ထီးလေး တစ်ချောင်းတည်းနဲ့
အသက်ကလေးရယ်တဲ့ ရှည်စေလို မြနန္ဒာ ရေညိုသမ်းတဲ့ မန်းတောင်ရိပ်ခို တဲ့။ ယခုမူ ရွှေမန်းတောင်ရိပ် ခိုနိုင်ရေးထက် ထီးတစ်လက်လက် အရိပ် ခိုနိုင်ရေးက ပို၍ အရေးကြီး နေပါပြီ။ မထင်မှတ်ဘဲ မိုးတွေက မည်းတက်လာ၏။
"ဒုက္ခပဲ ... မိုးရွာရင်တော့"
မဝါမှာ မည်းတက်လာသော မိုးများကို မော်ကြည့်ရင်း စိုးရိမ်နေမိသည်။ စိုးရိမ်စိတ်ကြောင့် ခြေလှမ်းကို ခပ်သွက်သွက် လျှောက်လိုက်သည်။ ထိုစဉ်မှာပင် မန္တလေးမိုးက ဝုန်းဝုန်းဒိုင်းဒိုင်း ရွာချလိုက်သည်။
"ကလစ်"
"ဖျောက်"
"အို ..."
ကလစ်ဆိုသော အသံနှင့်အတူ ဖျောက်ဆို ထီးက ပွင့်သွားပြီး မဝါကို မိုးစက်များအောက် ရောက်မည့် အရေးက ကာကွယ်ပေး လိုက်သည်။ မဝါ လှည့်ကြည့် လိုက်တော့ အဘိုးကြီး တစ်ယောက်။
"ငါ့မြေး ထီးမပါရင် ဒီထီး ဆောင်း။ ဘမှာ ထီးအပို ပါသေးတယ်"
"ဟုတ် ... ဟုတ်။ ကျေးဇူးပဲ"
မဝါမှာ ထီးကို ကပျာကယာ လှမ်းယူလိုက်သည်။
"ဘက မြို့သစ်ထဲမှာ နေတယ်ကွဲ့။ မြန်မာ သမားတော်ကြီး ဘ ဆိုရင် ခြောက်ဆယ့်နှစ်လမ်း တစ်လျှောက် ဘယ်သူ့မေးမေး ရတယ်။ လူတိုင်း သိကြပါတယ်။ ဒါနဲ့ ငါ့မြေးက ..."
"မဝါ တဲ့။ ချမ်းမြသာစည်မှာ နေပါတယ်။ လေယာဉ်ကွင်းနဲ့ မျက်နှာချင်းဆိုင် ခြံအမှတ် တစ်ဆယ်မှာ ..."
"ဪ ... နီးသားပဲ။ ငါ့မြေးမှာ ထီးမပါရင် ယူသွားပါ။ ဘ လမ်းကြုံတော့ ဝင်ယူလိုက်မယ်။ အဲဒီထီးက အခုမှ ဝယ်လာတာ၊ အသစ်ပါ"
"အားနာစရာကြီး ..."
"အားမနာပါနဲ့။ ကြုံတုန်း ကူညီခွင့်ရတုန်း ကူညီရတာ ရပါတယ်။ ယူသွားပါ"
မဝါမှာ ယူရ အခက် မယူရ အခက် မိုးကလည်း ရွာကောင်းတုန်း။ ယခုမှ မြင်ဖူးသည့် အဘိုးကြီးဆီမှ ထီးကို ယူသွားရမည် ကိုလည်း မဝံ့မရဲ ဖြစ်နေသည်။
"ယူသွားပါ ငါ့မြေးရဲ့။ မိုးက တော်တော်နဲ့ တိတ်မယ့်ပုံ မပေါ်ဘူး"
တဗျောင်းဗျောင်း ရွာနေသော မိုးကြောင့် မဝါသည် ထီးကို ယူသွားရန် ဆုံးဖြတ်လိုက်ပြီး
"ကျေးဇူးပဲဘ။ သမီး လာပို့ပေး ပါ့မယ်နော်"
"ရပါတယ် ငါ့မြေး စိတ်ချမ်းသာသလို လုပ်"
မဝါက ဘကို ပြုံး၍ နှုတ်ဆက်လိုက်ပြီး ထီးနှင့်အတူ မိုးပေါက်များ ကြားမှာ တိုးဝင်ပျောက်ကွယ် သွားတော့သည်။ ဘသည် ခဏတာမျှ ရပ်ငေးကြည့် နေလိုက်သည်။ မဝါမှာ ထီးလိုအပ် နေနိုင်သည်ဟု ယူဆ၍ ပေးငှါး လိုက်ခြင်းပါ။ ဘသည် သမားတော်ကြီး မဟုတ်ပါလား။
မိုးသည် ရွာ၍ ကောင်းနေဆဲ။ မန္တလေးမိုးမှာ မရွာသေးလျှင် နေရော့။ ရွာပြီ ဆိုလျှင်လည်း သည်းကြီးမည်းကြီး။
ဘ သူ့တိုက်သို့ ပြန်ရောက်သည် အထိ မိုးကား မတိတ်သေး။ ဘ တိုက်ထဲ ဝင်မိသည်နှင့်
"ဟင် ... ဘ၊ ထီးဝယ်မလို့ဆို သွားပြီး မဝယ်ခဲ့ဘူးလား"
ကိုကိုက ဆီး၍ မေးခြင်း ဖြစ်ပါသည်။ ဘက သူ၏ ထီးဟောင်းကို တံခါးဝ ချိတ်မှာ ချိတ်ထားလိုက်ပြီး ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။
"ဝယ်ခဲ့ပါတယ်ကွ"
"ဘယ်မှာလဲ"
"ကောင်မလေး တစ်ယောက် မိုးမိနေတာနဲ့ ငှါးလွှတ်လိုက်တယ်"
"အသိလား ..."
