်...။ စိတ်အထူးကုဆရာဝန်နဲ့ ပြနေရတာ တစ်နှစ်ရှိပါပြီ...။

ကျွန်မ သိပ်ကြောက်တယ်။ တစ်နေ့ တစ်နေ့ အသက်ရှင်ရတာ မွန်းကြပ်တယ်..။

အိပ်မရတဲ့ ညတွေအတွက် ကျွန်မ အိပ်ဆေးသောက်နေရပါပြီ...။

:::::::::::::::::::::::::

ကျွန်မ အပြင်သွားရင် ဘယ်ရောက်.. ဘယ်သူနဲ့တွေ့... ဘာလုပ်... အားလုံးကို အသေးစိတ် အမေ့ဆီကို ဓာတ်ပုံ/ ဖုန်းမက်ဆေ့ခ်ျ ပို့ရပါတယ်...။ သတိမေ့သွားရင် ည ၁၂ နာရီ ငရဲခန်းထဲ ဝင်ရပါတယ်...။

" အမေ သမီး ထမင်းစားလိုက်ဦးမယ်..ခစ် ခစ်.."

ဒီနေ့တော့ ဆရာက ကျွန်မကို ရုပ်ရှင်လိုက်ပြမယ်တဲ့...။

စည်းကမ်းတင်းကြပ်လွန်းတဲ့ အမေ မသိအောင် အလိုလိုက်ပေးတဲ့ ဆရာဟာ ကျွန်မဘဝမှာအားအကိုးရဆုံးဖြစ်လာတယ်...။

အမေ့ဆီကို အလီဘိုင် (alibi) ဖုန်းမက်ဆေ့ခ်ျတွေညာပြီး ပို့လိုက်တယ်...။

ရုပ်ရှင်ကြည့်ရတော့မယ်.. ပျော်လိုက်တာ...။

:::::::::::::::::::::::::

တစ်လလောက်အကြာ...။
အိမ်မှာ အမေမရှိတော့ဘူး...။
ကျွန်မ စိတ်တွေလေးနေတယ်...။

အိမ်မှာအမေမရှိတော့ တစ်ယောက်တည်း ထမင်းစားရတယ်... ။
အမေ့ကို သတိရနေမိတယ်...။

ရုတ်တရက် အမေ့ အကြွေးရှင်တွေက အိမ်ထဲကို အတင်းဝင်လာတယ်...။

"နင့်အမေ ဘယ်မှာလဲ..ဘာလို့ အဝတ်လျှော်ဆိုင် ပိတ်ထားတာလဲ...?"

" ကျွန်မ အမေ ခရီးထွက်နေပါတယ်...ဘာဖြစ်လို့လဲ..အန်တီ..?"

" မယုံဘူး...နင့်အမေကို တရားစွဲမယ်..."

အမေဟာ အဲဒီနေ့ကစပြီး အိမ် ပြန်မလာတော့ဘူး...။

ကျွန်မ အမေ့ကို လူပျောက်မှုနဲ့ အမှုဖွင့် တိုင်ကြားခဲ့တယ်...။

:::::::::::::::::::::::::

၁၈ ရက်အကြာ ကျွန်မဆီကို ရဲစခန်းက ဖုန်းလာတယ်..။

" ဂိုမင်းဂျူးလားခင်ဗျ.. စိတ်မကောင်းပါဘူး..ခင်ဗျားအမေ အလောင်း ကျွန်တော်တို့ -- တောင်ပေါ်မှာ တွေ့ထားပါတယ်.."

အမေ့ အလောင်း....။
ကျွန်မ ဝမ်းနည်းစွာငိုမိသည်...။
အမေရယ်...။

"ခင်ဗျားအမေဟာ အသတ်ခံရတာပါ.."

