Sports
အားကစားဖြင့်နိုင်ငံ့ဂုဏ်ဆောင်ကြခြင်း
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးမြို့ ၌ကျင်းပသော ရီယို ၂၀၁၆ အိုလံပစ်ပွဲတော် ကြီးပြီးဆုံးသွားခဲ့ပါပြီ။ ဤပွဲတော်ကြီးတွင် မူလခန့်မှန်းထားခဲ့ကြသည့် အတိုင်း အမေရိကန် အားကစားသမားများက ဒုတိယနှင့် တတိယနေရာတွင် ရှိသော ဗြိတိန်နှင့် တရုတ်နိုင်ငံတို့ထက် ဆုတံဆိပ် တစ်ဝက်နီးပါး အသာဖြင့် နိုင်ငံအလိုက် ပထမနေရာကို ဆွတ်ခူးရရှိ သွားသည်။
အိုလံပစ် ပွဲတော်ကြီးတစ်ခုကို စီစဉ်ရခြင်းမှာ ငွေကုန်ကြေးကျများ လှသည်။ ဒေါ်လာသန်းရာနှင့်ချီသော အားကစားကွင်းများ၊ သောင်းနှင့်ချီသော ဧည့်သည်များအတွက် နေရာထိုင်ခင်းများ ဖန်တီးရခြင်းဖြင့် ဒေါ်လာဘီလီယံနှင့် ချီသော ငွေကြေးအကုန်အကျခံ သုံးစွဲကြရသည်။ ထို့ကြောင့်ပင် စီးပွားရေးကျနေသော ဘရာဇီးနိုင်ငံတွင် မကျင်းပသင့် ကြောင်း အချို့သော အတိုက်အခံအင်အားစုများက ဆန္ဒပြမှုများပြုလုပ်ခဲ့ ကြသည်ကို တွေ့ မြင်ခဲ့ကြရပေသည်။ သို့သော် အိုလံပစ်ပွဲကျင်းပဖို့ အလှည့် ကျရန်စောင့်ရခြင်းမှာ လွယ်ကူလှသည် မဟုတ်သောကြောင့် ဘရာဇီးအစိုးရ မှ ပွဲကြီးဖြစ်မြောက်ရေး ကြိုးစားပမ်းစား အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် အိုလံပစ်ပွဲတော်ဆိုသည် ကမ္ဘာတွင် ဂုဏ်သိက္ခာအကြီးဆုံး အားကစားပြိုင်ပွဲဖြစ်သည့်အပြင် မိမိနိုင်ငံ၏ ယဉ်ကျေးမှုများ၊ ရိုးရာ အစဉ်အလာများကို ထုတ်ဖော် ပြသရာလည်းဖြစ်သည်။ ထိုပွဲတော်ကြီးမှ တစ်ဆင့် ကမ္ဘာ့နိုင်ငံသားများ အချင်းချင်းကြား ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်နိုင်ခြင်းနှင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းများနှင့် စီးပွားရေး လုပ်ငန်းများအတွက်ပါ အကျိုးကျေးဇူး ဖြစ်ထွန်းလာစေနိုင်သော အားကောင်းချက်များလည်းရှိပေသည်။ ၎င်းပြင် ကမ္ဘာ့အိုလံပစ်ပွဲများမှ သမိုင်းတွင်သော ဗိသုကာလက်ရာများကိုလည်း ပေါ်ထွက်စေသည်။ တရုတ်နိုင်ငံတွင် ကျင်းပသော ပီကင်း ၂၀၁၂ အိုလံပစ်တွင် ဗဟိုအားကစားကွင်းဖြစ်ခဲ့သော ငှက်သိုက်ပုံ အားကစားကွင်းမှာ ရင်သပ်ရှုမောဖွယ် ဗိသုကာလက်ရာဖြစ်ခဲ့သည်။ တရုတ်အိုလံပစ်သည် ကမ္ဘာ့အိုလံပစ်သမိုင်း တွင် လူအင်အားအများဆုံးနှင့် အဆန်းတကျယ် ခင်းကျင်းပြသမှုအများ ဆုံး ပါဝင်ခဲ့သည်။ ဤသည်မှာ လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး နှင့် ယဉ်ကျေးမှု အဆင့်အတန်းကို ဖော်ပြခြင်းလည်းဖြစ်သည်။
အားကစားပြိုင်ပွဲများတွင် မီတာ ၁၀၀ ပြေးပွဲသည် လူသားတို့၏ အံ့မခန်းစွမ်းအားကို ပြသရာဖြစ်သည်။ ဘောလုံးသည် စုပေါင်းစွမ်းရည် ကိုဖော်ပြသည့် ဂန္ထဝင်အားကစားဖြစ်သည်။ မာရသွန် မီတာ တစ်သောင်း စသည့်ပြေးပွဲများသည် လူသားတို့၏ ဇွဲ၊ ကြံ့ခိုင်မှု၊ ခံနိုင်ရည်စသည်တို့ကို အကောင်းဆုံး စမ်းသပ်သည့်ပြိုင်ပွဲများဖြစ်သလို ကြက်တောင်၊ တင်းနစ် အပါအဝင် အခြားသော အားကစားများမှာလည်း လူတို့၏ ထက်မြက်မှု၊ ဉာဏ်ရည်ဉာဏ်သွေး အဆင့်တို့ကို ဖော်ပြခြင်းဖြစ်သည်။ ၁၉၆၄ ခုနှစ် တိုကျို အိုလံပစ်ကာလက အမေရိကန် အားကစားသမား ဘော့ပ်ဟေးလ်၏ မီတာ ၁၀၀ စွမ်းရည်ကိုမြင်တွေ့ခဲ့ကြရပြီး ယခု ရီယိုအိုလံပစ်တွင် ဂျမေကာ အားကစားသမား အူစိန်ဘော့ပ်၏ အံ့မခန်း အပြေးစွမ်းရည်များကို တွေ့ ကြရသည်။ ယခု ကွင်းပိတ်ပွဲနေ့က ၂၀၂၀ တိုကျိုအိုလံပစ်လက်ခံ ကျင်းပမည့် ဂျပန်နိုင်ငံကိုယ်စား ဝန်ကြီးချုပ်ရှင်ဇိုအာဘေးက နာမည် ကျော်ဂိမ်းဇာတ်ကောင် ဆူပါမာရီယို အဝတ်အစားဝတ်ပြီး ဘောလုံးအနီ တစ်လုံးကိုကိုင်လျက် ပရိသတ်ရှေ့ထွက်ပေါ်လာခဲ့သည်။
အားကစားသည် အမျိုးသားရေးဇာတိမာန်ကို ထင်ထင်ရှားရှား ဖော်ပြနိုင်သောနေရာဖြစ်သလို နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးနှင့် လူနေမှု အဆင့်အတန်းကိုလည်း ဖော်ပြရာဖြစ်သည်။ ထို့ကြောင့်ပင် ဂိုလ်းမင်းဆာ့ခ်ျ ဘဏ်ကြီးက အိုလံပစ်ပြိုင်ပွဲ၏ ရွှေတံဆိပ်ရမှု အနေအထားသည် နိုင်ငံ တစ်နိုင်ငံ၏ စီးပွားရေးအခြေအနေနှင့် တိုက်ရိုက် အချိုးကျတတ်သော ကြောင့် ရီယိုအိုလံပစ်တွင် နိုင်ငံအလိုက်ရပ်တည်မှုမှာ အမေရိကန် ပြည်ထောင်စုက ဆက်လက်ဦးဆောင်မည်ဖြစ်ပြီး တရုတ်ပြည်သူ့သမ္မတ နိုင်ငံက ဒုတိယနေရာကိုသာ ဆုပ်ကိုင်နိုင်လိမ့်မည်ဟု ဟောကိန်းထုတ်ခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံသည်လည်း ဆယ်စုနှစ်ပေါင်းများစွာ အာဏာရှင်စနစ် များ၊ တံခါးပိတ်စီးပွားရေးဝါဒများ ကျင့်သုံးခဲ့သည့်အတွက် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အဘက်ဘက်တွင် အထွေထွေနိမ့်ဆင်း မှုကြီးဖြစ်ခဲ့ရာ အားကစားသည်လည်း အပါအဝင်ဖြစ်ခဲ့သည်။ မြန်မာ သည် တစ်ချိန်က အရှေ့တောင်အာရှတွင် အလားအလာ အကောင်းဆုံးနိုင်ငံ ဖြစ်ခဲ့သလို အားကစားတွင်လည်း အာရှအဆင့်အထိ ထွန်းပေါက်မှုများရှိခဲ့ သည်။ ထိုသို့သော ထွန်းပေါက်မှုများမှာ ၁၉၇၀ ခုအလွန်နှစ်များလောက် အထိ အရှိန်ရှိခဲ့ပြီး နောက်ပိုင်းတွင်မူ အရှေ့တောင်အာရှတွင်ပင် နောက်နားလေးမှပါနေရသော အခြေအနေဖြစ်လာခဲ့သည်။ လူမှုစီးပွား ရေးဘ၀များ နိမ့်ကျမှုကာလရှည်ကြာလာသောအခါ မြန်မာလူငယ်များ ခန္ဓာကိုယ်ကြီးSportsထွား ကြံ့ခိုင်မှု၊ အာဟာရဓာတ်ပြည့်ဝမှု လျော့နည်းကျဆင်း လာသည်။ ထိုအခါ အားကစားဖြင့် အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားရေး ဆိုသည်မှာ စိတ်ကူးယဉ်အိပ်မက်ပမာဖြစ်လာသည်။
ယခုအခါ အခြေအနေအရပ်ရပ်ကို အဖတ်ဆယ်နေရသော အချိန် ဖြစ်လာသည်။ အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုသော လုပ်ငန်းစဉ် အောက်တွင် တိုင်းပြည်တည်ငြိမ်ရေး၊ စီးပွားရေး၊ ဖွံ့ ဖြိုးရေးလုပ်ငန်းများစွာ လုပ်ဆောင်ကြရပါမည်။ စီးပွားရေးဖွံ့ ဖြိုးမှု ဆယ်စုနှစ်များချီ၍ရှိလာပါမှ အမျိုးသားကျန်းမာကြံ့ခိုင်ရေး အားကောင်း လာမည်ဖြစ်သည်။ ထိုအချိန် မျိုးရောက်မှသာ နိုင်ငံ့ဂုဏ်ဆောင် အားကစားမောင်မယ်များအား အခြားသော စီးပွားရေးကောင်းသည့်၊ နိုင်ငံရေးတည်ငြိမ်သည့် နိုင်ငံများ နည်းတူ မွေးထုတ်နိုင်မည်ဖြစ်ကြောင်း တင်ပြလိုက်ရပေသည်။ ။
