မိုင်လော

in #esteem6 years ago

အပြင်ဘက်မှာ မိုးတွေရွာနေသည်၊ မြေပေါ်သို့အရှိန်ပြင်းစွာ ကျရောက်ထိမှန်နေသော မိုးစက်များကိုကြည့်၍ "ဒါဟာ မြေဆွဲအား သီအိုရီမှန်ကန်နေကြောင်းသက်သေပြနေတာပဲ။ ဒီလိုမှမဟုတ်ရင် မိုးစက်မိုးပေါက်တွေဟာ စကြ၀ဠာထဲကို လွင့်စင်ထွက်သွားမှာပေါ့။ ပြီးတော့ ကြည့်စမ်း၊ မိုးပေါက်တွေဟာ မြေကြီးရဲ့ တန်ပြန်သက်ရောက်မှုတွေကြောင့် ရေမှုန်ကလေးတွေ အဖြစ် ပြိုကွဲသွားရတာပဲ"

ဟု နယူတန်က တွေးနေသည်။ ထိုအချိန်တွင် လူငယ်တစ်ယောက် ရောက်လာ၏ ။ တစ်ကိုယ်လုံး မိုးရေတွေ စိုစွဲနေသည်။ အရက်တွေလည်း သောက်လာပုံရ၏။
"ဘာကိစ္စရှိလို့လဲကွယ်"
နယူတန်က မေးသည်။ လူငယ်က
"ဆရာကြီးရဲ့ နိယာမက အမှားကြီးပဲဗျ"
"ဟေ…ဘာမှားလို့လဲ"
"သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်လို့ ဆရာကြီးက ပြောတယ်နော်။ ဒါပေမဲ့ အခုတော့ ကျွန်တော်ချည်းပဲ ခံနေရတယ်ဗျ။ တစ်ခါမှ တန်မပြန်ရသေဘူး"
လူငယ်က မကျေနပ်သောလေသံဖြင့် ပြောသည်။ ထို့နောက် မတ်တပ်ရပ်လိုက်သည်။
နယူတန်ကို စေ့စေ့ကြည့်ပြီး
"ပြီးတော့ သူနှလုံးသားက မြေဆွဲအားကို ဆန့်ကျင်နေတာကိုရော ဘာပြောမလဲ"
နယူတန်သည် ဘာမှ ပြန်မပြောနိုင်ဘဲ ငေးကြောင်ကြောင်နေမိ၏ ။ လူငယ်က ထပ်ပြောပြန်သည်။
"ဒီမှာ ဆရာကြီး၊ နှလုံးသားဆိုတာ ပန်းသီးတစ်လုံးမဟုတ်ဘူးဗျ။ သိရဲ့လား"                                                                                                         *   *    *

ပိုက်သာဂိုးရပ်စ်ထံသို့ စာတိုက်မှပါဆယ်တစ်ထုပ်ရောက်ရှိလာသည်။ ဖွင့်ကြည့်လိုက်တော့ ဘောလုံးတစ်လုံးထွက်လာသည်။ ဘောလုံး၏ မျက်နှာပြင်ပေါ်မှာ တြိဂံတစ်ခုဆွဲထားသည်။ တြိဂံ၏ အနားသတ်မျဉ်းများသည် ကွေးကောက်နေကြ၏။ စာတစ်စောင်လည်း ပူးတွဲပါလာသည်။ ဖွင့်ဖတ်ကြည့်လိုက်တော့……..
မိတ်ဆွေကြီး ပိုက်သာဂိုးရပ်စ်
ခင်ဗျားရဲ့သီအိုရမ်က ပြင်ညီမျက်နှာပြင်ပေါ်မှာဆွဲထားတဲ့ ထောင့်မှန်တြိဂံအတွက်သာ မှန်ကန်တာပါ။ အခု ကျုပ်ဆွဲပေးလိုက်တဲ့ တြိဂံအတွက်ကျတော့ ဘယ်လို သက်သေပြမလဲ၊ ဒါဟာ ထောင့်မှားတြိဂံတစ်ခုပဲလို့ ကျူပ်ထင်တယ်ဗျာ။
                                                                                                                          ခင်မင်လျက်
                                                                                                                                                ပါစကယ်