:::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::

🌟 အပိုင်း-၃

၂၀၁၅ ခုနှစ် ၁၀ လပိုင်း

မိခင် ဂင်မ် ယောင်းမိ အား သတ်ခဲ့သော လူသတ်တရားခံအား ပထမဆုံးအကြိမ် တရားရုံး၌ စစ်ဆေးမည့်နေ့သို့ရောက်လာသည်။

ကင်မ်ယောင်းမိအား ရက်စက်စွာသတ်ဖြတ်ခဲ့သော လူသတ်သမား တရားခံ တရားရုံးထဲသို့ ဝင်လာသောအခါ ပရိတ်သတ်များ အံ့ဩလွန်း၍ အသံထွက်အော်ကြသည်။

တရားခံမှာ သမီးဖြစ်သူ .. ဂိုမင်းဂျူး...။

အစိုးရ ရှေ့နေက အမှုကို စတင်ကြေငြာလိုက်သည်။

"၂၀၁၅ ခုနှစ် ၄ လပိုင်း ၁၆ ရက်နေ့တွင် ဂိုမင်းဂျူးအား မိခင်အားသတ်သည့် လူသတ်တရားခံအဖြစ်ဖမ်းဆီးခဲ့ပါသည်။ ထိုအမှုကို ယခု စတင် စစ်ဆေးပါမည်.."

“သေဆုံးသူ ကင်မ်ယောင်းမိသည် ဓာတ်ခွဲခန်းမှ ဆေးစာအရ ပထမအနေနှင့် အစာထဲ အိပ်ဆေး အခတ်ခံခဲ့ရပါသည်...။ အိပ်ပျော်သွားသည့် ကင်မ်ယောင်းမိအား သူမ၏ သမီးအရင်းဖြစ်သူ ဂိုမင်းဂျူး က ခေါင်းအုံးနှင့် ဖိ၍ သတ်ခဲ့သည်ဟု ထောက်လှမ်းရေးအဖွဲ့မှ စွဲချက်တင်ထားပါသည်...။..”

:::::::::::::::::::::::::

ရှေ့နေက ဂိုမင်းဂျူးအရှေ့လာရပ်သည်။

" မင်း တောင်ကိုရီးယားရဲ့ အမြင့်ဆုံးတက္ကသိုလ်က ကျောင်း သူတစ်ယောက်ဆိုတာ မှန်ပါသလား...?"

"..........:"

"ဒီဟာမင်းရဲ့ တက္ကသိုလ်ကျောင်းသားကဒ်...ဟုတ်ပါသလား..? ဘာလို့ မဖြေနိုင်တာလဲ..?"

".........."

ဂိုမင်းဂျူး ငိုချလိုက်သည်။

" ကျွန်မ အမှန်အတိုင်း ဝန်ခံပါ့မယ်..."

:::::::::::::::::::::::::

ကျွန်မတို့ အိမ်မှာ ကျွန်မ ငယ်ငယ်လေးကတည်းက..." ည ၁၂ နာရီ-ငရဲခန်း.." လို့ ကျွန်မ နာမည်ပေးထားတဲ့ အခန်းတစ်ခန်းရှိပါတယ်..။ ကျွန်မကို အမေက ရိုက်တဲ့အခန်းပါ........။

ကျွန်မ အမှတ် ၁၀၀ မပြည့်ရင် အရိုက်ခံရပါတယ်...,။

အထက်တန်းရောက်လာတာနဲ့အမျှ ကျွန်မ စာတွေမလိုက်နိုင်တော့ပါဘူး..။ အတော်ဆုံးသူတစ်ယောက် ဖြစ်လာဖို့ ကျွန်မ ဉာဏ်ရည်မမှီပါ..။

ည ၁၂ နာရီ ငရဲခန်းကို ကြောက်လွန်းတဲ့ကျွန်မဟာ အထက်တန်းကတည်းက အမှတ်စာရင်းတွေကို ပြင်ခဲ့ပါတယ်..။

အဲဒီ ငရဲခန်းထဲကို ဝင်ရမှာကို သေရမှာထက်ကြောက်တဲ့ ကျွန်မဟာ အမေ့ကို ၅ နှစ်လုံးလုံးလိမ်လည်ခဲ့ပါတယ်...။

