Ruby Land Part 2 (Moegok)

in #esteem6 years ago

image

မြန်မာပြည်ရဲ့ ကမ္ဘာကျော်မြို့လေး မိုးကုတ် … ♥️

ကမ္ဘာုအကောင်းဆုံး ပတ္တမြားတွေဟာ မိုးကုတ် မြို့မှာကနေပဲ ထွက်သတဲ့.. ဒါဟာ မြန်မာကို ကမ္ဘာက သိစေတဲ့ အချက်တစ်ခုပဲ.. ကျောက်မျက်ရတနာ ဆိုတာ ကမ္ဘာပေါ်မှာ အမျိုးသမီးတိုင်း နှစ်သက်ကြတဲ့ အရာပဲ မဟုတ်ပါလား.. အဲ့ဒီထဲကမှ ရဲစွေးနေတဲ့ ပတ္တမြားတွေဟာ ပိုပြီး ဆွဲဆောင်အားကောင်းနေတာ ငြင်းမရတဲ့အချက်ပါပဲ.. နင်တို့နိုင်ငံက ဘယ်နားမှာလဲ..ဘယ်လိုနိုင်ငံလဲလို့မေးရင် .. မြန်မာပြည်ဆို အာရှရဲ့ အင်အားကြီးနိုင်ငံ ဖြစ်တဲ့.. အိန္ဒိယနဲ့တရုတ်ကြားမှာရှိတယ်.. ကမ်းရိုးတန်းအရှည်ကြီးနဲ့ အရှေ့တောင်အာရှမှာ ရေခဲတောင်ရှိတဲ့ တစ်ခုထဲသောနိုင်ငံလေလို့ဖြေပြီး ..မသိသေးရင်တော့ .. ကမ္ဘာုအကောင်းဆုံး ပတ္တမြားတွေထွက်တဲ့ နိုင်ငံလေ… မြန်မာ့ပတ္တမြား ဟာ ကမ္ဘာမှာ အကောင်းဆုံး ဆိုတာ နင်မကြားဖူးဘူးလား .. wiki မှာရှာကြည့်လိုက် ဆိုပြီး မေးလာတဲ့ နိုင်ငံခြားသားတွေကို ခပ်ချေချေပြန်ပြောရတာ သိပ်ကို အားရတာပဲ..

မိုးကုတ်မြို့နဲ့ ပတ်သတ်ပြီး စိတ်ဝင်စားဖို့ကောင်းတာတွေအများကြီးရှိတယ်ပြောကြတယ်....ရတနာ ရှိရာ ရတနာစုလို့ ပြောရမယ့် ကမ္ဘာကျော် ပတ္တမြားငမောက် ထွက်ရာမှာ မိုးကုတ်ဆရာတော်ဘုရားကြီး သတင်းသုံးတော်မူခဲ့သတဲ့.. နိုင်ငံကျော် မင်းသမီးတွေ ထွက်သတဲ့.. မိုးကုတ် အစားအစာတွေက နာမည်ကျော်သတဲ့..

image
image

သို့ပေမယ့်ပေါ့လေ.. တကယ်တော့ မိုးကုတ်မြို့ဟာ ကိုယ်နဲ့ အလှမ်းကွာဝေးလွန်းတယ်. .ကိုယ့်မှာ မိုးကုတ်ကို လာလည်ဖို့ ခေါ်မယ့် သူငယ်ချင်းမရှိဘူး.. နိုင်ငံခြားသားလာလို့ မရခဲ့တဲ့ မြို့မို့လို့ ကိုယ့်အလုပ်နဲ့ မသက်ဆိုင်ခဲ့ဘူး.. မိုးကုတ်ပြီးရင် ဆက်သွားစရာ မြို့အများကြီးမရှိလို့ လမ်းကြုံဝင်စရာလဲ မဖြစ်ခဲ့ဖူးဘူး.. အဝေးပြေးကားဝင်းမရှိတဲ့ မြို့မို့လို့ရန်ကုန်သူ ကိုယ် မိုးကုတ်ကို ဘယ်လိုသွားရမှန်းမသိခဲ့ဘူး.. ရတနာ လုပ်ငန်းက ကိုယ်နဲ့ ဘာမှ မဆိုင်လို့ ကျောက်တူးသူတွေပဲ ရှိတယ်ထင်တဲ့ မြို့မို့လို့ ပတ္တမြားထွက်လို့ ဂုဏ်ယူခဲ့တာက လွဲရင် သွားချင်စိတ်လဲ မဖြစ်ခဲ့ဖူးဘူး… အဲ့ဒီတော့ မိုးကုတ်မြို့အကြောင်းကို ကိုယ်ဘာမှ မသိခဲ့ဘူး… သွားဖို့လဲ တခါမှ မကြိုးစားခဲ့ဘူးရယ်..

