​ကောင်​း​သောအလုပ်​

in #esteem5 years ago

ကျွန်မတို့ မိသားစုဟာ တောရွာလေးတစ်ရွာမှာ နေကြပြီး အတော်လေးလည်း ဆင်းရဲပါတယ်။ မိသားစုဆိုတာ အဖေ၊ အမေ၊ ကျွန်မနဲ့ ကျွန်မထက် ၃ နှစ်ငယ်တဲ့ မောင်လေးတစ်ယောက်တို့ပါ။

တမနက် ကျောင်းမသွားခင်မှာ အဖေ့ပိုက်ဆံအိတ်ထဲက ငွေ ၂၀၀ ကျပ်ကို ကျွန်မ ခိုးယူလိုက်တယ်။ ကျောင်းက သူငယ်ချင်းတွေရဲ့ ရင်ဘတ်မှာ ထိုးထားတဲ့ ရင်ထိုးမျိုးကို ဝယ်ချင်လို့ပါ။ ကျွန်မတို့ မောင်နှမ နှစ်ယောက် ညနေကျောင်းဆင်းလို့ အိမ်ပြန်ရောက်တော့ အဖေက ကျွန်မတို့ကို မေးပါတယ်။ 'ငါ့ အိတ်ထဲ ပိုက်ဆံ ၂၀၀ ပျောက်နေတယ်။ ဘယ်သူ ယူသလဲ'။ ကျွန်မက မသိဘူးလို့ ငြင်းတယ်။ မောင်လေးကလည်း မသိဘူးလို့ ငြင်းတယ်။ သူ တကယ်လည်း မသိရှာပါဘူး။

image
Google

ကျွန်မတို့ နှစ်ယောက်စလံုးက ဝန်မခံကြလို့ အဖေဟာ ဒေါထွက်ပြီး ကျွန်မတို့ နှစ်ယောက်စလံုးကို ကြိမ်လံုးနဲ့ ရိုက်ဖို့ ပြင်လိုက်တယ်။ ဒီအခါ မောင်လေးဟာ အဖေ့လက်ကို ဆွဲပြီး သူခိုးတာပါလို့ အဖေ့ကို မော့ကြည့်ရင်း ပြောလိုက်ပါတယ်။ အဖေက သူ့တင်ပါးကို ကြိမ်နဲ့ ၅ ချက်ရိုက်ပြီး ဆံုးမလိုက်တယ်။

အဲဒီညမိုးချုပ်သွားတဲ့အခါ ကျွန်မ မအိပ်နိုင်သေးဘဲ ညနေက အဖြစ်ကို ပြန်တွေးရင်း ဝမ်းနည်းလွန်းလို့ ရှိုက်ငိုနေမိတယ်။ ငိုရင်းနဲ့ အသံကျယ်လာလို့ အနားမှာ အိပ်နေတဲ့ မောင်လေးဟာ နိုးလာပြီး ကျွန်မပါးစပ်ကို သူ့လက်လေးနဲ့ ပိတ်ရင်း ခုလို ပြောပါတယ်။ "အမရယ်၊ ဖြစ်ပြီးတဲ့ ကိစ္စကို မေ့ထားလိုက်ပါ" တဲ့။ အဲဒီအချိန်မှာ ကျွန်မ ကိုယ်စား အပြစ်ပေးခံလိုက်တဲ့ မောင်လေးက အသက် ၈ နှစ်နဲ့ ကျွန်မက အသက် ၁၁ နှစ်စီပဲ ရှိကြပါသေးတယ်။

ကျွန်မ ၁၀ တန်းအောင်လို့ တက္ကသိ်ုလ်ဝင်ခွင့်ရတဲ့ အချိန်မှာ မောင်လေးလည်း ၈ တန်းအောင်လို့ မြို့ကျောင်းက အထက်တန်းကျောင်းမှာ သွားတက်ရမယ်။