ဒီလို ဆုလက်မှတ်အတုတွေပြတာတောင် အမေ ဖြစ်စေချင်တဲ့ အရည်အချင်းကို မရောက်နိုင်ပဲ အရိုက်ခံရတုန်းပါပဲ..။

ကျွန်မ တကယ့်ကို အမေရိကန်နိုင်ငံတက္ကသိုလ်ဝင်ခွင့်ရအောင် ကြိတ်ကြိုးစားနေခဲ့ပါတယ်..။

တနေ့နေ့ကျရင် ကျွန်မ တကယ်ပဲ အမေ့ရည်မှန်းချက်အတိုင်း ဖြစ်လာပြီး အလိမ်ဇာတ်လမ်းတွေ ပြီးဆုံးသွားမယ်လို့ ထင်ခဲ့မိတယ်။

အမေက ကြိုးစားပန်းစား အလုပ်လုပ်နေတာတွေ့ရင် ကျွန်မ သနားတယ်...။" အမေ ကျွန်မညာတာသိသွားရင်... ?"ဆိုတဲ့အတွေးက ကျွန်မ ကို နေ့တိုင်း ကြောက်လန့်စေတယ်...။

နောက်ဆုံးတော့ အလိမ်လက်မှတ်တွေအကြောင်း အမေသိသွားတော့တယ်...။

:::::::::::::::::::::::::

ည၁၂ နာရီ- ငရဲခန်းတံခါးကိုဖွင့်ပြီး ကျွန်မအောင်လက်မှတ်တွေကို ဆုတ်ဖြဲပြီး ကျွန်မကို ရိုက်တော့တာပဲ...။

နောက်တစ်နေ့ည....
ည၁၂နာရီထိုးမှာကို ကျွန်မကြောက်တာနဲ့ အမေအိပ်သွားအောင် အမေ့ဆေးတွေထဲ အိပ်ဆေးခတ်မိပါတယ်...။

ပြီးတော့... အမေပြန်မနိုးလာအောင်.....
........
.........။

:::::::::::::::::::::::::

တစ်လအကြာ...
ဒုတိယအကြိမ်မြောက် တရားခွင်ဆက်လက်စစ်ဆေးသည်။

ရှေ့နေ-" ဂိုမင်းဂျူး..မိခင်ကပေးတဲ့ ကျူရှင်တက်ဖို့ငွေတွေ တက္ကသိုလ်ကျောင်းဝင်စရိတ်တွေ မင်းသုံးပစ်လိုက်တာလား..? ဒါမှမဟုတ် အဲဒီငွေတွေ ဘယ်ရောက်သွားလဲ...!"

"........"

ဂိုမင်းဂျူး မဖြေနိုင်...။

" ဒီငွေတွေဘယ်ရောက်သွားလဲဆိုတာ သိရဖို့ ဂိုမင်းဂျူးရဲ့ ဝိုင်းကျူရှင်ဆရာကို မေးခွန်းများမေးရန် တရားသူကြီးထံ ခွင့်တောင်းပါတယ်.."

:::::::::::::::::::::::::

ရှေ့နေ- “ကျူရှင်ဆရာခင်ဗျာ.... ဂိုမင်းဂျူးဟာ စကားနားထောင်တဲ့ တပည့်လိမ္မာတစ်ယောက်လား"

"ဟုတ်ပါတယ်.."

ရှေ့နေ-"ဪ.. ဒါကြောင့် ကျူရှင်ဆရာက မက်ဆေ့ခ်ျပို့ပြီး ခိုင်းတာတွေအကုန်လုပ်တာထင်ပါ့...။ ကျွန်တော် ဟောဒီက ဂိုမင်းဂျူး နဲ့ကျောင်းဆရာ အပြန်အလှန်ပို့ထားတဲ့ မက်ဆေ့ခ်ျကို သက်သေအဖြစ်တင်သွင်းပါတယ်.."