အဲ့ဒီလို ကိုယ်နဲ့ ဘာမှ မဆိုင်တဲ့ မိုးကုတ်မြို့ကို သွားဖို့ အကြောင်းဖန်လာတယ်.. ချစ်တဲ့ မနုမြတ်ကနေ တဆင့် တခြား Travel Blogger တွေကိုပါ.. မိုးကုတ် နှစ် 800 ပွဲ အတွက် မိုးကုတ်ကိုလာလည်ဖို့ဖိတ်တယ်.. အလဲ့.. ဒီမိုးကုတ် အသင်းက ခေတ်မှီလှချည်လား.. ဟိုတယ်လဲ မဟုတ် လေကြောင်းလိုင်းလဲ မဟုတ်.. ယုတ်စွအဆုံး ခရီးသွားလုပ်ငန်းဖွံဖြိုးတိုးတက်နေတဲ့ မြို့လဲမဟုတ်တဲ့ ဒီမြို့က လူတွေက ကိုယ်တွေကို ဖိတ်တယ်ဆိုတော့ ..အံသြလို့ပေါ့.. သူတို့ မြို့ကို ဘယ်လို promotion လုပ်ရမလဲ သူတို့ကောင်းကောင်းသိတယ်.. ဘာကြောင့်ခေါ်ချင်တာလဲလို့ မေးတော့ ကျောက်မျက်လုပ်ငန်း အပြင် မြို့ကို ခရီးသွားလုပ်ငန်းနဲ့ ပါဖွံဖြိုးတိုးတက်စေချင်လို့ နှစ်၈၀၀ ပွဲကနေဆင့် မြို့ရဲ့အလှကို မြန်မာပြည်သူတွေ သိသွားစေချင်ရည်ရွယ်ချက်တဲ့.. ဟိုက်ရှားပါး….. အိုကေ.. ဒီလောက်နဲ့မိုကုတ်သွားဖို့ လုံလောက်သွားပြီ.. ကိုယ်ကခရီးသွားလုပ်ငန်းထဲက လူမဟုတ်လား.. ဒီလိုရည်ရွယ်ချက်ကြောင့်ဆိုတာ နဲ့တင် သွားကိုသွားသင့်နေပြီ..

မြန်မာပြည်ထဲ အဲ့ဒီမြို့အကြောင်း ဘာမှ မသိပဲ သွားခဲ့တဲ့ မြို့ဟာ မိုးကုတ်ပဲ.. အဲ့ဒီတော့ ဘာဖြစ်လဲဆိုရင် ကိုယ့်ရင်ထဲ ၀င်လာသမျှတွေဟာ အဆန်းတွေကြီး.. အံသြစရာတွေကြီး..စိတ်ဝင်စားစရာကောင်းတာတွေကြီးပဲ..
ဒီတစ်ခါ ကိုယ်ရေးမယ့် အကြောင်းအရာက မိုးကုတ်ကို ဘယ်လိုသွားမလဲ ဆိုတဲ့ လမ်းညွန်မဟုတ်ဘူး.. ပွင့်ပွင့်လင်းလင်းပြောရရင်ကိုယ်လဲအခုမှ ရောက်ဖူးပြီး အဆင်သင့်သွားလာခဲ့ရလို့ လမ်းမညွှန်တတ်သေးဘူး.. အဲ့ဒီတော့ ကိုယ့်ဘောဒါတွေသွားရောက်မွှေနှောက်ထားတဲ့ လမ်းညွန်တွေဖတ်ပြီး သွားလို့ရပြီ ..

