Mirror Bridge

in #esteem6 years ago

မကြာသေးခင်ကမှ ဖွင့်လှစ်လိုက်တဲ့ မြန်မာပြည်နယ်စပ်အနီး တရုတ်နိုင်ငံ ရင်ကျန်းမြို့အနားက မှန်ချပ်တွေနဲ့ ဆောက်လုပ်ထားတဲ့ မှန်တံတားဟာ ခုချိန်မှာ တရုတ်နိုင်ငံယူနန်ပြည်နယ် အတွင်း နေထိုင်သူများရော၊ မြန်မာနယ်စပ်မှာ နေထိုင်သူများ အကြားမှာပါ ရေပန်းစားနေပါတယ်။ မြန်မာနိုင်ငံကလူတွေ တော်တော်များများလည်း သွားရောက်လည်ပတ်ကြတာမို့ လမ်းညွှန်ဆိုင်းဘုဒ်တွေမှာ တရုတ်-မြန်မာ ၂ဘာသာနဲ့ ရေးထားတာကို တွေ့မြင်ခဲ့ရပါတယ်။ တံတားတစ်ခု ဆိုတာထက် ရှုခင်းကြည့် မျှော်စင်ဆိုရင် ပိုပြီး မှန်ပါမယ်။ ရှုခင်းကြည့်မျှော်စင်ဆီသွားတဲ့ လမ်းတစ်လျှောက်ရော ၊ ရှုခင်းကြည့်တဲ့ နေရာမှာပါ မှန်ချပ်တွေကိုကြမ်းခင်းအဖြစ် ခင်းးထားပြီး အကာအရံကလည်း မှန်တွေသာ ဖြစ်တာမို့ မိမိခြေထောက်ရပ်ထားတဲ့ အောက်ဖက်က ရှုခင်းကို အတိုင်းသား မြင်နေတော့ အသည်းထိတ်ဖို့ ကောင်းလှပါတယ်။ အမြင့်ကြောက်တတ်သူတွေ အတွက်တော့ တကယ့်ကို ရင်ခုန်စိတ်လှုပ်ရှားဖို့ ကောင်းနေမှာပါပဲ။ အချို့ကတော့ ခြေတစ်လှမ်းတောင် ဆက်ရွေ့လို့ မရတော့ပဲ အော်ဟစ်နေတာကြောင့် အခြားသူတွေက ဆွဲခေါ်နေရတာတွေလည်း တွေ့ခဲ့ပါတယ်။ အချို့ကတော့ သံယက်မဘောင်ကြီးတွေ ရှိတဲ့နေရာကနေ လျှောက်ကြပါတယ်။ အဲဒီတံတားဆီကို တစ်ရက်တစ်ရက်ကို လာလည်ကြသူတွေ မနည်းမနောပါပဲ။ မူဆယ်မြို့ကနေ တစ်ဖက်နိုင်ငံ ရွှေလီအရင်ကူးပါမယ်။ ရွှေလီကနေ တစ်နာရီခွဲခန့် မှန်တံတားဆီ ကားမောင်းရပါတယ်။ ရင်ကျန်းအထိ ဆိုရင်တော့ ၂နာရီခန့် ကြာပါမယ်။ image

တံတားအကြောင်း မေးထားသူတွေ ၊ စိတ်ဝင်တစား ရှိသူတွေ များတဲ့အတွက် အခြားအကြောင်းအရာများ ထက်အရင် ဒီမှန်တံတားအကြောင်းကို အရင်ဆုံး ရေးပေးလိုက်တာပါ။။ ဗီဒီယို file လေးတွေလည်း ထည့်ပေးထားပါတယ်။ ဒီနေရာလေးကိုတော့ အသည်းတထိတ်ထိတ် ရင်တဖိုဖို ခံစားချက်မျိုးကို နှစ်သက်သူတွေ သွားသင့်တဲ့ နေရာလေးတစ်ခုပါ။ မြန်မာပြည်နဲ့လည်း မဝေးတာမို့ အလွယ်တကူ သွားရောက်နိုင်ပါတယ်။

