perfect life
အောင်မြင်ခြင်းဆိုတဲ့စကားလုံးလေးက ကြားရမြင်ရ တာနဲ့တင် စိတ်ချမ်းသာစရာကောင်းနေတယ်။ ကြည်နူးစရာ၊ ကျေနပ်စရာကောင်းနေတယ်။ ဒီအသံကို လူတိုင်းကြားချင်ကြတယ်။ လူတိုင်းလူတိုင်းဟာ ဘာပဲလုပ်လုပ် ကိုယ်လုပ်သမျှ ကိုင်သမျှ အရာအားလုံးကို အောင်မြင်ချင်ကြတဲ့သူတွေချည်းပါပဲ။အောင်မြင်ဖို့အတွက်ဆိုပြီးတော့ ကျားကုတ်ကျားခဲ ကြိုးစားကြတယ်။ ကြိုးစားရင်းလည်း ပျော်နေတယ်။ မအောင်မြင်ခင်ကြားကာလမှာ ကိုယ်စိတ်ပင်ပန်းမှုတွေလည်း ရှိနိုင်ပေမယ့် ကိုယ်ဟာ အောင်မြင်မှုလမ်းစပေါ်ကို လျှောက်နေတာပါလားဆိုတဲ့ အသိဝင်လာချိန်မှာတော့ စိတ်ကပျော်နေပြန်တယ်။ ပျော်ပျော်ကြီးနဲ့ ဆက်ကြိုးစားလို့ အောင်မြင်မှုပန်းတိုင်ကိုရောက်လာပြန်တော့ မအောင်မြင်ခင်က မျှော်လင့်ထားခဲ့တာထက်ကို ပိုပြီးတော့ ပျော်ရပြန်တယ်။အောင်မြင်ခြင်းမှာ ကောင်းကျိုးတွေ ရှိသလိုမျိုး မအောင်မြင်ခြင်းမှာကျတော့ ဆိုးကျိုးတွေရှိနေတယ်။ အလုပ်တစ်ခုကို သူငယ်ချင်းနှစ်ယောက် သုံးယောက်ဖြစ်စေ၊ အဖွဲ့အစည်းနှစ်ဖွဲ့ သုံးဖွဲ့ဖြစ်စေ၊ ဒီထက်ပိုလို့ဖြစ်စေ အတူတူ တစ်ပြိုင်တည်းကြိုးစားကြတယ်။ အချိန်ကာလတစ်ခုမှာ တစ်ယောက်ယောက်က၊ တစ်ဖွဲ့ဖွဲ့က အောင်မြင်မှုကို ရသွားတယ်ဆိုပါစို့၊ မအောင်မြင်တဲ့သူရဲ့ စိတ်ထဲမှာ စနိုးစနောင့်၊ အဖုအထစ်လေးတွေဖြစ်လာတယ်။ တစ်ဖက်လူရဲ့အောင်မြင်မှုကို လှိုက်လှိုက်လှဲလှဲ အသိအမှတ်မပြုနိုင်ဘူး။ ဝမ်းသာအယ်လဲမဖြစ်လာနိုင်တော့ဘူး။ ဂုဏ်ယူပါတယ်၊ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်လို့ လောကွတ်စကားတွေနဲ့ ဂုဏ်ပြုပြောကြားဖြစ်လိုက်ပေမယ့် တကယ့်စိတ်ရင်းအမှန်ကတော့ သိပ်ပြီးတော့ ဝမ်းမသာနိုင်ဖြစ်သွားတတ်တယ်။ ဒါကို ဣဿာလို့ခေါ် သတဲ့။
ဆရာတော်ကြီးတစ်ပါးကတော့ ဣဿာကို အလွယ်အကူဆုံး၊ အရိုးရှင်းဆုံးဖွင့်ဆို ရှင်းပြတော်မူခဲ့ပါတယ်။ ကိုယ့်အိတ်ထက် သူ့အိတ်က သာသွားတဲ့အချိန်မှာ ဣဿာတွေ ဖြစ်တတ်တာပါပဲတဲ့။ ဒီဣဿာဆိုတဲ့ မနာလိုစိတ်ကလည်း အချင်းချင်းတွေကြားမှာမှ ပိုပြီးဖြစ်တတ်တာနဲ့တူပါရဲ့။ ဥပမာဆိုပါတော့၊ ကမ္ဘာ့အဆင့်သုံးလောက် စာရင်းဝင်တဲ့ သူဌေးကြီး တစ်ယောက် စီးပွားရေးတွေတက်ပြီး ကမ္ဘာ့အဆင့်တစ် သူဌေးကြီးအဖြစ် ရပ်တည်သွားနိုင်တယ်ဆိုပါစို့။ ဒီအကြောင်းကို ကြားသိလိုက်ရတဲ့ သာမန်လူတန်းစားတို့အဖို့ ဘာစိတ်ခံစားချက်မှ ထူးထူးခြားခြား ဖြစ်မိမှာမဟုတ်ပါဘူး။ ကိုယ့်နိုင်ငံအတွင်းမှာ ဘယ်သူတော့ ဘယ်လောက်အထိ ချမ်းသာသွားပြီတဲ့လို့ ကြားလိုက်ရရင်လည်း သိပ်ပြီးတော့ ဝမ်းနည်းဝမ်းသာဖြစ်နေမိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ်နဲ့ တန်းတူရည်တူ လုပ်ကိုင်စားသောက်နေတဲ့ မိသားစုလေးတစ်စု၊ သူငယ်ချင်းလေးတစ်ယောက်က ကြိုးစားရင်း ကြိုးစားရင်းနဲ့ ကိုယ့်ထက် အများကြီးသာသွားတာမျိုးကို ကြုံရရင်တော့ ဘဝင်မကျတာလိုလို၊ လက်မခံချင်တာလိုလိုနဲ့ အမျိုးအမည် သိပ်မသဲကွဲတဲ့ ဝေဒနာမျိုးတွေ ခံစားမိတတ်ကြပါတယ်။ ကြိုးစားဖော် ကြိုးစားဖက်တစ်ယောက် အောင်မြင်သွားတာကို ဝမ်းသာအားရ လက်ခုပ်မတီးနိုင်တဲ့အဖြစ်မျိုးတွေ ဖြစ်တတ်ကြပါတယ်။အမှန်တော့ ဒါကို သိမ်ငယ်စိတ်ဝင်သွားတယ်လို့များ ပြောနိုင်မလားမသိပါဘူး။ တစ်ဖက်လူ အောင်မြင်သွားချိန်မှာ ကိုယ်ကမအောင်မြင်ဘဲကျန်ရစ်တော့ ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်သလိုလိုတွေဖြစ်ပြီး ကိုယ့်ဘာသာကိုယ် မကျေမနပ် ဖြစ်ရာကတစ်ဆင့် အောင်မြင်သွားတဲ့ သူကို ရမယ်ရှာပြီး မကျေနပ်ဖြစ်သွားကြဟန် တူပါရဲ့။ တကယ်ဆို တစ်ဖက်လူရဲ့ အောင်မြင်မှုကို မုဒိတာပွားနိုင်ကြရမှာပါ။
Nice content. Lot of hard work.