မိုးကုတ်သူ အနော်ရေးထားတဲ့… https://m.facebook.com/story.php?story_fbid=1735764599971577&id=1700430383504999

ချီလီရဲ့ မိုးကုတ်… https://www.facebook.com/mykhayee/posts/1287503738063003

မနုမြတ် ရဲ့ မိုးကုတ်.. https://www.facebook.com/numyataroundtheworld/posts/2021666718072687

ကိုသီဟရဲ့မိုးကုတ်.. https://m.facebook.com/story.php?story_fbid=1064027300403927&id=696734360466558

ဒါဆို ကိုယ်ဘာတွေရေးမှာလဲ.. ကိုယ်မြင်ခဲ့တဲ့ မိုးကုတ်မြို့လေး အကြောင်းရယ် ..ဘာကြောင့်မိုးကုတ်ကို သွားလည်သင့်သလဲဆိုတာရယ်ကို ကိုယ်ပြောပြမယ်… ဟိုတလောက မိုးကုတ်မှာ ရေတွေ ခဲနေတယ်ဆိုလို့ သွားချင်လိုက်တာ.. ရေခဲတဲ့ရက်နဲ့ မကိုက်လို့ မိုးကုတ်ကို လည်ပြီး မချင့်မရဲ နဲ့ ပြန်လာခဲ့တဲ့ သူတွေကို ကိုယ်ပြောချင်တယ်.. မိုးကုတ် မြို့ဟာ ရေခဲရုံလောက်ကို သွားကြည့်ရတဲ့ မြို့မဟုတ်ပါဘူး.. သူ့ထက်ပိုတဲ့ အလှတရားတွေ နဲ့ စိတ်ဝင်စားဖို့ကောင်းတာတွေ အများကြီး၇ှိတယ်..

မိုးကုတ်ဆီသို့ ..

ရန်ကုန်ကနေ မန်းလေးအထိ ကားစီး.. မန်းလေးကနေမှ မိုးကုတ်သွားမယ့်ကားတွေ ကားဂိတ်မှာ လာစောင့်ပြီး မိုးကုတ်တက်ကြရတာ.. ကားတွေကတော့ 4 wheel တွေဆိုတော့ တော်တော်ကောင်းတယ်.ခရီးသည် ၄ ယောက်ပဲ လိုက်လို့ရတယ်.. မသိရင်တော့ private ကားလိုလိုပါပဲ.. မန်းလေးကနေ မိုးကုတ်ကို 5 နာရီကျော်ကျော်လောက်မောင်းရတယ်.. အကွေ့တော့တော်တော်လေးကိုများတယ်.. 999 ကွေ့ဆိုလို့ ကိုယ်တွေလိုက်ရီတာ ခနလေးနဲ့ အရူံးပေးလိုက်ရတယ်.. ကားမူးတတ်တဲ့သူတွေကတော့ သကြားလုံးအချိုလေးတွေဆောင်သွားပါ..

