Un Quickly Myanmar

in #esteem8 years ago

#ချိုသောဆွီဒင် #မထိုင်းသောထိုင်း #နှင့် #မမြန်သော_မာ

2015 အလုပ်ကိစ္စနဲ့ Sweden (၂)ခေါက်ရောက်တုန်းက ခံစားမှုတခု အကြောင်း ပြောချင်ပါတယ် ။

ဂီတ က လွဲရင် တခြားကိစ္စတွေ အာရုံသိပ်မရှိခဲ့တဲ့ လူတယောက်ရဲ့ဟိုကြည့် ဒီကြည့် အပေါ်ယံ ခံစား
သုံးသပ်ချက် တွေပေါ့ ။

ကျနော်တို့ အရင်ဆုံး Thaiကိုကြိုသွားပြီး ထုံးစံအတိုင်း
Visa ကိစ္စ လုပ်ကြပါတယ်။ ( မြန်မာနိုင်ငံ နဲ့ ဆွီဒင် ဟာ သံရုံး ရှိရလောက်အောင် မိတ်ဆွေမဖြစ်သေးတဲ့သဘော
ဖြစ်လို့ Thai မှတဆင့်သာ Visaဝင်ရတယ်လို့ ကျနော်
နားလည်ထားတယ်)

ကျနော်တို့လည်း ထိုင်းမှာ visa ကိစ္စကလွဲရင်
ဘာအလုပ်မှ မရှိကြလို့ စားနေကျ ဆိုင်တချို့ သွားစား,
မစားရသေးတဲ့ ပင်လယ်စာအကင်စုံတွေရှာစားကြ
ဈေးဝယ်ပတ်ကြ နဲ့ ရှိနေကြပါတယ် ။
ဘန်ကောက်ပါးဝနေတဲ့သူတွေကလည်း များတော့ အဆင်တပြေ စားဖြစ်သောက်ဖြစ်ခဲ့ကြပါတယ် ။

ပြဿနာက ဟိုရောက်မှ စပါတယ် ။

လေယာဉ်ပေါ်က ဆင်းလို့ အေးမြပြီး လှပတဲ့ ဥရောပ
မြို့တော်တခုဖြစ်တဲ့ Stockholm ရဲ့ အရသာကို ခံစား
ငေးမောရင်း ဟိုတယ်ကိုအရောက် ဗိုက်ဆာလာကြ ပါတယ် ။

တာဝန်ခံ စီစဉ်သူ လူကြီးမင်းတွေက စေတနာကြီးမားစွာနဲ့ ဥရောပစားသောက်ဆိုင်တဆိုင်မှာ ဥရောပအစားအစာများကို ဝိုင် အလျှံပယ်နဲ့ ကျွေးမွေးတည်ခင်း ဧည့်ခံပါသော်လည်း ..

ငပိပါးစပ် , မချဉ်မစပ်ရင် သေတောင်မှမစားဘူးပါးစပ် ,
ထမင်းမှမစားရရင်ငိုချင်တယ်ပါးစပ် ပိုင်ရှင်တွေချည်း
ကျနော်တို့မှာ များကြလေတော့မျက်နှာတွေကပျက်ချင်
ချင် နိဂုံးချုပ်သောအခါ ဝိုင်ကိုသာ ဖိကာ ဖိကာ
သောက် ကြရှာလေကုန်သတည်းပေါ့ဗျာ ။

အဲသလို မျိုး (၂)ခါလောက် ဖြစ်လာတော့ တာဝန်ခံတွေ
လည်း ရိပ်မိလာ,အာရှထမင်းဟင်း ချစ်သူများကလည်း
တောင်းဆိုကြ နဲ့ Stockholm မြို့ပေါ်မှာ ထမင်းနဲ့ဟင်း
စားနိုင်မယ့် ဆိုင်တွေကို စဉ်းစားရှာဖွေကြပါတယ် ။

တကယ်တမ်း တည်းခိုခန်းနဲ့ မနီးမဝေး တရပ်ကွက်ထဲမှာတောင် ထိုင်းစားသောက်ဆိုင်(၂)ဆိုင်တွေ့ပါတယ် ။
ဘာပြောကောင်းမလဲ? ထိုင်းပြန်ရောက်သလို ဝမ်းသာ အားရ တွယ်လိုက်ကြတဲ့ ဖြစ်ခြင်း ။

