📷

in #esteem6 years ago

မာနသိပ်မကြီးပါနဲ့


ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးပြီးတော့
သူများကို အထင်မသေးပါနဲ့။
ကိုယ်အထင်သေးထားတဲ့သူက
ကိုယ်အထင်သေးသလို
ဟုတ်ချင်မှာလည်း ဟုတ်မှာပါ။

အခုလောလောဆယ်မှာ
ကိုယ့်ရဲ့အထင်သေးစရာ ဖြစ်နေပေမယ့်
တစ်ချိန်မှာ ကိုယ့်ထက်သာချင် သာသွားမှာပဲ။

ကိုယ်အထင်ကြီးစရာ
အနေအထားမျိုးရောက်ချင် ရောက်သွားမှာပဲ။
ကိုယ့်ကိုယ်ကို အထင်ကြီးပြီး
သူများကို အထင်သေးတဲ့စိတ်နဲ့ မပြောသင့်
မပြောထိုက်တာ ပြော၊
မလုပ်သင့် မလုပ်ထိုက်တာ လုပ်မိရင်
ကိုယ်ပဲပြန်ပြီး ဒုက္ခရောက်တတ်ပါတယ်။

■ ၀ိဋဋူဘဇာတ်ကို ပြန်ကြည့်လိုက်ပေါ့။ ကျွန်မက မွေးတဲ့သား ဆိုပြီးတော့ ၀ိဋဋူဘ ထိုင်သွားတဲ့နေရာကို နွားနို့ရည်နဲ့ ဆေးလိုက်တော့ ဟိုက ရန်ငြိုးဖွဲ့ပြီး မင်းတို့က နွားနို့နဲ့ပဲ ဆေးတယ်။ ငါက မင်းတို့
လည်ချောင်းသွေးနဲ့ ဆေးမယ်လုပ်လိုက်တာ။ ဘုရားမျိုး သာကီဝင်တွေ တစ်ဆွေလုံး တစ်မျိုးလုံး အသတ်ခံရပါတယ်။ ဒါဟာ မာနလွန်ကဲလို့ ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးလွန်းလို့ ကြုံတွေ့ရတဲ့ ဆိုးကျိုးတွေပဲ။

■ ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးလွန်းတဲ့သူဟာ သူများကို အလိုလိုနေရင်း အထင်သေးသွားတတ်တယ်။ မြင်မြင်သမျှ လူကို လူလို့တောင် မထင်တော့ဘူး။ လောကကြီးမှာ လူနဲ့တူတဲ့ လူဆိုလို့
ငါတစ်ယောက်ပဲရှိတယ်လို့ အထင်ရောက်သွားတယ်။ ဘယ်သူမှ ငါ့လောက်မရှိဘူး။ ဘယ်သူ့မှ ငါ့လောက် မသိဘူးလို့ ဘ၀င်မြင့်သွားတယ်။ ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးလွန်းအား ကြီးတော့ လူအချင်းချင်း ပြောဆို ဆက်ဆံတဲ့နေရာမှာ သူတစ်ဖက်သားကို အထင်သေးတဲ့ စကားမျိုး၊ နှိမ့်ချတဲ့စကားမျိုး ပြောမိတတ်တယ်။ ဆရာကြီးလေသံနဲ့ အထက်စီးကနေ လုံးကြီးတင် ပြောမိတတ်တယ်။

■ အထင်သေးစကား ပြောခံရတဲ့ တစ်ဖက်သားက ငါ့ကို အထင်သေးတဲ့စကား ပြောတယ်ဆိုပြီး ကိုယ့်အပေါ် နာကျည်းမုန်းတီးသွားတယ်။ နဂိုက ကူညီနေတဲ့လူကလည်း မကူညီတော့ဘူး။
နဂိုက စောင့်ရှောက်တဲ့သူလည်း မစောင့်ရှောက်တော့ဘူး။နဂိုက ပေါင်းသင်းနေတဲ့လူကလည်း မပေါင်းသင်းတော့ဘူး။ ကိုယ့်ကိုယ်ကို အထင်ကြီးပြီး သူများကို အထင်သေးခြင်းကြောင့်
ကိုယ်ပဲ အကျိုးဆုတ်ယုတ်ရတယ်။

■ မာနကြီးတယ်ဆိုတဲ့စကားကို အထင်ကြီးတယ်လို့ သုံးနှုန်းထားတာလေးကိုက အင်မတန် စိတ်ဝင်စားဖို့ကောင်းတယ်။တရားသဘောတွေ အများကြီးပါတယ်။ အထင်ကြီးတယ်ဆိုကတည်းက
အမြင်ကြီးတာမှ မဟုတ်ဘဲ။ အမှန်တကယ် လက်တွေ့တွေ ကြီးနေတာမှ မဟုတ်ဘဲ။ “အထင်” တွေပဲ ကြီးနေတာ။ တကယ်တော့ လောကမှာ အထင်ကြီးတယ်ဆိုတာ အထင်တွေပဲရှိတာ။
မာနကြီးလောက်စရာ၊ ဘ၀မြင့်လောက်စရာ၊ခြေဖျား ထောက်လောက်စရာဆိုတာ တကယ်တော့ ဘာမှမရှိဘူး။