image
image

Limited Edition မြို့

အကွေုအကောက်များစွာကိုကျော်ပြီးတဲ့နောက်.. ဟိုးမှာ မိုးကုတ်မြို့ရောက်ပြီ… ဟေး… ရောက်ပြီကွ.. လိပ်ပြာကြီးနဲ့က ဘာကြီးလဲ..အဲ့ဒါဟိုတယ်လေ.. ဟယ်လှလိုက်တာ ..ဓါတ်ပုံဆင်းရိုက်လိုက်အုန်းမယ်နော်.. ရိုက်ပြီးကားပေါ်ပြန်တက်.. ဟယ် မြို့ကိုဘာလို့ကျော်လာတာလဲ.. ဘယ်ကိုအရင်သွားမလို့လဲမေးတော့.. ဒါ့က မိုးကုတ် အနောက်ပိုင်း.နေမှာက အရှေ့ပိုင်းမှာနေမှာ..ဘယ်လို.. မြို့ကတဆက်ထဲမဟုတ်ဘူးလား… မဟုတ်ဘူး.. အရှေ့ပိုင်းနဲ့ အနောက်ပိုင်းက 7 မိုင်ဝေးတယ်.. ဟယ်.. ကိုယ်အခုမှ ဒီလို မြို့တွေ့ဖူးတယ်.. မြို့သစ်လဲမဟုတ်ပဲ မြစ်ခြားထားတာလဲမဟုတ်ပဲ.. မြို့က နှစ်ပိုင်း နဲ့မိုးကုတ်မြို့ ဟာကိုယ့်ကို စရောက်ထဲကိုက အဆန်းတကြယ်ဖြစ်စေတယ်.. ဘာလို့ နှစ်ပိုင်းဖြစ်နေတာလဲ ..ဟိုဘက်မှာတဆက်တည်းဖြစ်မနေပဲ ဘာလို့ နောက်ထပ်တောင်တွေတက်ပြီး 7 မိုင်လောက်ဆက်သွားမှ မိုးကုတ်လို့ခေါ်တဲ့ အရှေ့ပိုင်းကိုရောက်တာလဲ..ကိုယ့်မယ် မေးခွန်းတွေတရစပ်မေးတော့.. ဟိုရောက်တော့ကြည့်လေ ဆိုပြီး ပြန်ပြောလေရဲ့… တောင်တွေအထပ်ထပ်ကျော်ပြီး တွေ့ပါပြီ.. ဟိုးအောက်နားလေးထဲက တောင်ကြားလေးထဲမှာ မိုးကုတ်မြို့လေး.. ဒါ့ကြောင့် မြို့ဟာ နှစ်ပိုင်းကွဲနေတာကို.. ထပ်ပြီးချဲ့လို့ မရတဲ့ Limited Edition မြို့လေး.. တန်ဖိုးဘယ်လောက်ရှိလိုက်မလဲ.. တောင်တွေပတ်လယ်ဝိုင်းနေတဲ့ ကြားထဲက တောင်ပေါ်ချိုင့်ဝှမ်းလေးထဲကမြို့လေး.. တောင်ထိပ်တွေမှာ စေတီတွေနဲ့ အိမ်လေးတွေက မြေပြန့်တွေမှာ မဆန့်တော့လို့ ဖြစ်မယ် တောင်စောင်းလေးတွေမှာ လဲ၇ှိတယ်.. ဟုတ်တယ်.ဒါဟာ တောင်ကြားလေးထဲက Limited ဖြစ်နေတဲ့ မြို့လေး.. တောင်ပေါ်တွေကနေကြည့်ရင် အနားသတ်တိကျနေတဲ့ မြို့လေး..

မိုးကုတ် Valley

ဒါကြောင့် မိုးကုတ်ဟာ အရှေ့ပိုင်းနဲ့ အနောက်ပိုင်း ဖြစ်နေတာကို.. အရှေ့ပိုင်းက မြေနေရာကန့်သန့်ထားသလိုဖြစ်နေပြီး တောင်တွေဝိုင်းနေတာ.. မိုးကုတ်မြို့က ဦးတစ်ယောက်က ပြောတယ်.. တောင်တွေ ၀ိုင်းနေတဲ့အလယ်မှာ ရှိနေလို့ မိုးကုတ်ကို ဒယ်အိုးနဲ့တူလို့ ဒယ်အိုးမြို့လို့ ခေါ်တာလေတဲ့… နိုး..နိုးး.. ဘာဒယ်အိုးမြို့လဲ ဦးရယ်.. အဲ့နာမည်ကြီးမလှပါဘူး.. ဒါဟာ valley ဦးရဲ့ .. မိုးကုတ် valley ပါ..သိပ်ကို တန်ဖိုးရှိတဲ့ valley ဒေသ..မိုးကုတ်တောင်ကြားဒေသ.. .. နိုင်ငံတကာမှာဆို valley တွေဟာသိပ်ကို ရာသီဥတုသာယာတဲ့ဒေသတွေမို့ လူတွေက ရွေးပြီးတောင်နေထိုင်ကြတယ်.. မိုးကုတ်ရဲ့ valley ဟာလဲ ရာသီဥတု ကသာယာတယ်.. အအေးဓါတ်က ဒီ valley ကို ကျော်လွန်တာနဲ့ ပိုပြီးအေးစိမ့်သွားတယ်.. အပြင်ဘက်နဲ့ ယှဉ်ရင် ရာသီဥတု သိသိသာသာကို နွေးတယ်.. တောင်ထိပ်တွေမှာတင် တိမ်တွေခိုနေတာ နိမ့်နိမ့်လေးရယ်.. နွေဘက်မှာလဲ ရာသီဥတုက တောင်ပေါ်က valley လေးမို့ နေလို့အရမ်းကောင်းတယ်လို့ ပြောတယ်.. ကိုယ်မယုံလို့ နွေရာသီထပ်လာ ဦးမယ်.. :)

နီညိုရောင်အိမ်လေးတွေ..