နောက်တော့ တနေရာဝေးဝေး သွားရတိုင်း ထမင်းစားချိန်ရောက်ရင် အဲဒီ့နားမှာ ထိုင်းဆိုင်ရှိပါစေ လို့ ကြိတ်ဆုတောင်းနေကြပါတယ် ။ အံ့ဩစရာ ကောင်းပုံက
တဆိုင်လောက်တော့ အမြဲ ကျနော်တို့အတွက်ရှိတယ်။

ဆိုင်တိုင်း ဆိုင်တိုင်း မီဇိုဟင်းရည်ဝါဝါလေး ပူပူနွေးနွေး
မီးဖိုပေါ်တင်ပေးထားပြီး ကြိုက်သလောက် freeခပ်ယူ
သောက်ခွင့် ပေးထားတဲ့ အစီအစဉ် ကတော့ ကျနော် အကြိုက်ဆုံးဘဲ ။(နောက်တော့ ကျနော်နဲ့ အကြိုက်တူတဲ့ Chan Aye Win က ဒီဟင်းရည်လေးများ ရန်ကုန်မှာကျ အလကားမရဘူးရောင်းစားတာ လို့ သတိတရ ပြောပါတယ် )

စားရင်း သောက်ရင်း ဆိုင်ထဲကြည့်လိုက်တော့
အာရှတိုက်သားတွေ ရှိသလို လူဖြူတွေလည်း သူတို့ရဲ့
အလုပ်လက်ကိုင်အိတ်တွေကို ဘေးချလို့ အတော်များများ စားနေသောက်နေကြပါတယ် ။

စိတ်ထဲ နည်းနည်းတော့ ကြည်နူးသွားတယ် ။ အာရှ
အစားအသောက်ကို သူတို့လည်း ခုံခုံမင်မင် စားလာကြ
တာတွေ့ရတော့ ဘာရယ်မဟုတ် ကြည်နူးသလိုလို ကျေနပ်သလိုလို ခံစားရတာပါ ။

အဲသလို နဲ့ အသံသွင်းရမယ့် Studioဆီ ရောက်ကြတယ် ။
ဝမ်းသာစရာ သတင်းက ခြေလျင် (၁၀)မိနစ်လောက်သာ လျှောက်သွား ထိုင်းဘူဖေးဆိုင် တဆိုင်တော့ ရှိသတဲ့။ အိုကေလိုက်တာပေါ့ ။

နောက်ရက်တွေကျ Uppsala ဆိုတဲ့ မြို့လေးတမြို့ဆီ
သွားကြပြန်တယ် ။ ဒီတခါတော့ မြို့တော် Stockholm
မဟုတ်လို့ စိတ်လျှော့ထားရတယ် ။ တနပ်တလေလည်း
ဥရောပသားလို ကျင့်ကြရပေမပေါ့ တွေးကြတယ်။

အထင်နဲ့ အမြင်လွဲတယ်။တရုပ်ဆိုင် တဆိုင်တွေ့လို့ ဝင်စားတော့မယ်လုပ်တုန်း ဒေသခံက ပိုကောင်းမယ့် ထိုင်း
ဆိုင်တဆိုင် ခေါ်သွားတယ် ။ ဟား လူစည်ချက် ။ စား
လို့လည်း ကောင်းတယ် ။
(ကလေးသူငယ်တွေအတွက် ကျောင်းသားများအတွက်
အထူးသင့်တော်တဲ့ဆိုင် ဆိုလား? ကျနော်တို့ ကလည်း
ငယ်သေးတော့ တော်သေးတာပေါ့ ဘာညာပေါ့ )

နောက်တော့ ...