"မသိပါဘူး"
ကိုကိုက သူ့နဖူးသူ လက်ဝါးနှင့် ရိုက်လိုက်ရင်း
"ဆုံးပါပြီ"
"မဆုံးပါဘူးကွ။ ရမှာပါ၊ လာပို့ပါလိမ့်မယ်"
ကိုကိုနှင့် ညီညီမှာ ဘကို ကြည့်၍ တော်တော် စိတ်ပျက် သွားသည်။
"ဘရယ်၊ လူလိမ်ဆိုတာ ယောက်ျားတွေချည်း မဟုတ်ဘူး။ မိန်းမ လူလိမ်တွေလည်း ရှိတာပဲ"
ဘက အေးအေးဆေးဆေး ထိုင်နေရာမှ
"လာပို့မှာပေါ့ကွ။ ငါ အူတူတူ အတတ မဟုတ်ပါဘူး။ မှန်းဆ တတ်ပါတယ်"
"လာမပို့ရင် ဘယ်လို လုပ်မလဲ ... ကဲ ..."
"လိုက်တောင်းမှာ ပေါ့ကွ။ ငါ အိမ်လိပ်စာ မေးခဲ့ပါတယ်"
"မထင်ပါနဲ့။ လူလိမ်က အလကား လိပ်စာအမှန် ပြောပါ့မလား။ ရေထဲ ပစ်လိုက်တာကမှ ပလုံဆို မြည်လိမ့်ဦးမယ်။ ဒါက လေထဲ ပစ်လိုက်တာ၊ ပလုံတောင် ကြားရမှာ မဟုတ်ဘူး"
"စောင့်ကြည့် ပါဦးကွာ။ မင်းတို့က လူကို အပြစ်တင်ဖို့ပဲ တတ်တယ်"
သို့ဖြင့် ရက်ပြောင်း၍ နောက်တစ်နေ့ပင် ကုန်ခဲ့ပါလေပြီ။ မဝါကား ပေါ်မလာ။
"ဘယ်မှာလဲ ထီး"
"စောင့်ကြည့်ပါဦးကွာ။ ကောင်မလေး ကြည့်ရတာ ရိုးရိုးလေးပါ"
ကိုကိုက မကျေမနပ်နှင့်
"ဘယ်လောက်ကြာကြာ စောင့်ရမှာလဲ။ ငါးနှစ်လား ... ဆယ်နှစ်လား ..."
"ကွာ ... မင်းတို့ကလဲ ထီးလေး တစ်ချောင်းတည်းနဲ့ သောကများ နေလိုက်ကြတာ။ နက်ဖြန်မှာ လာမပို့ရင် နောက်နေ့ ငါ လိုက်တောင်း ပါ့မယ်ကွာ"
"ဒါပဲ။ ကျွန်တော်တို့သာ ခုလို ဖြစ်လာရင် ဘ ပြောလို့ပြီးမှာ မဟုတ်ဘူး"
သည်လိုနှင့်ပင် နေ့ရက်တို့က ကုန်ခဲ့ပြန်ပါပြီ။ နောက်တစ်နေ့ ပြီးတော့ နောက်တစ်နေ့။ နောက်တစ်နေ့ နံနက် စောစောမှာတော့ ဘသည် လေဆိပ်သို့ လမ်းလျှောက်ရင်း ထွက်ခဲ့သည်။
"ကိုယ့်ပစ္စည်း ကိုယ်ပြန် တောင်းရပေမယ့် အားနာစရာကြီး ..."