ညနေပိုင်း ဟိုတယ်မှာ check-in ၀င်ပြီးမြို့လေးထဲ ကားဖြတ်မောင်လာတော့ ကိုယ့်မျက်လုံးထဲ တန်းဝင်လာတာ သူတို့ရဲ့အိမ်တွေပဲ.. မြို့က limited ဖြစ်နေတော့ အိမ်တွေက ခြံဝင်းကျယ်ကျယ်သိပ်မရှိဘူးရယ်.. လမ်းနဲ့ ကပ်လျက်ဆောက်ထားတဲ့ နှစ်ထပ်
အိမ်ကောင်းတွေဟာ . ခြံစည်းရိုးကို ရသလောက်ခတ်ထားပြီးအစီအ၇ီနဲ့ ဥရောပမြို့တွေမှာ၇ှိတဲ့ အိမ်တွေလိုပဲ.. ကိုယ်အကြိုက်ဆုံးကတော့ အိမ်တွေရဲ့အရောင်.. ကားနဲ့ပို့တဲ့ ဦးလေးကို ..ဦးရေ အိမ်တွေက ဘာလို့ နီညိုရောင်တွေဖြစ်နေတာလဲ မြို့ရဲ့ ၃ ပုံ ၂ ပုံလောက်က နီညိုရောင်အိမ်ကြီးတွေမို့ ကြည့်ရတာ မျက်စီပသာဒတော်တော်လေးကို ဖြစ်တယ်.. အဲ့ဒါရေနံချေး သုတ်ထားတာလေတဲ့… အမ်… ရေနံချေးက အမဲမဟုတ်ဘူးလား ဦးလို့မေးတော့ အဲ့ဒါ ရေနံချေးတွေထဲကို ဆေးအနီထည့်သုတ်ထားတာတဲ့.. အိုး..လားလား.. နာမည်ကျော်မင်းသမီးတွေထွက်တဲ့ မြို့မို့လို့လား မသိဘူး.. မြို့ကို လှပခမ်းနားပြီး တင့်တယ်အောင် ပတ္တ မြားမြေမြို့ဆိုတာနဲ့လိုက်အောင် ကို ဖန်တီးပေးထားသလိုပဲ..မိုးကုတ်ကိုတွေ့တော့ ဆန်တိုရိနီက အဖြူနဲ့ အပြာ အိမ်လေးတွေကြောင့်ကမ္ဘာကျော်နေတာ သတိရသွားတယ်.. မိုးကုတ်မြို့လေးလဲ နိုင်ငံခြားသားခရီးသွားတွေပေးဝင်တဲ့တနေ့ .. တောင်ပေါ်ကနေလှမ်းကြည့်ရင်မြင်ရမယ့် ပတ္တမြားရောင် အိမ်နီလေးတွေကြောင့် ကမ္ဘာကျော်သွားရင်... ဆိုပြီး ကိုယ့်အတွေးကို သဘောကျပြီးပြုံးမိတယ်.. အမေရိကားရဲ့ မေရီလန်းပြည်နယ်ရောက်ခဲ့တုံးက အဲ့ဒီ လမ်းမတန်းက အိမ်တွေတောက်ပနေတာတွေ့တော့ မြို့တော်ဝန်က တနှစ်တခါ ဆေးသုတ်ခိုင်းတာတဲ့.. အဲ့ဒါမှ အဲ့ဒီရပ်ကွက်က အိမ်ဈေးတွေ မကျအောင်တဲ့.. သိပ်ကောင်းတဲ့စိတ်ကူးပဲ.. ရပ်ကွက်သန့်ပြီးဈေးကောင်းရတယ်.. မိုးကုတ်ဟာဒီလို ဖြစ်ဖို့အနီးစပ်ဆုံးပဲ .. ထပ်ချဲ့စရာမရှိတဲ့ valley ထဲမှာရှိတဲ့ မိုးကုတ်ဟာ ပတ္တမြားရောင်တောက်တောက်အိမ်လေးတွေနဲ့ဆိုရင်.. မဝေးတော့တဲ့ အနာဂတ်မှာ.....