အဲဒီညမှာ အဖေနဲ့ အမေဟာ မအိပ်နိုင်ကြပဲ အိမ်ရှေ့ကပြင်မှာ ထိုင်နေကြတယ်။ အဖေက ဆေးပေါ့လိပ်ကို မီးခိုးတထောင်းထောင်းထအောင် ဖွာပြီး စဥ်းစားနေတယ်။ ပြီးတော့ သူက "ငါတို့ ကလေးနှစ်ယောက်စလံုး အောင်မှတ်တွေ အရမ်းကောင်းတယ်ကွ။ ဂုဏ်ထူးတွေလည်း ပါတယ်လေ"။ အမေဟာ ပါးပြင်ပေါ် စီးကျလာတဲ့ မျက်ရည်ကို လက်ဖမိုးနဲ့ သုတ်ရင်း အဖေ့ကို ခုလို ပြန်ပြောလိုက်တယ်။ "အောင်မှတ်ပဲ ကောင်းကောင်း၊ ဂုဏ်ထူးပဲ ပါပါလေ၊ ကျွန်မတို့ ကလေးနှစ်ယောက်စလံုးကိုတော့ ကျောင်းမထားနိုင်ဘူးလေ။ တစ်ယောက်ပဲ ထားနိုင်မယ် ရှင့်"။

ဒီအချိန်မှာ မောင်လေးဟာ အိမ်ထဲကနေ အိမ်ရှေ့ကို ပြေးထွက်သွားတယ်။ အဖေ့ရှေ့မှာ ဒူးထောက်လိုက်ပြီး ခုလို ပြောလိုက်ပါတယ်။ "အဖေ ကျွန်တော် ကျောင်းဆက်မတက်ချင်တော့ဘူး။ စာရေးစာဖတ်တတ်ပြီမို့ တော်လောက်ပါပြီဗျာ"။ အဖေက သူ့ကို ခုလို ပြန်ပြောလိုက်တယ်။ "မင်း ဘာလို့ စိတ်ဓာတ်ကျရတာလဲ။ အဖေတို့မှာ ပိုက်ဆံမရှိပေမယ့် တောင်းရမ်းပြီး မင်းတို့ မောင်နှစ်မ နှစ်ယောက်စလံုးကို ကျောင်းဆက်ထားမယ်ကွ"။

အဲဒီညမှာ ကျွန်မက မောင်လေးကို ဖက်ပြီး ခုလို ပြောလိုက်ပါတယ်။ "မောင်လေး ကျောင်းဆက်တက်နော်။ ယောက်ျားလေးဆိုတာ ပညာတတ်ဖို့ လိုတယ်။ အမက မိန်းကလေးဆိုတော့ တက္ကသိုလ်က ဘွဲ့မရလည်း ကိစ္စမရှိဘူး။ အမ တက္ကသိုလ် မတက်ပါတော့ဘူး"။

မနက်မိုးလင်းတော့ မောင်လေးကို သူ့အိပ်ယာမှာ မတွေ့ရဘူး။ သူ့ခေါင်အံုးပေါ်မှာ စာခေါက်လေးတစ်ခု တွေ့လို့ ဖတ်ကြည့်လိုက်တယ်။ စာမှာ ရေးထားတာက "အမ၊ တက္ကသိုလ်တက်ဖို့ အခွင့်အရေးဆိုတာ ရဖို့ မလွယ်ဘူး။ အမ တက္ကသိုလ် ဆက်တက်ပါ။ ကျွန်တော် အလုပ်လုပ်ပြီး အမကို ကျောင်းစရိတ်ပို့ပေးမယ်"တဲ့။ ဒီအခါမှ ကျွန်မ သိလိုက်တယ်။ မောင်လေးဟာ အိမ်ကနေ အဝေးတနေရာကို ထွက်သွားပြီဆိုတာပါ။ ကျွန်မ အဲဒီစာလေးကို ရင်မှာ အပ်ပြီး ချံုးပွဲချ ငိုမိလိုက်တယ်။

အဖေကသူများဆီက ငွေချေးပြီး ထောက်ပံ့တဲ့ ငွေနဲ့ ကျွန်မ တက္ကသိုလ်တက်တယ်။ မကြာခင်မှာပဲ မောင်လေးဟာ မြို့တစ်မြို့က ဆောက်လုပ်ရေးလုပ်ငန်းမှာ အလုပ်ကြမ်းသမား လုပ်ရင်း ကျွန်မဆီကို မကြာခဏ ပိုက်ဆံ ပို့ပေးပါတယ်။ ဒီလိုနဲ့ ကျွန်မလည်း တက္ကသိုလ် တတိယနှစ်ကို ရောက်လာပြီ။ ဒီအချိန်မှာ ကျွန်မ အသက်က ၂၀ နဲ့ မောင်လေးအသက်က ၁၇ နှစ်ပဲ ရှိသေးတယ်။