ဘသည် လမ်းဘေး ခြံအမှတ်များကို ကြည့်လာသည်။
"ခြံအမှတ် တစ်ဆယ်လို့ ပြောတာပဲ ... ဟော .. ခွန် .. ဟုတ်ပြီ။ ဟိုဘက်မှာ ရှစ် ... ကိုး ... တစ်ဆယ် ..."
ဘက ခြံအမှတ် တစ်ဆယ်ကို တွေ့တော့ ရပ်လိုက်ပြီး ခြံတွင်းကို လှမ်းကြည့်သည်။ တံခါးဖွင့်ထား သော်လည်း လူရိပ်မမြင်။ ဘ ဝင်ခဲ့သည်။
ခြံလယ်ရောက်မှ ပန်းပင် ရေလောင်းနေသော ဖွားစွာနှင့် တွေ့ကာ
"ဘာကိစ္စ ရှိလို့ပါလိမ့်"
"လမ်းကြုံတာနဲ့ ဝင်လာတာ။ အလည် ဆိုပါတော့"
ဖွားစွာက မသင်္ကာသော မျက်လုံးနှင့် ကြည့်လိုက်ပြီး
"ဘာ ... တော်နဲ့ ကျုပ်နဲ့က သိလို့လား"
"မသိဘူးလေ"
"မသိဘဲနဲ့ ဘာလာပြီး အူကြောင်ကြောင် လုပ်ရတာလဲ"
"ဒီလိုပါ။ ကျုပ်က မဝါရဲ့မိတ်ဆွေ ဆိုပါတော့"
"အမယ်မယ်လေး ... ဒီ အသက်အရွယ်ကြီးက ကျုပ်မြေးရဲ့ မိတ်ဆွေတဲ့။ သူငယ်ချင်းတဲ့။ တော် ... တိတ်။ အဓိပ္ပါယ် မရှိတာ၊ အရူးစကားတွေ မပြောနဲ့။ အခု ပြန်ပါ။ ဒါပဲ။ မဝါလည်း မရှိဘူး"
"အွန် ..."
ထိုအချိန်
"ဒါ ... သမားတော်ကြီး ဘတို့တိုက် ပါလားရှင်"
ကိုကိုနှင့် ညီညီသည် အသံကြားရာ ခြံတံခါးဝသို့ ကြည့်မိပြီးနောက် ပြန်ဖြေရန်ပင် မေ့သွားကြသည်။ နှစ်ယောက်သား မဝါကို ငေးကြည့် နေမိသည်။
"ဟို ... ဟို ... ကျွန်မ ဘနဲ့ တွေ့ချင်လို့ပါ"
ဒုတိယအကြိမ် ပြောလာကာမှ ကိုကိုနှင့် ညီညီမှာ ရုတ်တရက် အသက်ဝင် သတိရလာသလို
"ဘ လမ်းလျှောက် ထွက်သွား ပါတယ်ခင်ဗျ။ အခု ပြန်လာတော့မှာပါ။ ဝင်ပါ။ ထိုင်ပါဦး။ ခု ... လာတော့မှာပါ"
မဝါသည် ဝင်ထိုင်ရ ကောင်းနိုးနိုး ရပ်စောင့်နေရ မလိုလို စဉ်းစားနေစဉ်
"ဘ ထီးငှါးလိုက်တဲ့ မ ... အဲ ... ထင်တယ်။ ဘကတောင် ပြောနေတာ ခဏခဏပဲ။ သတိရနေတာ ..."