လူမျိုးစုံချစ်ကြည်စွာနေကြတဲ့မိုးကုတ်

ရှမ်း..လီဆူ.. ဗမာ.. ဂေါ်ဒခါး.. ပလောင် ..တရုတ် စတဲ့ လူမျိုးပေါင်းစုံ အေးချမ်းစွာယှဉ် တွဲနေထိုင်ကြတယ်.. ဒီလိုပေါင်းနေတာထက်ကို ကိုယ်သိပ်ကို လေးစားမိတဲ့အချက်က မိုးကုတ်မြို့သားဆိုတာ တစ်ခုထဲရဲ့အောက်မှာ အလွန်စည်းလုံး ညီညွတ်ပြီး တစ်ယောက်ကို တယောက် လေးစားချစ်ခင်ကြတာတွေ့ရတယ်.. တစ်ဦးနဲ့တစ်ဦးအပြန်အလှန်ပွဲထုတ်ပြီး တဦးယဉ်ကျေးမူ နောက်တစ်ဦးက ဂုဏ်ယူစွာအသိအမှတ်ပြုရင်း သူတို့မှာ ဒီလိုလူမျိုးပေါင်းစုံယှဉ်တွဲနေထိုင်ကြတာကိုပဲ ကျေနပ်ပိတိဖြစ်နေကြတာ အထင်းသားမြင်နေရတယ်.. မြန်မာပြည်ကြီးထဲလဲ မိုးကုတ်သားတွေပဲလို မြင်ရရင်ဘယ်လောက်ကောင်းမလဲနော် .

မိုးကုတ်မြို့ရဲ့ရူမျှော်ခင်းတွေ ..

မိုးကုတ်မရောက်ခင် လမ်းမှာထဲကသတိထားမိနေတာ တိမ်တွပဲ.. တိမ်တွေက နိမ့်နိမ့်လေးရယ်.. တောင်တွေပေါ်ကကြည့်ရင် ကိုယ့်ဘေနားမှာသူတို့ ဖြတ်သွားသလို.. ပါးလေးကို ဖျက်ခနဲ ပွတ်တိုက်သွားသလို.. တိမ်မျှင်လေးတွေဖြစ်လိုက် ခနနေရင် အုပ်ဆိုင်းပြီး သိပ်သည်းသွားလိုက်နဲ့ .. ခနလေးနဲ့ကို အပြောင်းအလဲ ကြီးလွန်းတယ်.. တိမ်တွေအောက်က မြို့လေးလေးက ပေါ်လာလိုက်.. အရှေ့ဘက်..အနောက်ဘက်က တောင် တွေက ပျောက်သွားလိုက်နဲ့.. မျက်လှည့်ကြည့်နေရသလိုပဲ.. သိပ်လှတယ် ဆိုတဲ့စကားထက် .. ဘယ်လို မြို့လေးပါလိမ့်ဆိုပြီး ခေါင်းစဉ်တပ်မရ ဖြစ်လိမ့်မယ်.. သေချာတာကတော့ အဲ့ဒီ မြင်ကွင်းတွေလိုက်ကြည့်ရင်း စိတ်ပျော်လာတာအမှန်ပဲ...

မိုးကုတ်အစားအစာ..