တဖြည်းဖြည်း သဘောပေါက်စပြုလာပါတယ် ။

ထိုင်း ဟာ ရည်ရွယ်ချက် ရှိရှိ လုပ်ဆောင်နေတာကိုး ။

နေထိုင်သူ အာရှသား အလွန်နည်းသေးတဲ့ ( မြန်မာနဲ့ဆို
သံရုံးတောင် ကောင်းကောင်းမရှိသေးတဲ့) ဆွီဒင် လို နိုင်ငံရဲ့ မြို့ကြီးမြို့ငယ်တိုင်း ရပ်ကွက်တိုင်းနီးပါးမှာ ထိုင်း
ရိုးရာ စားသောက်ဆိုင်တွေခြေကုပ်ယူထားလိုက်ပြီကိုး။

ကျနော် ချက်ချင်း ကောက်ချက်ဆွဲမိသွားတယ် ။

ထိုင်း = တရုတ် အသစ် ဘဲ ။

ကမ္ဘာကို တချို့နေရာတွေမှာ တရုတ် ထက် ပိုမြန် ပိုစိမ့်ဝင်ဘို့ ကြိုးစားနေတဲ့သဘောတွေ မြင်နေရတယ် ။

သူ့နိုင်ငံမှာဖြစ်ဖြစ် သူများနိုင်ငံမှာဖြစ်ဖြစ်
ရိုးရာအနှိပ်ခန်းနဲ့ဖြစ်ဖြစ် ရိုးရာစားသောက်ဆိုင်နဲ့ဖြစ်ဖြစ်

Uppsalaလိုမြို့လေးမှာတောင် သူတို့ရဲ့စားသောက်
ဆိုင် ဈေးကွက်ပြိုင်ဆိုင်မှုကို မြင်နေရတယ် ။
နာမည်ကျော် တရုတ်စားသောက်ဆိုင် (၇)ဆိုင် , နာမည်
ကျော် ထိုင်းစားသောက်ဆိုင်က (၁၃)ဆိုင် ။

ခေါင်းထဲမှာ တွေးရင်းတွေးရင်း စိတ်မကောင်းခြင်းများစွာ နဲ့ မခံချင်စိတ်မီး စလောင်ပါတော့တယ် ။

ကျနော်တို့ မြန်မာတွေကျ အဲသလိုမဖြစ်ရဘူး ။
ဘယ်သူမှ လည်း ကြိုးစားနေတာ သေချာမမြင်ရဘူး ။

တကယ် ဆို ကျနော်တို့မှာ ထိုင်းထက် ပိုကောင်း ပိုစုံလင်
တဲ့ အရသာရှိတဲ့ ဟင်းတွေ ဟင်းရည်တွေ .. အများကြီး
ထိုင်းတွေလိုဘဲ ကိုယ့်ရိုးရာ အရသာလည်းမပျက် နိုင်ငံတကာက လူတွေလည်း စားနိုင်တဲ့အရသာဖြစ်အောင် မွမ်းမံစီရင် နိုင်တာဘဲဟာ ။

အဲဒီ မီးက ကိုယ့်အိမ်ပြန်ရောက်တဲ့အထိ စွဲနေလို့ မကြာခဏ.. တကမ္ဘာလုံးကြိုက်တဲ့ မြန်မာထမင်းဆိုင်တွေ ဖွင့်လို့ရတယ် , အားလုံးကိုပြောမရရင် ငါကိုယ်တိုင် ထွင်ပြ လုပ်ပြမယ် , မအောင်မြင်ရင် ကြိုက်သလိုပြော ,
လောင်းကြေးစားကြေးတောင် လုပ်ပြလိုက်ချင်သေး ..

အဲလို အထိ ဖြစ်လာလို့  ကိုယ့်ဖာသာ ပြန်ဆုံးမရတယ်။
" အဲဒါ မင်းအလုပ်လည်း မဟုတ်ဘူး ။ မင်း စတွေးတာ လည်းမဟုတ်လောက်ဘူး ။ အဲဒီနေရာရောက်ရင် မြန်မာတိုင်း တွေးဖူးမှာဘဲ ။ နိုင်ငံတကာ အရသာ ဝင်ချင်
ရင် ကိုယ်နဲ့ဆိုင်တဲ့ သီချင်းဂီတသာ ကြိုးစား "

ဒါပေမယ့် မခံချင်စိတ်နဲ့ ရောင်းပြလိုက်ချင်တုန်းပါဘဲ ။
(ဟိုတရက် က အမေရိက က ပဲပြုတ်သည်တွေ့တော့
ဝမ်းသာတယ်။ဒါပေမယ့် သူ့ targetက မြန်မာ , ပဲပြုတ်လွမ်းတဲ့မြန်မာတွေ ကို ရည်ရွယ်တာ ။ နိုင်ငံတကာ
လူတွေပါ အရသာတွေ့လာပါစေ ဆုတောင်းပါတယ်)