ကျူရှင်ဆရာ မျက်နှာဖြူဖတ်ဖြူရော် ဖြစ်သွားသည်။

ဖုန်းမက်ဆေ့ခ်ျများ

"မင်းဂျူး ဆရာပြောသလိုသာလုပ် ...
မင်း အမေကို အိပ်ဆေးခတ်"

ရှေ့နေ- "ခင်ဗျား ငွေလိုချင်လို့ ဂိုမင်းဂျူးကို အသုံးချခဲ့တာမဟုတ်လား..?

:::::::::::::::::::::::::

ရှေ့နေ- "ဂိုမင်းဂျူးရဲ့မိခင်ကို သတ်တာ ကျူရှင်ဆရာဖြစ်ပါတယ်.....။ဂိုမင်းဂျူး..! မင်းရဲ့ မိခင်ကိုသတ်တာ မင်းကိုယ်တိုင်လား..? မင်း ဆရာလား..ဖြေပါ...?"

ဂိုမင်းဂျူး မဖြေတတ်...ရုတ်တရက် တရားခွင်၌ ဆရာဖြစ်သူအား သည်လိုပြောလိုက်သည်။

"ဆရာ... ကျွန်မ ဘယ်လိုဖြေရမလဲရှင့် မသိတော့ဘူး..သင်ပေးပါရှင့်"

:::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::

🌟 အပိုင်း-၎

ဂိုမင်းဂျူး၏ မိခင်သည် သူမဘဝတွင် အမြဲတမ်း အမြင့်ဆုံး နံပါတ် "တစ်"ကိုမှလိုချင်ခဲ့သည်။ "နှစ်" ရလျှင်ပင် ခံနိုင်ရည်မရှိသော မိန်းမ တစ်ယောက်ဖြစ်သည်။

မိမိကနံပါတ် တစ် မရခဲ့သောအခါ...သမီးဖြစ်သူအား နံပါတ်တစ် ဖြစ်စေရန် အတ္တကြီးခဲ့သည်။

နံပါတ်တစ် ဖြစ်စေချင်လွန်း၍ သွေးထွက်အောင်ရိုက်သည်။

ရလဒ်ကတော့ ထင်သလိုဖြစ်မလာပါ။

သမီးဖြစ်သူ ဂိုမင်းဂျူးသည် ပြင်းထန်သော စိတ်ကျရောဂါ နှင့် အကြောက်လွန်ရောဂါတို့ စွဲကပ်သွားတော့သည်။

ဂိုမင်းဂျူး အထက်တန်းကျောင်းသူဘဝတွင် သူမ၏ကျူရှင်ဆရာသည်..သူမ၏လျှို့ဝှက်ချက်ကို သိသွားလေသည်။

"ဘာ..? မင်း... မင်းအမေကို အမှတ်တွေလိမ်ပြီးပြနေတယ်...တော်ပြီကွာ... မင်းကို စာမသင်ချင်တော့ဘူး!?"

"ဆရာ.. အမေ့ကို မပြောပါနဲ့ အမေ သမီးကို သတ်လိမ့်မယ်...ဒီလိုပါဆရာ.."

:::::::::::::::::::::::::

ဂိုမင်းဂျူးသည် ဆရာအား သူမအရိုက်ခံရသည့်အကြောင်း ပြောပြတော့သည်။

ဂိုမင်းဂျူးကို သနားသည်ဟုဆိုကာ ကျူရှင်ဆရာသည် သူကိုယ်တိုင် လိမ်ညာ၍ အမှတ်ပြင်ပေးတော့သည်။

အမှန်တော့ ကျူရှင်ဆရာသည် ဂိုမင်းဂျူး အမှတ် ၁၀၀ ရတိုင်း မိခင်ဖြစ်သူထံမှ ငွေရသည်။

ထို့အပြင်..စာအုပ်ဝယ်ရမည်.. ကျူရှင်ထပ်တက်ရမည် စသည်ဖြင့် ငွေများတောင်းသည်။ ကျူရှင်ဆရာသည် ထိုနည်းအားဖြင့် ဂိုမင်းဂျူးကို အသုံးချ၍ ငွေရှာနေခဲ့သည်။