သူတို့စားတဲ့ အစားအစာတွေကိုကြည့်ပြီး အဲ့ဒီဒေသရဲ့ကြွယ်ဝမူကို မှန်းလို့ရတယ်ဆိုတာ မိုးကုတ်ရောက်မှ ကိုယ်ကောင်းကောင်းကြီးလက်ခံသွားတော့တယ်.. ကိုယ်ဟာဝက်သားရှိရင် ဘယ်တော့မှ ကြက်သားမစားတဲ့သူ.. မိုးကုတ်က ပြန်လာတော့ဝက်သားကို ၁ပတ်လောက်မစားနိုင်တော့ဘူး.. ၀က်ကို version မျိုးစုံနဲ့စားတဲ့မြို့.. မိုးလင်းအစာပြေစားထဲကိုက ကိုယ်တွေဆီမှာ ညစာစားသလို ၀က်သားကိုစားတယ်.. မျက်လုံးပါပြူးတယ်.. မိုးကုတ် နန်တုန်က နာမည်ကြီးတယ်.. ကိုယ့်ကို တပွဲပေးဆိုတော့ ..အဲ့ဒါ အပြီးစားတဲ့အစာမဟုတ်ဘူးတဲ့ ..snank လိုစားတာတဲ့.. ကိုယ်တွေဆီမှာ ရခိုင်မုန့်တီကိုနေ့လည်ဘက် အပျော်စားသလို ..သူတို့က ၀က်သားဟင်းပွဲတွေကို အပျော်စာလို စားနေကြတာ မြင်ရတာနဲ့ ဒီမြို့ဟာ အရင်ထဲက ဘယ်လိုတွေတောင်ချမ်းသာခဲ့တဲ့မြို့ဖြစ်မလဲတွေးကြည့်လို့ရတယ်..အေးပေါ့လေ.. ရတနာပုံကြီး ဖင်ခုထိုင်ထားတဲ့မြို့ပဲ.. ရာသီဥတုအေးအေးနဲ့ အအီစာတွေစားပြီး နှပ်နေရုံပဲ.. ချမ်းသာလေစွ..

ထာပွဲ .

ထက်ထက်မိုးဦးကြော်ငြာထဲကလို ရတနာစိန်ကျောက် ဇယ်တောက်တမ်းကစားမယ်ဆိုတဲ့ ကြော်ငြာပေါက်ခဲ့တာ အဆန်းမဟုတ်ဘူးဆိုတာ မိုးကုတ်ရောက်မှ သိသွားတော့တယ်..မိုးကုတ်သူတစ်ယောက်က အဖိုးတန်ကျောက်တွေကို ဇယ်တောက်တယ် ဆိုတာသူ့အတွက် အလွယ်ကူဆုံးသရုပ်ဆောင်မူပေါ့.. မိုးကုတ်နဲ့ မအပ်စပ်တဲ့ ကိုယ်ဟာ ထာပွဲဆိုတာ ကိုယ်တခါမှမကြားခဲ့ဖူးဘူး.. ထာပွဲထဲ ရောက်သွားပြီးတော့ ကိုယ်အလုပ်ချင်ဆုံး အရာကတော့ နိုင်ငံခြားသားတွေကို ဂုတ်ကဆွဲပြီး ..လာကြည့်ကြ ငါတို့နိုင်ငံမှာ အဖိုးတန်ကျောက်တွေ ဒီလိုရောင်းနေတာ လို့ ပြလိုက်ချင်တယ်.. ကိုယ့်မယ် အရူးလိုပဲ ထာပွဲထဲမှာ . အားလုံးက ကိုယ့်အတွက် ရူပ်ရှင်ကြည့်နေရသလိုပဲ.. ထာပွဲဆိုတာ တန်ဖိုးကြီးကျောက်တွေကို အရောင်းအ၀ယ်ပြုလုပ်တဲ့ ဈေးပေါ့.. ဆိုင်ကြီးတွေနဲ့ ရောင်းတာမျိုးမဟုတ်ပဲ.. စားပွဲခုံတလုံး ထီးတချောင်းနဲ့ ..ထိုင်ရောင်းနေတာ.. အမလေး.. ဘ၀မယ် ဒီလိုဈေးမျိုးတခါမှ မမြင်ဖူးဘူးရယ်.. ဒီထာပွဲကိုမြင်ရတာနဲ့ မိုးကုတ်လာရတာတန်ပြီ ကိုယ်တွေးမိတယ်.. နိုင်ငံခြားသားတွေ ရောက်ရင်လဲ ကိုယ့်လိုပဲတွေးမိမှာအသေအချာပဲ.. ကိုယ်ကတော့ ထာပွဲထဲလျောက်ကြည့် တွေ့တဲ့လူ သိချင်တာလျှောက်မေး.. သူတို့ကလဲ သေချာကိုရှင်းပြတယ်.. ကျွတ်ကျွတ်အိတ်နဲ့ ကျောက်တွေထုတ်ထားတယ်.. တထုတ် ၅ သိန်းတဲ့.. ကျောက်တွေကို စပါးလုံး ရွေးနေသလိုကို ရွေးကြတာ.. ဒါက နတ်သွေးလို့ခေါ်တယ် ကလေးမရဲ့တဲ.. ဘာလဲ နတ်သွေးဆိုတော့ .. နတ်ကသွေးထားသလိုလှနေတာလေ.. လေးပုံလောက်ပုံထားတယ်.. ဒါက ကံပဲ ကလေးမရေ..ဒီအထုပ်ထဲက ကျန်တဲ့ ဟာတွေက သိပ်မကောင်းတော့ဘူး.. သူပြောတဲ့ အထုပ်ထဲ ဖွင့်ကြည့်လိုက်တော့ လက်လက်ထနေတဲ့ ကျောက်တွေ.. ၂ သိန်းလောက်ပဲ တန်တော့မှာတဲ.. ပိုက်ဆံသာပါလာရင် အဲ့အထုပ် တကယ်ကို ၀ယ်လာမိမှာပဲ.. မိုးကုတ်ပတ္တမြားတွေကို အထုပ်လိုက်ဝယ်တာလို့ ဂုဏ်ဆာလို့ရတယ်.. souvenior အနေနဲ့ သေချာလေး လုပ်ရောင်းအုန်း တော်တော်ရမှာ.. အရမ်းကောင်းတဲ့ကျောက်တွေ ကိုင်ထားပြီး လေလံလို ဈေးပေးရတာလဲရှိသေးတယ်.. အချိန်မရခဲ့လို့သာ အချိန်သာရရင် အဲ့ဒီထာပွဲထဲ ဖွင့်ထဲက သွားထိုင်ပြီး သိချင်တာတွေ ကျောက်ပေါင်းစုံတွေ သေချာလေး သွားထပ်ကြည့်ချင်သေးတာ..