တနေ့ ကျွန်မ အဆောင်အပေါ်ထပ်က အခန်းထဲမှာ စာကျက်နေတုန်း အခန်းဖေါ်က အောက်မှာ တောသားလေးတစ်ယောက် ရောက်နေတယ်။ ကျွန်မကို တွေ့ချင်တယ်လို့ ပြောနေတယ်လို့ လာပြောတယ်။ ဘယ်ကတောသားပါလိ်မ့်လို့ စဥ်းစားရင်း အဆောက်အောက်ထပ်ကို ဆင်းလာလိုက်တယ်။ အဆောင်ခြံတံခါးဝမှာ လူငယ်တစ်ယောက်ကို တွေ့လိုက်ရတယ်။ သူ့အဝတ်အစားဟာ စုတ်စုတ်ပြတ်ပြတိ ဘိလပ်မြေ ဖံုမှုန့်တွေ သဲတွေနဲ့ ပေရေညစ်ပတ်နေတယ်။ ဒါပေမဲ့ သူဟာ ကျွန်မရဲ့ မောင်လေးမှန်း ချက်ချင်း သိလိုက်ပါတယ်။

ကျွန်မက သူ့ကို စောစောက ကျွန်မအဖေါ်ကို ဘာကြောင့် ကျွန်မရဲ့ မောင်ပါလို့ မပြောသလဲလို့ မေးလိုက်တော့ သူက ပြံုးပြီး ခုလို ပြန်ပြောတယ်။ 'ခုလိုစုတ်ပြတ်ညစ်ပတ်နေတဲ့ ကျွန်တော့်ပံုနဲ့ အမရဲ့ မောင်လို့ ပြောလို့ ဘယ်သူက ယံုမှာလဲဗျာ' တဲ့။ နောက်တော့ သူက သူ စုထားတဲ့ ပိုက်ဆံတွေကို ကျွန်မရဲ့ လက်ထဲ ထည့်ပေးပြီး လှည့်ပြန်သွားပါတယ်။ မောင်လေးဟာ နောက်ပိုင်းတော့ အဝတ်အစားသန့်သန့် ဝတ်ပြီး ၃လ ၄လ တစ်ခါလောက် အဆောင်ကိုလာပြီး ပိုက်ဆံလာပေးတတ်တယ်။ သူ လာရင် ကျွန်မ အရမ်းပျော်တယ်။ မောင်နှမနှစ်ယောက် စကားတွေ တဝကြီး ပြောကြတယ်။

ကျွန်မ ဘွဲ့ရပြီး မြို့ကြီးတစ်မြို့မှာ အလုပ်ရတယ်။ နောက်တော့ အဲဒီမြို့မှာပဲ အိမ်ထောင်ကျတယ်။ ကျွန်မ ယောက်ျားဟာ ကျွန်မကို ချစ်ပြီး အရမ်းလည်း သဘောကောင်းပါတယ်။ သူက ကျွန်မမိဘတွေကို ကျွန်မတို့ အိမ်မှာ လာနေဖို့ ခေါ်ပါတယ်။ အဖေရော အမေတို့က တောက လယ်တွေကို ပစ်ထားလို့ မဖြစ်ဘူးဆိုပြီး အတူလာမနေပါဘူး။ အခု အဖေတို့ဆီမှာ ပြန်ရောက်နေတဲ့ မောင်လေးက ခုလို အကြောင်းကြားလာပါတယ်။ 'အဖေနဲ့ အမေတို့ကို ကျွန်တော် စောင့်ရှောက်ထားပါတယ်။ အမသာ ယောက္ခမတွေကို ဂရုစိုက်လိုက်ပါ' တဲ့။

အခု အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ မောင်လေးဟာ သူ့ရွာက မူလတန်းပြဆရာမလေးတစ်ယောက်နဲ့ လက်ထပ်တော့မယ်။ သူ့မင်္ဂလာပွဲကို ကျွန်မတို့ လင်မယားနှစ်ယောက်စလံုး သွားတက်ကြပါတယ်။ ရွာရဲ့ မြေကွက်လပ်တစ်ခုမှာ မင်္ဂလာညစာစားပွဲ ကျင်းပကြတယ်။ ညစာစားပွဲ မစခင်လေးမှာ ရွာသူကြီးက ပွဲတက်ရောက်လာကြတဲ့ ဧည့်သည်တွေအားလံုးရှေ့မှာ မောင်လေးကို ခုလို မေးခွန်းမေးလိုက်ပါတယ်။ 'မင်းရဲ့ ဘဝမှာ အလေးစားဆံုးနဲ့ အချစ်ဆံုးလူဟာ ဘယ်သူလဲ' တဲ့။