Sweden ရဲ့ သဘောထားက သဘောကောင်းချင်တဲ့
သူဌေးလေသံမျိုး ။ " ငါတို့ အရမ်းမချမ်းသာပါဘူး
ဒါပေမယ့် အားလုံးကို ငါတို့လို မကြောင့်မကြနေထိုင်ရဘို့တော့ ငါတို့ကူညီချင်ပါတယ် " လို့ ဆိုတယ်။

သူတို့နိုင်ငံ ဟာ သိပ်တော့ သေးတယ်လို့ပြောမရဘူး။
မြန်မာနိုင်ငံ ရဲ့ ၂/၃ လောက်ရှိတယ် ။ လူဦးရေ ကကျ
(၁၀)သန်းဘဲ ရှိသေးတယ် ။

အဲလို အကျယ်အဝန်း နဲ့ အဲလို ကူညီချင်စိတ် နဲ့ ဆိုတော့
အကုန် ပြေးဝင်လာနေကြတယ်။ဆီးရီးယားလူမျိုးတွေ
လမ်းပေါ်မှာ တောင်းနေတာ တွေ့ရမယ် ။ ထိုင်း လို
ဈေးကွက်ချဲ့ချင်သူတွေ အတွက်လည်း အကြိုက်ပေါ့ ။

(ဗီယက်နမ်ဆိုင်တချို့ နောက်က လိုက်လာနေတယ်။)

တည်းခိုတဲ့ ဟိုတယ်ပြန်ရောက်လာတော့ Sunday
ညနေခင်း မို့ Jazz band တဖွဲ့ တီးနေတယ် ။
အရမ်းကောင်းတယ် ။ အဆိုရော အတီးရော ။

သီချင်းဆိုတဲ့ မိန်းကလေး ကို Album ထွက်ထားလား? ဝယ်လို့ရလား? ဘာညာနဲ့ ကျနော်တို့ မေးကြရင်း နဲ့
သိလိုက်ရတယ် ။

အဆို အရမ်းကောင်း ရုပ်လေးလည်း ချောမောသန့်ပြန့်
သော မိန်းကလေး ဟာ ထိုင်းဆွိဒစ်ရှ် ကပြားစပ်မလေးပါတဲ့။ တော်ပါတယ် Thai ရယ် အဲ .. တော်ပါတယ် သမီးရယ် သမီးမိဘတွေလည်းတော်တယ် အဖိုးအဖွားတွေလည်း တော်ခဲ့ကြပုံရပါတယ် ။

သဘောကောင်းပြီး ကူညီချင်နေတဲ့ ဆွီဒင် ဟာ ကမ္ဘာစစ်
တုန်းကလည်း ပါခဲ့ပုံမရဘဲ ' ငါတို့ စစ်မဖြစ်တာ အနှစ်
(၂၀၀)လောက်ရှိပြီ'လို့ အဘိုးကြီးတယောက်ပြောတာ
ကြားလိုက်မိသလိုပါ ။

ဘယ်လောက်ကြာမှန်း မသိပေမယ့်
စစ်တပ် အဆောက်အဦးတွေ စစ်စခန်းတွေ များစွာ ကို ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တွေ , ပညာသင်ကြားရေးအဆောက်အဦတွေ အဖြစ်
ပြောင်းလဲပစ်လိုက်တာ သူတို့ရှင်းပြလို့ သိရပါတယ်။

ဒါတွေ ဒါတွေကို ကျနော်တို့မြန်မာတွေသာ သတင်း
တွေ မှောင်ပြီး မသိခဲ့ သတိမထားမိခဲ့ကြပေမယ့် မျက်စိ
လျင်ပြီး နိုးကြားတဲ့ ထိုင်း က ရေကြည်ရာ မြက်နုရာ ရှာ
ခဲ့ ခြေကုပ်ယူခဲ့ပုံ ရပါတယ် ။