                                                                                                     *   *    *

တစ်ယောက်နှစ်ခွက်သုံးခွက်စီလောက် ၀င်သွားပြီးနောက် ယမကာဝိုင်းက အရှိန်ကလေးရလာသည်။ ဂယ်လီလီယိုက နောက်တစ်ခွက် ထပ်ငှဲ့ရင်းမေးသည်။
"ဟေ့ကောင် ကိုပါ၊ မင်းရဲ့ဆိုလာစစ်စတမ်စာတမ်းကိစ္စက ဘယ်လိုဖြစ်နေလဲကွ"
ကိုပါနီးကပ်စ်က
"ငြင်းကြခုန်ကြတုန်းပဲကွ၊ တော်လမီက သူရဲ့ ဂျီအိုစင်ထရစ်သီအိုရီကို အလျှော့မပေးတော့ ခက်နေတယ်။ ဒါနဲ့ မင်းရဲ့

ကမ္ဘာကြီးလုံးတယ်ဆိုတဲ့ အမှုအခြေအနေကော"
"စိတ်ရောဂါကုဆရာဝန်တစ်ယောက်ရဲ့ ထောက်ခံချက်လိုနေသေးတယ်ကွ"
"ငါတို့ရဲ့သီအိုရီတွေကို ရပ်တန်းကရပ်လိုက်ကြရင် ကောင်းမယ်ထင်တယ်ကွာ"
ဂယ်လီလီယိုက
"ဟေ.. ဘာကြောင့်လဲ"
"ကမ္ဘာက နေကိုဗဟိုပြုပြီး လှည့်နေတာပဲဖြစ်ဖြစ်၊ ကမ္ဘာကြီးက လုံးနေတာပဲဖြစ်ဖြစ် မထူးပါဘူး၊ လူတွေက ကမ္ဘာကြီးထက်
ပိုပြီးလည်နေကြပြီပဲကွာ"
ဟု ပြောပြီး ခွက်ထဲကလက်ကျန်ကို ရှင်းလိုက်သည်။ * * *

အိုင်စတိုင်းသည် ဟောပြောပွဲတစ်ခုမှ ပြန်လာခဲ့သည်။ ဒီနေ့ဟောပြောရတာ တော်တော် အဆင်ပြေသည်။ စွမ်းအင်သီအိုရီတစ်ခု အကြောင်းကို စိတ်ပါလက်ပါရှင်းပြခဲ့သည်။
ပရိသတ်ကလည်း စိတ်ဝင်စားစွာနားထောင်ပြီး သိလိုသောမေးခွန်းတွေကို အားတက်သရောမေးကြသည်။
သို့ရာတွင် အိမ်ထဲဝင်လိုက်စဉ်မှာပင် သူ့ပျော်ရွှင်မှုများ ပြိုကွဲပျက်စီးသွားရ၏ ။ အကြောင်းမှာ ခါးထောက်ပြီး မျက်ထောင့်နီကြီးဖြင့် စိုက်ကြည့်ရင်းဆီးကြိုနေသော သူ့မိန်းမကို ရင်ဆိုင်လိုက်ရသောကြောင့်ပင်ဖြစ်၏ ။
"ဘယ်လိုလဲ…ကိုရွှေအိုင်စတိုင်းကြီးရဲ့တော်တော်မှပျော်ခဲ့ရဲ့လား၊ ကျုပ်မှာဖြင့် အိမ်ရှင်က အိမ်လခလာတောင်းလို့ မနည်း