နောက်ဆုံးတွင် ကျူရှင်ဆရာသည် အမေရိကန် တက္ကသိုလ်အတွက် သိန်း ၃၀၀၀ ပေးရမည်ဟု အချီကြီးလိမ်လိုက်သည်။

:::::::::::::::::::::::::

ပိုက်ဆံလိုနေသော မိခင်ဖြစ်သူက ဂိုမင်းဂျူးအဖေကို သက်သေပြရန် ဂိုမင်းဂျူး တက္ကသိုလ်ဝင်ခွင့် အမှတ်စာရင်းသွားထုတ်ရာမှ အလိမ်အားလုံးပေါ်သွားခြင်းဖြစ်သည်။

ပညာရေးလောက၌ နာမည်ကြီးသော ထိုကျူရှင်ဆရာသည်လည်း ဘွဲ့ရသည်ဟု လိမ်ညာထားသော လူလိမ်တစ်ဦး ဖြစ်နေလေသည်...။

ကျူရှင်ဆရာသည် သူ့ကို ရဲတိုင်မည်စိုး၍ အိပ်ပျော်နေသော ဂိုမင်းဂျူး၏မိခင်အား ကိုယ်တိုင်လာရောက်၍ သတ်ဖြတ်ခဲ့သည်။

:::::::::::::::::::::::::

ထို့နောက် မိခင်၏အလောင်းအား ဂိုမင်းဂျူးနှင့်အတူ တောင်ပေါ်မှ ပစ်ချ ဖျောက်ဖျက်ခဲ့လေသည်။

" မင်းဂျူး ..အခု မင်းကိုရိုက်တဲ့မိခင်ကို ဆရာက လောကကြီးထဲက နှင်ထုတ်လိုက်ပြီ...။ရဲတွေမေးရင် မင်းသတ်တယ်ပဲပြော... မင်းဟာ မိခင်ရဲ့ အနှိပ်စက်ခံရတဲ့အတွက် ထောင်ကျလဲ ၂နှစ် ၃နှစ်ပေါ့.. လိမ္မာတယ်ဟုတ်..?"

"ဟုတ်ကဲ့ ဆရာ.."

:::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::

🌟နိဂုံး

လောကကြီးအလယ် စာပဲကြိုးစားခဲ့သော ဂိုမင်းဂျူး... သူမတွင် သူငယ်ချင်းမရှိ ... တိုင်ပင်ရမည့်သူမရှိသော မိန်းမငယ်...။

ယုံကြည်ရသော ဖခင်ကလည်း မိမိကို ပစ်သွားခဲ့ပြီ..။

မိခင်၏ အတ္တအောက်တွင် နာကျင်သော စိတ်ဝေဒနာခံစားနေရသော မိန်းကလေး။

ထို မိန်းမငယ်အား ကောက်ကျစ်သော ကျူရှင်ဆရာသည် အသုံးချခဲ့လေသည်။

မိခင်၏ အရိုက်အနှက်ခံရသော ဂိုမင်းဂျူးသည် ရေနစ်သူတို့ ကောက်ရိုးတစ်မျှင်ကိုအားကိုးသကဲ့သို့ ကျူရှင်ဆရာကို အားကိုးယုံကြည်ခဲ့လေသည်။

ကျူရှင်ဆရာနှင့် ဂိုမင်းဂျူးတို့ ဆက်ဆံရေးသည်လည်း ဆရာ တပည့်ဆက်ဆံရေးထက်ပိုနေခဲ့သည်ဟု ခန့်မှန်းရသည်။

:::::::::::::::::::::::::