"ရှင် .. ဘယ်လို ပြောနေတာလဲ"
မဝါက စိုးရိမ်စွာ မေးသည်။
"ထီး လာပို့ရင်တော့ တွေ့ရဦးမှာပေါ့လေလို့ ပြောနေတာပါ။ နေမှ ကောင်းရဲ့လား ဆိုပြီး စိုးရိမ်နေတာ။ အတော်လေး တွေ့ချင် နေတာပါ။ လာပါ။ ခဏဝင်ထိုင် စောင့်ပါဦး။ ဘ လာတော့မှာပါ"
ကိုကို၏ စကားကြောင့် မဝါမှာ အားနာလာသည်။ ပြီးတော့ ဘကိုလည်း တွေ့၍ ကျေးဇူးတင်စကား ပြောချင်သည်။ ထို့ကြောင့် ဧည့်ခန်းမှာ ဝင်ထိုင်ဖြစ်ရ ပါတော့သည်။
"ဘ လမ်းလျှောက်တာ သိပ်မကြာတတ်ပါဘူး"
ညီညီက ဧည့်ခံစကား ပြောနေစဉ်မှာ ကိုကိုက အတွင်းခန်းသို့ ဝင်သွားကာ ကြက်ဥ ပေါင်မုန့်ကြော်၊ ကော်ဖီနှင့် အခြား စားစရာများ ယူလာကာ ချပေးသည်။
"စားပါဦး"
"အားနာစရာကြီးရှင်"
"ညီညီ ဧည့်ခံစကား ပြောနှင့်ကွာ။ ငါ ရေနွေး သွားလုပ်လိုက်ဦးမယ်"
ကိုကိုက ပြန်လှည့်ဝင် သွားသည်။
ညီညီက မုန့်များကို မဝါရှေ့သို့ တိုးပေးရင်း
"ဘရဲ့ဧည့်သည်ဆိုတော့ ကျွန်တော်တို့ရဲ့ ဧည့်သည် ပါပဲဗျာ"
"ဧည့်သည် ဆိုပေမယ့် ကိုယ်နဲ့ မသိတဲ့လူတွေ။ လာပြီး ဒုက္ခပေးသလို ဖြစ်နေပြီ"
"အို ဒုက္ခလို့ မထင်ပါဘူး။ ခုလို ဆုံရကြုံရ သိရကျွမ်းရတာ ကိုပဲ ဝမ်းသာလှပါပြီ။ ကျွန်တော့်နာမည်က ညီညီပါ"
"ဟုတ်ကဲ့ မှတ်ထားပါ။ ကျွန်မ နာမည်က မဝါတဲ့"
တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ပြုံးပြလိုက် ကြသည်။ မဝါမှာ သည်အချိန်တိုကလေး အတွင်းမှာ ဘာလို့ ရင်းရင်းနှီးနှီး အမူအရာတွေ ပြမိပါလိမ့်ဟု တွေးမိကာ ခေါင်းငုံ့လိုက်သည်။ ရှေ့ခန်းသို့ ထွက်လာအံ့ဆဲဆဲ ကိုကိုသည် ညီညီတို့၏ အရိပ်အခြေကို ကြည့်ကာ မထွက်လာတော့ဘဲ အသာ ပြန်ဝင်သွားသည်။
ညီညီက
"စားပါဦး။ ဘာလဲ ကျွန်တော် မဝါတို့ဆီ အလည်လာရင် ပြန်ပြီး ဧည့်ခံရမှာကြောင့် မစားတာလား"
မဝါက မျက်စောင်းထိုး ကြည့်လိုက်ပြီး
"ကိုညီညီ့ကို ဘယ်သူက ဖိတ်လို့ လာမှာလဲ"
"ကျွန်တော်က မဖိတ်လည်း လာတတ်ပါတယ်"
"ဒီဧည့်သည်က တစ်မျိုးပါလား"
ညီညီက ပြုံးလိုက်ရင်း
"ကြုံဖူးပြီပေါ့ ..."
မဝါက မျက်လုံးထောင့်ကပ် ကြည့်ကာ
"မခေါ်ဘဲနဲ့ လာတဲ့ ဧည့်သည်များ မနှင်ဘဲနဲ့ ပြန်သွား တတ်တယ်လို့ ကြားဖူးတာပဲ"
"ကျွန်တော်ကတော့ မနှင်ဘဲနဲ့ မပြန်တတ်ပါဘူး။ ပြော မဝါတို့ဆီ ဘယ်တော့ လာရမလဲ"
"အိုး ... အဲလိုဆိုတော့ ခေါ်တဲ့ဧည့်သည် ဖြစ်သွားမှာပေါ့"