တောင်းပန်လွှတ်လိုက်ရတယ်။ တစ်ပတ်အတွင်းမပေးရင် ဆင်းပေးရမယ်လို့ ကျိန်းမောင်းသွားသေးတယ်"
"ဟုတ်လား…………. ငါ………. ဟိုဒင်း…………"
"နေဦး မပြီးသေးဘူး၊ မီတာခကလည်း မနက်ဖြန် နောက်ဆုံးပ။ဲ မသွင်းရင် မီးဖြတ်တော့မယ်။ ရှင့်ရဲ့အရည်မရ အဖတ်မရ စမ်းသပ်ချက်တွေကလည်း မီတာသိပ်စားတာ သိရဲ့လား"
"အေးပါကွာ၊ မီတာခ သက်သာခွင့်ရအောင်လျှောက်ဖို့ သိပ္ပံအကယ်ဒမီက ထောက်ခံစာတောင်းကြည့်ပါဦးမယ်"
ဟု အိုင်စတိုင်းက လေပျော့လေးနဲ့ပြန်ပြောသည်။ သို့ရာတွင်
"ရှင့်ကိုပြောလိုက်ရင် ဒီအတိုင်းချည်းပဲ၊ ဘာမှလည်းဖြစ်ဖြစ်မြောက်မြောက်ရှိတာမဟုတ်ဘူး၊ ရှင့်ရဲ့ အီးညီမျှခြင်း အမ်စီစကွဲယားဆိုတဲ့
ဖော်မြူလာကကော ဘာအသုံးကျလဲ။ ရှစ်လုံးတစ်ပြည်၊ ဆယ့်ခြောက်ပြည်တစ်တင်း ဆိုတာကမှ ဟုတ်တုတ်တုတ် ရှိသေးတယ်"
အိုင်စတိုင်း ခေါင်းကုတ်လိုက်၏ ။ ထိုအခါကျမှ "ငါ့ခေါင်းပေါ်မှာ ဆံပင်တွေနဲ့ပါလား"ဟု သတိပြုမိသွားသည်။
"ရှင့်မှာဖြင့် ဟောပြောပွဲတွေနဲ့အချိန်ကုန်နေတာပဲ၊ ဘာမှလည်း ဟုတ်တိပတ်တိရတာမဟုတ်ဘူး။ ဓာတ်ဘူးလေး၊ ဖန်ခွက်လေး၊ လွယ်အိတ်ကလေး လက်ဆောင်ရတာနဲ့ကျေနပ်နေတာပဲ"
အိုင်စတိုင်းမှာ ဒီနေ့ဟောပြောပွဲက မျက်နှာသုတ်ပုဝါတစ်ထည်ရလာကြောင်း ကြွားဖို့တောင်သိပ်မလွယ်တော့။
"ဟင်း၊ အဏုမြုဗုံးလုပ်ရောင်းပါဆိုတော့ ငြိမ်းချမ်းရေးလေး ဘာလေးနဲ့ကြီးကြီးကျယ်ကျယ်တွေ လျှောက်ပြောနေတယ်၊ ရှင့်တပည့် ဗွန်းဘရောင်းဆိုရင် ကြည့်စမ်း၊ ဒုံးပျံတွေထုတ်လုပ်နေတာ အခုတိုက်နဲ့ကားနဲ့ဖြစ်နေပြီ၊ သူ့မိန်းမဆိုလည်း တစ်ကိုယ်လုံး စိန်တွေသီးလို့ ကျုပ်မှာဖြင့်.........."
မိန်းမရဲ့မကျေနပ်မှုတွေက အက်တမ်တွေ ဆင့်ကဲပေါက်ကွဲသလို အဆုံးသတ်မှာမဟုတ်တော့၊ အိုင်စတိုင်း မခံမရပ်နိုင်အောင် နားပူလာသည်။ ထို့ကြောင့် နောက်ဖေးဘက်ကို ထွက်သွားပြီး မီးဖိုနားမှာ ထိုင်နေလိုက်၏။
"ရီလေတီဗီတီ သီအိုရီဆိုတာ ဒါပဲ"
ဟု ခပ်တိုးတိုးရေရွတ်မိနေသည်။ * * *