မောင်လေးဟာ သိပ်ကြာကြာ မစဥ်းစားဘဲ ခုလို ပြန်ဖြေလိုက်တယ်။ 'ကျွန်တော့် အမပေါ့ဗျာ' တဲ့။ နောက်ပြီး ကျွန်မ မှတ်မိတဲ့ ငယ်ငယ်က အဖြစ်လေးကို ဧည့်သည်တွေ ကြားအောင် ခုလို ပြောပြလိုက်ပါတယ်။

  • "ကျွန်တော်တို့ မောင်နှမနှစ်ယောက်ဟာ ရွာမှာ မူလတန်းကျောင်း မရှိလို့ အနားက မြို့လေးမှာ ကျောင်းသွားတက်ရတယ်။ ကျောင်းကို ၂ နာရီကြာအောင် လမ်းလှေျာက်သွားကြရတယ်။ ကျွန်တော် ၁ တန်းတက်နေတဲ့ တစ်ရက်မှာ ကျောင်းဆင်းတော့ ကျွန်တော်တို့နှစ်ယောက် အိမ်ပြန်လာကြတယ်။ လမ်းမှာ မိုးချုပ်စပြုနေပြီ။ ဆောင်းတွင်းရောက်နေလို့ အရမ်းအေးနေတယ်။ ကျွန်တော် ဝတ်နေကျ လက်အိတ်တစ်စံုဟာ ကျောင်းခန်းထဲမှာ ကျန်နေခဲ့တယ်။ ကျွန်တော့်လက်တွေ အေးလွန်းလို့ လက်ဝါးနှစ်ဖက်ကို ပွတ်နေရတယ်။ ဒါကို တွေ့သွားတဲ့ အမက သူ့လက်အိတ်နှစ်ဖက်စလံုးကို ချွတ်ပြီး ကျွန်တော့်လက်နှစ်ဖက်မှာ ဝတ်ပေးလိုက်တယ်။ မိုးကြီး အတော်ချုပ်မှ ကျွန်တော်တို့ အိမ်ပြန်ရောက်ကြတယ်။ ညစာစားတော့ အမဟာ သူ့လက်တွေကိုက်နေတာကို အံကြိတ်ခံနေတယ်။ ကျွန်တော်ကြည့်နေတာကို သိလို့ အမက အားတင်းပြီး ပြံုးပြပါတယ်။ ဒါပေမဲ့ သူ့လက်တွေ အေးခဲကိုက်ပြီး နာကျင်နေလို့ အမဟာ တူနှစ်ချောင်းကို ကောင်းကောင်း မကိုင်နိုင်ရှာပါဘူး။ အဲဒါကို မြင်တာနဲ့ ကျွန်တော့်စိတ်ထဲမှာ ခုလို ဆံုးဖြတ်ချက်ချလိုက်ပါတယ်။ ကျွန်တော် အသက်ရှင်နေသရွေ့ အမကို စောင့်ရှောက်မယ်။ အမကို စိတ်ချမ်းသာစေဖို့ ကျွန်တော် အမြဲကြိုးစားမယ်လို့ပါ'။

image
Google

သူ့စကားဆံုးတာနဲ့ ဧည့်သည်တွေအားလံုးဟာ မတ်တတ်ထရပ်ကြပြီး လက်ခုတ်တီး ချီကျူးကြရင်း ကျွန်မကို ဝိုင်းကြည့်ကြတယ်။ ကျွန်မ ဘာပြန်ပြောရမှန်း မသိတော့ဘဲ မျက်ရည်တွေ ပါးပြင်ပေါ်ကို စီးကျလာနေတယ်။

သင် ချစ်တဲ့သူအပေါ် ကောင်းတဲ့ လုပ်ရပ်လေးတွေ အမြဲလုပ်ပေးပါ။ သင်လုပ်လိုက်တဲ့ လုပ်ရပ်ဟာ သေးငယ်ပေမယ့်လည်း တစ်ဖက်သားမှာ အကြီးအကျယ် ကျေးဇူးတင်ခံစားသွားစေနိုင်ပါတယ်။

Sort:  

good attitude, good job

Coin Marketplace

STEEM 0.23
TRX 0.06
JST 0.030
BTC 23025.28
ETH 1644.80
USDT 1.00
SBD 2.68