"ဒါမှ နှင်လည်း မပြန်လို့ ရမယ်လေ"
သူတို့နှစ်ယောက် အကြည့်ချင်း ဆုံမိကြပြန်သည်။ သူတို့သည် သူ့အကြောင်း ကိုယ့်အကြောင်း သူ့ကိစ္စ ကိုယ့်ကိစ္စ စကားမရှိ စကားရှာ ပြောကြသည်။ ညီညီက မဝါ၏ အလှမှာ ငေးနေမိသလို မဝါကလည်း ညီညီ၏ တည်ကြည်သော ရုပ်ရည်နှင့် ရည်မွန်သော အပြောအဆို ပြည့်စုံသော ဘဝတို့ကို သဘောကျမိ နေပါပြီ။ မဝါသည် သူအလုပ် လုပ်ရသည့် ကုမ္ပဏီ အကြောင်း၊ ယောက်ျားလေး မိတ်ဆွေ အပေါင်းအသင်း လုပ်ခွင့် မရှိကြောင်း၊ ယောက်ျားလေး သူငယ်ချင်း ထားသည်ကိုပင် မကြိုက်ကြောင်း၊ ဖွားစွာ စိတ်တိုတတ်ပုံတို့ကို ပြောပြနေမိသည်။
ထိုစဉ်
"ဟိတ်"
"ဟင် ... ဘ"
"ဘ"
ညီညီနှင့် မဝါတို့က ပြိုင်တူလိုလို နှုတ်ဆက်လိုက်သည်။
ဘသည် သူတို့ဘေးမှာ ဝင်ထိုင်လိုက်ရင်း
"ငါ့မြေးက ဒီရောက် နေတာကိုး။ ဘက ငါ့မြေးတို့တိုက် ရောက်ခဲ့သေးတယ်။ ထီးတောင်းချင်လို့ မဟုတ်ဘူးနော်။ မိုးမိလိုက်တော့ နေမှ ကောင်းရဲ့လားလို့ စိုးရိမ်လို့။ ဟီး ... ဟီး ... အဘွားကြီး တစ်ယောက်နဲ့ တွေ့ပြီး ဟောက်လွှတ်တာနဲ့ ထွက်ပြေး လာရတာ"
"ဖွားကိုယ်စား မဝါ တောင်းပန်ပါတယ် ဘရယ်။ မိုးနည်းနည်း မိလိုက်ပြီး နေမကောင်း ဖြစ်သွားတာနဲ့ မဝါလည်း ထီးလာမပို့ ဖြစ်တာ"
ထိုစဉ် ကိုကိုလည်း အသီးအနှံများ ယူ၍ ထွက်လာသည်။
ဘက
"ကဲ ... ဘယ်လိုလဲ။ မင်းတို့ ငါ့ကို ထီးငှါးရ ကောင်းလားလို့ အပြစ်တင်ကြ ဦးမှာလား"
မဝါက ကိုကိုနှင့် ညီညီကို လှမ်းကြည့်သည်။
ညီညီက ဘကို
"အပြစ်တင်တဲ့ အထဲ ကျွန်တော် မပါဘူးနော် ကိုကို"
မဝါက ပြုံးနေသည်။ ဘနှင့် ခဏကြာမျှ စကားပြောပြီးမှ ထပြန်သွားသည်။
ဘသည် မဝါကို ခြံဝအထိ လိုက်ပို့ရင်း
"နောက်လည်း အလည်လာနိုင် ပါတယ်နော် ငါ့မြေး"
"ဟုတ်ကဲ့။ လာခဲ့ပါ့မယ်"
"ကဲ ... ကဲ ... သွားတော့"
မဝါ ထွက်သွားသည်ကို မျက်စိတဆုံး ကြည့်နေပြီးမှ ပြန်ဝင်ခဲ့သည်။
ဘသည် တိုက်ထဲသို့ ပြန်ဝင်လာပြီး
"ခွေးကောင်တွေ ငါ့ရိက္ခာထုပ်တွေ ထုတ်ပြီး မျက်နှာလုပ်လိုက် ကြတာပေါ့လေ၊ ဟုတ်လား"
ကိုကိုနှင့် ညီညီတို့က ပြုံးနေကြသည်။
ကိုကိုက
"ဘ"
"ဘာလဲ"
"ကျွန်တော့်ဖို့ပါ တစ်ယောက်လောက် ရှာပေးရင် ပိုပြီး အဆင်ပြေမယ်"
"မင်းဖို့ကတော့ အချိန်ယူ ရှာရမယ်ကွ။ လောလောဆယ် ငါ့ဖို့တော့ တွေ့ခဲ့ပြီ။ သူ့အဘွားလေ ... ဟေး ... ဟေး ..."