"သွားကိုက်တဲ့ဝေဒနာကို ကိုယ်တိုင်သွားကိုက်ဖူးမှ ကိုယ်ချင်းစာကြည့်လို့ရနိုင်တယ်ဗျ"
ဟု မော်စီတုန်းက ပြောလိုက်သည်။ ဟင်နရီကစ်ဆင်ဂျာက တည်ခင်းဧည့်ခံထားသော ရေနွေးကြမ်းမွှေးမွှေးကို ဇိမ်ခံသောက်ရင်း ပြုံးရုံသာ ပြုံးနေ၏ ။
"ခင်ဗျားက ဘာဖြစ်လို့ပြုံးတာလဲ"ဟု မော်စီတုန်းက မေးသည်။ ထိုအခါကျမှ ကစ်ဆင်ဂျာက သူ့ပါးစပ်ထဲမှာတပ်ထားသော သွားတုအံကပ်ကြီးကို ဖြုတ်ပြလိုက်သည်။ မော်စီတုန်းက မျက်မှောင်ကုတ်ပြီး
"သြော် ……ဒီလိုကိစ္စမျိုးရှိသလား"
ဟု ဆိုလိုက်လေသည်။                                                                                                       *   *    *

ဟေရာကလိုက်တပ်စ်သည် မြစ်ကမ်းနားဘက်သို့ နေ့စဉ်လမ်းလျှောက်ထွက်လေ့ရှိ၏ ။ ထို့ကြောင့်လည်း သူ၏ ကမ္ဘာကျော် အတွေးအခေါ်တစ်ခုကို စဉ်းစားမိခဲ့ခြင်းဖြစ်၏ ။ ပြောင်းလဲခြင်းဆိုင်ရာသီအိုရီပင်ဖြစ်၏။ လူတစ်ယောက်သည် မြစ်တစ်ခုအတွင်းသို့ နှစ်ကြိမ်မဆင်းနိုင်။ နောက်တစ်ကြိမ်ဆင်းလိုက်သောအခါ ပထမအကြိမ်ဆင်းခဲ့တုန်းကမြစ်ရေသည် ထိုနေရာတွင်မရှိတော့။ မြစ်ရေသည် အစဉ်အမြဲ စီးဆင်းနေသောကြောင့်ပင်ဖြစ်၏။
အထက်ပါသီအိုရီကြောင့် ဟေရာကလိုက်စ်သည် ကမ္ဘာကျော်အတွေးအခေါ်ပညာရှင်ကြီးအဖြစ်သတ်မှတ်ခံရသည်။ လူတွေက သူ့ကို အလွန်လေးစားကြသည်။ အချို့က ဦးညွှတ်အရိုအသေပေးကြသည်။ မြစ်ထဲမှာရေကူးရင်း ဆော့ကစားနေသော ကလေးတွေကတောင် သူ့ကိုမြင်သောအခါ
"ဦးလေးကြီး ၊ ကျွန်တော်တို့ မြစ်ထဲကို တစ်ခါပဲဆင်းရသေးတယ်နော်"
ဟု ဘာမှန်းညာမှန်းမသိ လှမ်းအော်ပြောကြသေးသည်။
အရှိန်အ၀ါက ဒီလောက်အထိဖြစ်နေပြီ။
သူသည် ကျေနပ်နှစ်သိမ့်စွာပြုံးရင်းလျှောက်လာခဲ့သည်။ မြစ်ကမ်းနဖူးတစ်နေရာမှာရပ်ပြီး မြစ်ကြီးကိုငေးကြည့်နေသည်။    ကြည့်ရင်း ကြည့်ရင်းက တစ်စုံတစ်ခုကို သတိပြုမိလိုက်ပြီး တုန်လှုပ်ခြောက်ခြားသွားရ၏ ။
"ငါမှားပြီ ၊ ငါမှားသွားပြီ"
ဟု ထိတ်လန့်တကြားရေရွတ်လိုက်၏ ။ အကြောင်းမှာ တကယ်တော့မြေကြီးက စီးဆင်းနေခြင်း မဟုတ်ဘဲ မြေကြီးက ရွေ့လျားနေခြင်းသာ ဖြစ်ကြောင်း သိလိုက်ရသောကြောင့်ပင်ဖြစ်လေ၏ ။
Sort:  

Vote ပေးမည်ဆို့ commant ပေးခဲ့ပါသည်😃😃😃

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 64561.21
ETH 3418.15
USDT 1.00
SBD 2.57