ကျနော်တို့ မြန်မာတွေ ခမျာတော့ အားနည်းချက် ရှိတဲ့ နေရာမှာ ဘက်စုံထူးချွန်ခဲ့ရရှာလေတော့ ..' မြန်မာ '
ဆိုတဲ့ နာမည်နဲ့လိုက်အောင် မမြန် ဘူး ။ နှေးနေတယ်။
မာ တော့ မာတယ် ။ ခေါင်းမာတာ ။ မဟုတ်တဲ့ နေရာ
တွေမှာ ခေါင်းမာမိနေတာ ။ မပြောင်းဘူး မပြင်ဘူး။

ဒီ စာစု ကို " #ချိုသောဆွီဒင် #မထိုင်းသောထိုင်း
#နှင့် #မမြန်သော_မာ လို့ နာမည်ပေးရင် ပိုသင့်တော်
မယ်လို့ စဉ်းစားနေမိပါတယ် ။

2015 က အတွေးစဟာ 2017 ကိုကျော် အခု 2018 ကို ရောက်လာခဲ့ပြီ ။

အံ့ဖွယ် အပြောင်းအလဲတခု မြင်လာရတယ် ။

ကျနော် နေထိုင်တဲ့ ရပ်ကွက်အနီး ရတနာလမ်း နဲ့
ဝေဇယန္တာလမ်းတွေပေါ် မှာ အရမ်းစည်ကားခဲ့ပြီ ။
စားသောက်ဆိုင်(၂၀)နီးပါးလာရောက် ဖွင့်လှစ်ကြတယ်

သေချာကြည့်လိုက်တော့ ထိုင်းဆိုင်က(၇)ဆိုင်လောက်
ဟား ! ပြောရင်းဆိုရင်း အိမ်အနားထိပါ ထိုင်းဆိုင်တွေ
ရောက်လာပြီဟ !! 😮😕

ကိုးရီးယား က (၄)ဆိုင် ဂျပန် တရုတ်နဲ့ ရှမ်းဆိုင်က ...

မြန်မာထမင်းဟင်း ဆိုင် တဖြေးဖြေးရှားလာတာ ရန်ကုန် ပါဘဲ။နောက်ဆုံးမှမြန်မာဆိုင်(၁)ဆိုင်လာဖွင့်တယ်။
ထုံးစံအတိုင်း "ဓနုဖြူဒေါ်စောရီ" ။ (၁)ဆိုင်ထဲဘဲ။
ရောင်းကောင်းပါတယ် ။ ရောင်းကောင်းပါစေပေါ့ ။

ဩော် ထိုင်း ထိုင်း နဲ့ မထိုင်းပုံ ပြောပါတယ် ။

ကောင်းပါတယ် အထက် ဗမာပြည်မှာ တရုတ်ဆိုင်တွေ
ဖွင့်ပြီး အောက်မြန်မာပြည်မှာ ထိုင်းဆိုင်တွေ ဖွင့်ကြတာ
ပေါ့ ။ စားသောက်ဆိုင် ရှေ့ကဘုတ်မှာ" ဝါရင့် ထိုင်းစားဖိုမှူးကြီး(၂)ဦး ဦးစီးသော.."ဆိုလား? ဘာလား? ရေးထားသေးတယ်။

အဝေးက Sweden ကတော့ နှင်းကျဆဲ အေးမြဆဲ လှပဆဲ သီချင်းတွေတီးမှုတ်ပျော်ရွှင်လို့ လူတွေကိုကူညီလို့
..

တို့ မြန်မာတွေလား? တို့မြန်မာတွေလည်း ဆေးဆေးပါ
မာပါတယ် မမြန်တော့ပေမယ့် မာပါသေးတယ် ။
သတ္တိအပြည့်ဘဲ , မိုက်တယ်ပြောလည်းရတယ်
ဘာမှ ပြောင်းမနေဘူး ။ ဘယ်မှ ရွှေ့မနေဘူး ။

တို့ စစ်သူကြီး မဟာဗန္ဓုလလည်း ဗုံးဆံကျမယ့်နေရာမှာ
အဲသလို ခပ်မာမာ ရပ်နေခဲ့တာဘဲ ။

photo from facebook
30708074_1657803097608861_815489454801620681_n.jpg

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.081
BTC 60779.69
ETH 1613.36
USDT 1.00
SBD 0.42