အတူတူနဲ့ အနူနူ

in #esteem6 years ago

image

အတူတူနဲ့ အနူနူ

တောထဲမှာ အူနေတဲ့ မြေခွေးကို အိမ်ခွေးက သွားဟောင်တယ်။ ခွေးခွေးချင်းခြေမြင်တယ်။ နင်ဘာကြောင့် ဟောင်၊ ငါဘာကြောင့်ဟောင်။

“ငါ့ဘာသာ တောထဲလွတ်လွတ်လပ်လပ် မဟောင်ရဘူးလား”

မြေခွေးကမေးတာ။ အိမ်ခွေးက

“တောထဲမှာ ခိုးစားချင်ရင် သိပ်မဟောင်နဲ့ကွ။ တိတ်တိတ်လေးနေရတယ်။ သိပ်ဟောင်ရင် ထွက်ပြေးကုန် မှာပေါ့” လို့ ပညာပေးတယ်။

ဒါကို မြေခွေးက မခံချင်ဘူး။

“ဟေ့ မင်းကငါ့ကို ခိုးစားသလေး ဘာလေးနဲ့ မင်းလို အိမ်ထဲနေပြီး အသင့်စားနေရတဲ့ကောင် မဟုတ်တော့ ပြောထားပေါ့။ ဒါပေမဲ့ မှတ်ထားကွ ငါက တောထဲမှာ ခိုးစားရုံ ခိုးစားတာ။ မင်းက အိမ်ထဲမှာ မသဒ္ဓါရေစာ စားနေတဲ့ သူတောင်းစား”

image

အိမ်ခွေးကလည်း မြေခွေးပြောတာ စိတ်ဆိုးတယ်

“ဟေ့ ခွေး သူခိုး”

“ဟဲ့ ခွေး သူတောင်းစား”

သူခိုးနဲ့ သူတောင်းစား အပြန်အလှန်ပြောရာက တောထဲမှာဆူတယ်ဆိုပြီး မျောက်တရားစီရင်ရေးအဖွဲ့ ဖမ်းတာ ကို ခံလိုက်ရတယ်။ မျောက်တရားသူကြီးက

“ဘာဖြစ်လို့ တောထဲဆူသလဲဟေ့”

“မှန်လှပါ ကျွန်တော်မျိုးကို ခွေးသူခိုးလို့ပြောပါတယ်”

“ကျွန်တော်မျိုးကိုလည်း ခွေးသူတောင်းစားတဲ့”

မျောက်တရားသူကြီးလည်း စဉ်းစားတယ်။ နှစ်ကောင်စလုံးက တစ်ကောင်ကိုတစ်ကောင်ပြောတာ ဟုတ်နေတာပဲ။

“တော်ကြစမ်း”

မျောက်တရားသူကြီးက သစ်ပင်ပေါ်ကနေ တရားစီရင်နေတာ။ တောထဲမှာ တရားစီရင်ရင် ဘက်မလိုက်ဘူး ဆိုတဲ့ သဘောနဲ့ သစ်ကိုင်းနှစ်ကိုင်းကိုဆွဲပြီး တွဲလဲခို စီရင်ရတယ်။

“ခွေးသူခိုး”

“ခွေးသူတောင်းစား”

မျောက်တရားသူကြီး စိတ်ဆိုးလာပြီ

“သူခိုးလည်းတော် … သူတောင်းစားလည်းတော်”

မျောက်တရားသူကြီးက အဲဒီစကားကို ရိုးရိုးပြောတာမဟုတ်ဘူး။ သူခိုးလည်းတော်လို့ပြောတဲ့အခါ သစ်ကိုင်းက လက်တစ်ဖက်လွှတ်၊ သူတောင်းစားလည်းတော်လို့ ပြောတဲ့အခါ နောက်သစ်ကိုင်းက လက်တစ်ဖက်လွှတ် ညွှန်ပြပြီး ပြောတာ

မျောက်လည်း သစ်ကိုင်းက လက်နှစ်ဖက်စလုံးလွှတ်လိုက်တော့ မြေပြင်ပေါ်ကို ဘုတ်ခနဲပြုကျ

“အင့်”

အားလို့တောင် မအော်နိုင်တဲ့ဘဝ

မြေခွေးနဲ့ အိမ်ခွေးက ထွက်ပြေးပြီး အော်သွားကြတာက

“ခွေးသူခိုး”

“ခွေးသူတောင်းစား”

တင်ညွန့်

photo : google

image

Coin Marketplace

STEEM 0.15
TRX 0.12
JST 0.025
BTC 55258.26
ETH 2459.89
USDT 1.00
SBD 2.19