နေ့ရက်တို့သည် ကုန်လွန်ခဲ့ပါပြီ။
ညီညီမှာ မဝါ၏ အလုပ်သွား အလုပ်ပြန် အလုပ်နားချိန်တိုင်း အတွက် သက်တော်စောင့် ဖြစ်နေပါပြီ။ သွားအတူ လာအတူ စားအတူ တစ်ယောက်ကို တစ်ယောက် ချစ်ကြောင်း မပြောဘဲနှင့် သိနေသော စုံတွဲ ဖြစ်ပါသည်။ တစ်ယောက်ကို တစ်ယောက် ကြင်နာပြသည်။ စေတနာထား ကြသည်။ အလိုလိုက် ကြသည်။ တစ်ယောက် မကြိုက်တာကို တစ်ယောက်က မလုပ်။
တစ်ရက်မှာတော့ ညီညီက
"မဝါ"
"ရှင်"
"ကျွန်တော် ဘယ်တော့ စာမေးပွဲ ဖြေရမှာလဲ"
"ဘာ စာမေးပွဲလဲ"
"အချစ် စာမေးပွဲလေ။ ကျွန်တော့် အချစ်ကို စေတနာထားတဲ့ ဘာသာရပ်၊ အလိုလိုက်တဲ့ ဘာသာရပ်၊ အချစ်စကား နားထောင်တဲ့ ဘာသာရပ်တွေဆို ဂုဏ်ထူးတောင် ထွက်မယ် ထင်တာပဲ"
မဝါက ညီညီ့ကို စူးစူးစိုက်စိုက် ကြည့်သည်။
"မဝါကတော့ ကိုညီ့ကို စိတ်ရှည်မှု ဘာသာရပ်မှာပါ ဂုဏ်ထူးထွက်စေ့ ချင်တယ်လေ။ ဒီတော့ ခဏစောင့် ပါဦးလား"
စကား အဆုံးမှာ မဝါက ပြုံးလိုက်သည်။
ညီညီက မဝါကို ဦးညွတ် အလေးပြုလိုက်ပြီး
"လေးစားပါတယ်"
နှစ်ယောက် ပြိုင်တူ ပြုံးမိပြန်သည်။
မဝါက
"ဒါနဲ့ ဒီနေ့ လာတဲ့ကိစ္စ ပြောပါဦး။ ခါတိုင်းလို ထမင်းအတူ စားဖို့ပဲလား"
"အပို ပြောစရာ စကားလည်း ပါတယ်"
"ဘာပါလိမ့်"
"ဘ ကားအသစ် တစ်စီး ဝယ်လာလို့ နက်ဖြန် ကားစမ်းရင်း ပြင်ဦးလွင် တက်ရအောင် မဝါကို လာခေါ်မယ်လေ"
"အပိုင်ကြီးပါလား"
"မဝါက မလိုက်ဘူးပေါ့"
"ဘယ်သူက မလိုက်ဘူး ပြောလို့လဲ"
"ဒါဖြင့် ပြော။ ဘယ်ကို လာခေါ်ရမလဲ"
"အလုပ်ပိတ်ရက်ကြီး"
"ဒါ့ကြောင့် ခေါ်တာပေါ့။ ဖွားကို အချိန်ပို ဆင်းရမှာ ဆိုပြီး ပြောခဲ့"
"လိမ်နည်း သူ သင်ပေးတာနော်"
မဝါက မျက်စောင်းထိုး ကြည့်ရင်း ပြောသည်။ ညီညီ၏ ရင်မှာ ကြည်နူးမှု အပြည့်နှင့်။
နောက်တစ်နေ့ နံနက်မှာတော့
"ဟိုက် ငါ့ကားရော"
ဘမှာ အိပ်ယာထ မျက်နှာသစ်ပြီး၍ တိုက်ရှေ့သို့ ထွက်လိုက်သည်နှင့် သူ ဝယ်လာသော ကားကို မတွေ့ရ၍ ပြောလိုက်ခြင်း ဖြစ်ပါ၏။
"ကိုကို"
"ဗျာ"
"ခင်ဗျာ ထားခဲ့။ လူ လာခဲ့"
ကိုကိုက ပြေးထွက်လာသည်။
"ငါ့ကားရော"
"ညီညီ ယူသွားတယ် ဘ"
"ဟ ကားက ဘာမှ မလုပ်ရသေးဘူး။ ကာပရိုက်တာ လဲရမယ်။ အင်ဂျင်ဝိုင်တွေ စစ်ရဦးမယ်။ ဒုက္ခပဲ။ ဘယ်နား ထိုးရပ်နေမယ် မသိဘူး"
"သူ တက်မောင်းသွားတော့ ဒေါက် ဝှီးပဲ။ သော့ဖွင့် လိုက်တာနဲ့ စက်နိုးသွားတာ။ ဘ သွားစရာရှိရင် သူ့ကားနဲ့ သွားတဲ့။ သူ့ကား ထားခဲ့တယ်"
"ထားခဲ့ရမှာပေါ့ကွ။ နှစ်စီးပြိုင် တစ်ယောက်တည်း မောင်းယူလို့မှ မရတဲ့ဟာကို။ အင်း ... ဟိုနားဒီနား ဆိုရင်တော့ ကိစ္စမရှိဘူး။ မြို့ပြင် ထွက်သွားလို့ ကတော့ မင်းကောင် ကားရွက်ပြီး ပြန်လာရလိမ့်မယ်"
ဘက တိုက်ထဲ ပြန်လှည့်ဝင် သွားသည်။ ကိုကိုက နောက်မှ ကပ်ပါသွား၏။
ထိုအချိန် ညီညီနှင့်မဝါတို့မှာ ပြင်ဦးလွင်သို့ ရောက်နေပါပြီ။
"ဘတော့ ခုချိန်ဆို သူ့ကား ပျောက်သွားလို့ စိတ်တို နေရော့မယ်"
"ကိုညီက ပြောပြီး ယူခဲ့တာ မဟုတ်ဘူးလား"
"ပြောယူလို့ ရမှာ မဟုတ်တာနဲ့ မပြောဘဲ ယူခဲ့တာ။ ဘကလည်း အသစ်ဆို ဘာဖြစ်ဖြစ် သူအရင် သုံးလိုက်ရမှ"
ညီညီတို့်မှာ ရေတံခွန်လည်း ရောက်ခဲ့ပြီ။ ဘုံကျောင်းလည်း ရောက်ခဲ့ပြီ။ ရုက္ခဗေဒလည်း ရောက်ခဲ့ပြီ။
ရုက္ခဗေဒ ဥယျာဉ်မှ ပြန်အထွက်တွင်မူ
"ဖွတ် ... ဖွတ် ... ဖွတ် ... ဒုန်း ... ဒုတ် ..."