image

မိုးကုတ်မြို့ရဲ့ view point တွေ

တကယ်က ဘယ်တောင်ပေါ်ကတက်ကြည့်ကြည့် view point တွေကြီးရယ်.. တောင်ပေါ်တွေမှာ ဘုရားစေတီတွေအများကြီးရယ်.. view point တွေက ရူခင်းတွေမတူဘူးရယ်.. အရှေ့ပိုင်းမိုးကုတ်ကို ကြည့်ရင်တမျိုး ..အနောက်မိုးကုတ်က တမျိုးလေးလှပြန်ရော.. ဘားနပ်သွားတဲ့ လမ်းမှာဆို တိမ်တွေထဲပဲ ကားက မောင်းသွားတော့လို.. လမ်းဘေးမှာတင်တိမ်တိုက်တွေ.. တောင်ပေါ်မြို့ဆိုတထက် ..သိပ်လှတဲ့ တောင်အထပ်ထပ်တွေရဲ့ကြားထဲမှာ ပိုပြီး ပနံသင့်အောင် မြို့လယ်မှာ အင်းကြီးက ရှိလိုက်သေးတယ်.. ဘေးပတ်လယ်မှာ အစိမ်းရောင် တောင်တွေ .. အပေါ်မှာ အဖြူရောင်တိမ်တွေက ပြေးလွှားဆော့ကစား.. အောက်မှာ နီညိုရောင် အိမ်ကြီးတွေ ရဲ့အလယ်မှာ ခန့်ခန့်ညားညား မိုးကုတ်အင်းကြီးနဲ့.. ငယ်ငယ်က စိတ်ကူးယဉ်ပြီး ပန်ချီလျှောက်ဆွဲထားတဲ့မြို့ကို အပြင်မှာ လာမြင်နေရသလိုပါပဲ...

ဩော် ... မေ့တော့မို့.. မိုးကုတ် နှစ်၈၀၀ ပွဲက မတ်လ ၂၉ ကနေ မတ်လ ၃၁ အထိတဲ့ မိုးကုတ်မှာ.. တွေ့ကြမယ်နော်..

မမထက်ထက်မေဇွန်ဦး

#travellinginmyanmar
#မိုးကုတ်နှစ်၈၀၀

Sort:  

Wow beautiful view

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.029
BTC 60934.92
ETH 3379.12
USDT 1.00
SBD 2.48