တရားသူကြီးက လူသတ်မှု ကြံရာပါအဖြစ် ဂိုမင်းဂျူးအား ထောင်ဒါဏ် ၃ နှစ်ချလိုက်လေသည်။

လူသတ်သမား ကျူရှင်ဆရာအား ထောင် ၁၅ နှစ်...။

:::::::::::::::::::::::::

တစ်ဦးနှင့်တစ်ဦး အလွန်ချစ်ခဲ့သော်လည်း ချစ်သည့်နည်းလမ်းမမှန်ခဲ့သော သားအမိနှစ်ဦး၏ ကြေကွဲဖွယ် ဖြစ်ရပ်မှန်တစ်ခုဖြစ်ပါသည်။

မိခင်၏ လွဲမှားသော ပြုစုပျိုးထောင်မှုသည် ဂိုမင်းဂျူးအား အကြီးမားဆုံး မလုပ်သင့်သော လုပ်ရပ်အမှားကြီးကို ကျူးလွန်စေခဲ့သည်။
လမ်းမှားသို့ရောက်အောင် တွန်းပို့ခဲ့သည်။

အကြောက်တရားရအောင် ဆုံးမခြင်းသည် သားသမီးအား နားမဝင်စေသည့်အပြင် ပြသနာကို လတ်တလောပြေလည်စေရန် လိမ်လည်ခြင်းဖြင့်တုန့်ပြန်လာကြလေသည်။

အပြစ်ပေးခြင်းဖြင့် သားသမီးသည် ရည်မှန်းချက်ရောက်အောင် မဖြစ်မနေလုပ်လိမ့်မည်ဟု တချို့မိဘမှား ထင်မှတ်မှားနေကြသည်။

လက်တွေ့တွင်တော့ သားသမီးသည် ကြိုးစားချင်စိတ်လျော့ကျလာကာ ကြာလာသောအခါ စိတ်ဓါတ်ကျဆင်းသောရောဂါရသည်အထိဖြစ်လာတော့သည်။

သားသမီးသည် မိဘတို့လိုရာရေးဆွဲသည့် ပန်းချီကားတစ်ချပ်မဖြစ်သင့်ပါ။ မိဘတို့၏မေတ္တာတရားဖြင့် ခြုံလွှမ်းနေသည့် လူရည်ချွန်လေးများသာဖြစ်သင့်သည်။

မိဘတို့၏ ပင်ပန်းဆင်းရဲမှုလှေကားတို့ကို စတေးခံကာ မိမိအား အထက်သို့ မြှင့်တင်ပေးသည်ကို ကျေးဇူးသိနားလည်သည့် လူကောင်းလေးများဖြစ်သင့်သည်။

မိဘများအနေနှင့် ချစ်ခြင်းနှင့်အတူ တွဲကပ်ပါလာတတ်သော မိမိတို့အတ္တများကို ခွါချမှသာလျှင် သားသမီးတို့ အနာဂတ်မှာ ရွှေရောင်တောက်ပနေမည်ဖြစ်သည်။

မရွှေမိုး ( ကိုရီးယား )
March 21st, 2018.

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

တောင်ကိုရီးယားနိုင်ငံ TV Chosun မှ "이것은 실화다" ဟူသော TV program အား ဘာသာပြန်ထားခြင်းဖြစ်ပါသည်။

ဤ program သည် တရားရုံးများမှ ထူးခြားဆန်းပြားသော ဖြစ်ရပ်မှန် မှုခင်းများအကြောင်းဖြစ်ပါသည်။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

References
이것은 실화다 - 미국 명문대 합격했다는 딸의 진실 (160411)
YouTube-


image
image
Please Follow Me and Upvote @pocker

Sort:  


Exclusive 30 days free upvotes to your every new post. No need to send any kinds of steem or sbd its full free service. we have paid service too so please check them too. Active the free upvote service and learn more about it here : http://www.steemitfollowup.cf

Coin Marketplace

STEEM 0.17
TRX 0.16
JST 0.029
BTC 61048.59
ETH 2372.60
USDT 1.00
SBD 2.54