ကားက အသံမျိုးစုံ မြည်ပြီးနောက် ထိုးရပ်သွားသည်။
"ဘာဖြစ်ပါလိမ့်"
ညီညီက ကားပေါ်မှ ဆင်းကာ စက်ဖုံးကို ဖွင့်ကြည့်သည်။ ကြည့်သာ ကြည့်နေသော်လည်း သူလည်း ဘာမျှ မသိပါ။
မကြာမီ နေဝင်တော့မည်။
"ကိုကို"
"ဘ"
"ကားရော လူရော ပြန်မရောက်ပါလား။ ငါထင်တဲ့ အတိုင်း ကားက လူပြန်စီးနေပြီ ထင်တယ်"
ထိုအချိန်မှာပင်
"သမားတော်ကြီး ဘ ဆိုတာ"
အသံကြား၍ ဘက လှမ်းကြည့် လိုက်သည်။ တိုက်တံခါးဝမှာ ဖွားစွာကို တွေ့လိုက်ရသည်။
"ဟုတ်တယ်။ အီစကိုပဲ"
"ဪ ... တော်ကိုး။ တော့်မှာ မြေးညီညီ ဆိုတာ ရှိသလား"
"ညီညီနဲ့ မင်းနဲ့က သူငယ်ချင်းလား"
"ဒီမယ် ကျုပ်မေးတာ ဖြေပါ"
"မရှိဘူး။ တွေ့ချင်ရင် မနက်မှ တစ်ခါ လာပါ"
ဖွားစွာသည် စဉ်းစားလိုက်ပြီး
"ဒါဖြင့်ရင်တော့ သေချာပြီ။ ဟုတ်ပြီ။ သူ့သူငယ်ချင်းတွေ ကလည်း ပြောတယ်။ ညီညီနဲ့ တွဲနေတာတဲ့။ ဒီနေ့မနက် ကလည်း ညီညီနဲ့အတူ ကားအနီလေးနဲ့ တွေ့လိုက်သတဲ့"
ဘ သည်မျှ မအပါ။ အရိပ်ပြလိုက်တော့ အကောင်မြင် ပါပြီ။
"ဒီမယ် အဖိုးကြီး"
"ဗျာ"
"ကျုပ်မြေးကို တော့်မြေး ခိုးသွားတာပဲ ဖြစ်ရမယ်။ ညမကူးခင် လာအပ်ပါ။ မအပ်ရင် နက်ဖြန် မနက်မှာ သက်ဆိုင်ရာကို တိုင်မယ်။ တော့်ကိုပါ ကြံရာပါ ဆိုပြီး တရားစွဲမယ်။ ဒါပဲ"
"ဗုဒ္ဓေါ"
ဘနှင့် ကိုကိုမှာ ဖွားစွာ ပြန်သွားသည်နှင့် တိုက်တံခါးကို သော့ခတ်ပြီး ညီညီသွားမည် ထင်သည့် နေရာများကို လိုက်ရှာသည်။ ဘယ်သူငယ်ချင်း အိမ်မှာမှ မတွေ့။ အမှောင်ထုသည်ပင် မန္တလေးမြို့ကို လွှမ်းမိုး သွားလေပြီတကား။
နောက်တစ်နေ့နံနက်မှာ
""ဘ ... ဘ"
"ဘာလဲကွ။ ပျာယာပျာယာနဲ့"
"ဒီမယ် ညီညီ့ဆီက စာရောက်လာတယ်။ ကားပျက်ပြီး အချိန်လွန်သွားလို့ ပြန်မရတော့လို့ သူ မဝါကို ခိုးပြေးပါပြီတဲ့။ ကိစ္စအားလုံး ပြေလည်အောင် လုပ်ပေးပါတော့ တဲ့"
"ဟေ"
"ဟေ မနေနဲ့။ ခုမှတော့ ဘာမှ မတတ်နိုင်တော့ဘူး။ သူ့အဘွားကိုသာ သွားပြောပေတော့"
"အိမ်း ... ပြောဆို ခု သွားပြောမှပဲ။ တော်နေကြာ လူပျောက်မှု ဖွင့်လိုက်ရင် မရှုပ်သင့်ဘဲ ရှုပ်ကုန်မှာ"
ကိုကိုက ဘကို မကျေမနပ်ကြည့် ကြည့်လိုက်ပြီး
"ထီးအငှါးကောင်း လိုက်တာလေ ..."