ဒီတံတားကို သွားချင်တယ်ဆိုရင်တော့ မူဆယ်မြို့ကို အရင်လာဖို့ လိုပါမယ်။ မူဆယ်ကို လာမယ်ဆိုရင် ရန်ကုန် ၊ မန္တလေးကနေ ညနေထွက်တဲ့ express ကားတွေ စီးလာရင် မနက်ဆို မူဆယ်မြို့ကို ရောက်ပါတယ်။ တောင်ကြီး၊ မိုးကုတ်ကနေလည်း တိုက်ရိုက်ကားတွေ ရှိပါတယ်။ image
တံတားဆီကိုတော့ ကျွန်မတို့ မြန်မာနိုင်ငံ နယ်စပ်မြို့ဖြစ်တဲ့ မူဆယ်ကနေ မနက်သွား ညနေပြန် သွားလာနိုင်ပြီး တရုတ်ပြည်ထဲ ဝင်ရောက်ဖို့ နယ်စပ်ဝင်ခွင့်စာအုပ် လုပ်ရပါတယ်။ နယ်စပ်ဖြတ်ကျော်ဝင်ခွင့် ၂မျိုး ရှိရာမှာ တရုတ်ပြည်တွင်း တစ်ပတ် နေထိုင်ခွင့်ကဒ်နဲ့(တစ်ကြိမ်သာ အသုံးပြုနိုင်) ၊ တစ်နှစ်အတွင်း အကြိမ်ကြိမ် ဝင်/ထွက် လုပ်နိုင်တဲ့ တစ်နှစ်သက်တမ်း စာအုပ် ဆိုပြီးတော့ ၂မျိုး ရှိပါတယ်။ သို့သော်လည် ယခုချိန်မှာတော့ တရုတ်ပြည်မှာ စစ်ဆေးမှုတွေ များနေတဲ့အတွက် တစ်နှစ်သက်တမ်း သုံးနိုင်တဲ့ စာအုပ် (စာအုပ်အနီလို့ အလွယ်တကူခေါ်ကြပါတယ်) နဲ့မှ အဲဒီ မှန်တံတားဆီ သွားဖို့ အဆင်ပြေတယ်လို့ သိရပါတယ်။ လမ်းမှာ စစ်ဆေးရေးဂိတ်တွေ ရှိပါတယ်။ အဲဒီ စာအုပ်အနီကတော့ မှတ်ပုံတင်နဲ့ လုပ်ရမှာဖြစ်သော်လည်း ရှမ်းပြည်နယ် မှတ်ပုံတင်ကိုင်ဆောင်သူ မဟုတ်ပဲ တစ်ခြားပြည်နယ် မှတ်ပုံတင်ကိုင်ဆောင်သူ ဆိုခဲ့ရင် မြန်မာငွေနဲ့ ၃၅၀၀၀ခန့် ကုန်ကျမယ်လို့ ခရီးသွားလုပ်ငန်းတစ်ခုက ရှင်းပြပါတယ်။ မှန်တံတားဆီသွားဖို့အတွက် ကားခကသက်သက် တစ်ဦးလျှင် (ဝင်ကြေးမပါ/စားသောက်စရိတ်မပါ) တရုတ်ငွေ 120/130ခန့် (မြန်မာငွေ 25000ခန့််) ကုန်ကျနိုင်ပါတယ်။ လူ ၄ယောက်/ ၅ယောက် စုပြီး ကားတစ်စီးငှား သွားကြတာမျိုး ပိုဆင်ပြေနိုင်ပါတယ်။ image

မူဆယ်မြို့မှာရှိတဲ့ ခရီးသွားလာရေး လုပ်ငန်းတွေနဲ့ ချိတ်ဆက်ပြီး သွားမယ်ဆိုရင်တော့ မှန်တံတားအပြင် ရင်ကျန်းမြို့အထိ ပို့ဆောင်ပေးပြီး ရင်ကျန်းမြို့ရဲ့ ဈေးကြီးရယ်၊ ကြာပန်းတွေနဲ့ သာယာလှပတဲ့ ရေကန်ကြီးတစ်ခုကိုလည်း ပို့ဆောင်ပေးတယ်လို့ သိရပါတယ်။ ကြာပန်းတွေ မရှိတဲ့ ရေကန်ရဲ့ တစ်ဘက်မှာတော့ ဝါးဖောင်တွေ အများအပြားရှိပြီး အဲဒီ ဝါးဖောင်တွေ အပျော်စီးနိုင်ပါတယ်။ ဝါးဖောင်တစ်စီးကို တရုတ်ငွေ ၃၀၊ မြန်မာငွေ ၆၀၀၀ကျော်ခန့်နဲ့ ငှားစီးနိုင်ပြီး လှေထိုးတဲ့သူ ခေါ်မယ်ဆိုရင်တော့ ၂၀ယွမ် အပိုထပ်ဆောင်းပေးရမှာပါ။ ရင်ကျန်းမြို့ကလည်း ရှမ်းလူမျိုးတွေ အများဆုံးနေထိုင်ကြပြီး ကျောက်အရောင်းအဝယ် လုပ်နေကြတဲ့ မြန်မာလူမျိုးတွေလည်း အများအပြားရှိတာကြောင့် မြန်မာမှုလက်ရာ စေတီပုထိုးတွေလည်း ရှိပါတယ်။
မှန်တံတား ခရီးစဉ်ကတော့ မရရှိဘူးသေးတဲ့ ရသတစ်မျိုးကို ခံစားရစေမှာမို့ စိတ်ဝင်စားသူများ သွားရောက်လည်ပတ်နိုင်ပါတယ်နော်။ image

မိတ်ဆွေများအားလုံး ပျော်ရွှင်စိတ်ချမ်းသာကြပါစေရှင့်။

ချောစုစုခိုင် (အစိမ်းရောင်လွင်ပြင်)

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.032
BTC 63701.36
ETH 3076.90
USDT 1.00
SBD 3.81