"မင်းကလည်းကွာ အရေးထဲ"
ဖွားစွာမှာ မကျေမနပ်နှင့် ဧည့်ခန်းတွင်းဝယ် ထိုင်နေရာမှ ဝုန်းခနဲ ထရပ်လိုက်ပြီး
"ဘယ်နှယ့်တော်။ ယောက်ျားလေးရှင်ပဲ ဆိုပြီး ငါတို့က အသာစီးရတယ် ဆိုပြီး ပမာမခန့် လုပ်တာ။ မနေ့ကတည်းက ပြေပြေလည်လည် ဖြစ်ဖို့ တောင်းပန်စကား ဆိုရမယ့်ဟာကို ဘာမှမသိသလို လုပ်နေတာ။ ဒီနေ့မနက်လည်း လာမယ်ဆိုပြီး ခုထိ ဘာမှ လာမပြောဘူး။ ငါတို့ဘက်က အရှုံးမရှိဘူးဆိုပြီး ပစ်ထားတာ"
ဖွားစွာက တိုက်တံခါးကို သော့ခတ်ကာ ထွက်ခဲ့သည်။ ခြံဝရောက်တော့ ခြံတံခါးကိုပါ သော့ခတ်လိုက်သည်။
"ခု ... သွားတိုင်မယ်"
ဖွားစွာ ဒေါသနှင့် လျှောက်ထွက် လာခဲ့သည်။
"ဟင်"
ထိုစဉ် မိုးပေါက်များ စကျလာသည်။
"မိုးတွေ မည်းတက် လာပါလား"
ဒေါသကြောင့် သတိမထားမိသော ရာသီဥတုကို မိုးစရွာကာမှပင် သတိထားမိ တော့သည်။ ရွေ့လျားလာသော တိမ်ထုကြီးနှင့်အတူ မိုးပေါက်များပါ ပါလာသည်။
"ဒုက္ခပဲ။ ဘယ် ဝင်ခိုရပါ့"
"ဘယ်မှ ဝင်ခိုဖို့ မလိုပါဘူးကွာ"
"ကလောက်"
"ဖျောင်း"
ဘ၏ အသံနှင့်အတူ ထီးက ပွင့်သွားကာ ဖွားစွာအပေါ် ဆောင်းပေးပြီး ဖြစ်သွားသည်။
"ဘယ်သွားမလို့လဲ မဖွားစွာ"
"ကျုပ်ဟာကျုပ် ဘယ်သွားသွား ..."
"မိုးရွာ နေတယ်လေ။ ကျုပ်က လိုက်ပို့ပေးမလို့ မေးတာပါ။ မင်းတကယ် သွားသင့်တဲ့ နေရာကတော့ မင်းရဲ့တိုက်ပဲ မဖွားစွာ။ တို့များ ကလေးတွေရဲ့ ကိစ္စကို အေးအေးဆေးဆေး ဆွေးနွေးရအောင်လား မဖွားစွာ။ လာပါ။ မိုးများလာရင် နှစ်ယောက်စလုံး စိုကုန်မှာ"
ဖွားစွာ သက်ပြင်းချကာ ပြန်လှည့် လိုက်သည်။
"ထီးကလေး တစ်ချောင်းတည်းနဲ့ ဆိုတော့ မင်းက ဒီဘက် နည်းနည်းတိုး။ မိုးပက်မယ်"
ဖွားစွာက ဘလက်မှ ထီးကို ယူလိုက်ပြီး
"ပေး ... မိုးမပက်အောင် ကျုပ်ဟာကျုပ် ဆောင်းသွားမယ်။ တော် လိုက်ခဲ့တော့"
ဖွားစွာက ရှေ့မှ လျှောက်သွားသည်။ ဘသည် မိုးရေထဲမှာ ရပ်ကျန်ရင်း ကျေကျေနပ်နပ် ပြုံးလိုက်၏။