■ ပစ္စည်းဥစ္စအနေနဲ့ တစ်လောကလုံး တစ်ကမ္ဘာလုံးမှာရှိတဲ့ လူတွေကို သူတို့ ဘာမှမလုပ်ဘဲနဲ့ စားနိုင်သောက်နိုင်လောက်အောင် ကျွေးနိုင်၊ ပေးနိုင်၊ စွန့်လှူနိုင်တဲ့ အနေအထားမျိုး ကိုယ့်မှာရှိနေပြီးလား။ သက်ရှိသတ္တ၀ါမှန်သမျှကို အချိန်တိုင်း လိုသလောက် ပေးလှူနိုင်လောက်အောင် ကိုယ့်မှာ မရှိသေးပါဘူး။ ဒါဆို ပစ္စည်းဥစ္စာကို အကြောင်းပြုပြီးတော့ ဘာလို့ မာနဖြစ်နေဦးမှာလဲ။ မာနဖြစ်တယ်ဆိုရင် ကိုယ့်ပစ္စည်းဥစ္စာတွေကို မာနဖြစ်လောက်စရာလို့ ရူးသွပ်စွာ ထင်နေတဲ့ စိတ်ကူးယဉ် အထင်မျှသာပါပဲ။ မာနကြီးတာဟာ အထင်သက်သက် ကြီးတာပါ။ အထင်ဆိုတဲ့ သဘာဝကိုက မကောင်းတဲ့ ဥစ္စာ၊ အထင်ကြီးတယ်ဆိုတော့ ပိုဆိုးတာပေါ့။

■ ရာထူးအနေနဲ့လည်း တစ်လောကလုံး၊ တစ်ကမ္ဘာလုံးကို လွှမ်းမိုးနိုင်လောက်အောင် ကိုယ့်မှာ ရာထူးအာဏာတွေ ရှိနေပြီလား။ ပညာအနေနဲ့လည်း သိသင့်သိထိုက်တဲ့ လောကီ လောကုတ္တရာ
အကြောင်းအရာအားလုံးကို သဗ္ဗညုတဉာဏ်တော်ကြီးနဲ့ တန်းတူ ယှဉ်နိုင်လောက်အောင် ကိုယ့်မှာ သိနေ၊ တတ်နေပြီလား။ အဲ့ဒီလိုအားဖြင့် မာနကြီးလောက်စရာလို့ ကိုယ့်ထင်နေတဲ့ အရာတွေကို အမြင့်မားဆုံး၊ အကြီးကျယ်ဆုံးစံချိန်တွေနဲ့ မှတ်ကျောက်တင်
စစ်ဆေးကြည့်လိုက်ပါ။ အစစ်ဆေးမခံနိုင်ဘူးဆိုရင် မာနမကြီးပါနဲ့။အထင်ကြီးမနေနဲ့ပါနဲ့။

■ မာနကြီးတယ်ဆိုရင် အထင်သက်သက်ကြီးနေတာပဲ ဖြစ်မှာပါ။အထင်ဟာ အထင်ပါပဲ။ အမြင်မဟုတ်ပါဘူး။ အမှန်မဟုတ်ပါဘူး။တကယ်လက်တွေ့ မဟုတ်ပါဘူး။

■ ကိုယ့်ကိုယ်ကို တကယ် အထင်မကြီးတော့ဘူးဆိုရင် သူတစ်ပါးကိုလည်း အထင်မသေးတော့တဲ့အတွက် စိတ်နေစိတ်ထားရော၊ အပြောအဆို၊ အပြုအမူပါ ပတ်ဝန်းကျင်နဲ့
သဟဇာတဖြစ်လာလို့ ပေါင်းသင်းဆက်ဆံရေး ပိုအဆင်ပြေလာတဲ့အပြင် မပြစ်မှားသင့် မပြစ်မှားထိုက်တဲ့ သူတွေကိုလည်း မပြစ်မှားတော့တဲ့အတွက် စိတ်အပူ၊
ဘ၀အပူတွေ ကင်းရှင်းပြီး ငြိမ်းအေးပျော်ရွှင်ရပါတော့တယ်။

{အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)}
(ငြိမ်းအေးသောဘ၀ပိုင်ရှင်ဖြစ်ဖို့မှ ကောက်နှုတ်ချက်)

Credit to Pay Thoe.


ပစ္စည်းဥစ္စာကို အကြောင်းပြု ပြီး မာန ဖြစ်နေတယ်
ဆိုရင် . . . .

ဟုတ်ပြီ ၊ ငါ ဒီပစ္စည်းဥစ္စာကြောင့် မာန ဖြစ်တယ် ။
ငါဘယ်လောက်များ ချမ်းသာနေလဲ ?

မြန်မာတစ်နိုင်ငံလုံးမှာ ရှိတဲ့လူတွေ ဘာအလုပ်မှ မလုပ်ဘဲ ထိုင်စားနိုင်လောက်အောင် ငါကျွေးနိုင်ပြီလား ?

မြန်မာနိုင်ငံသားအားလုံးကို တစ်နှစ်လုံး အလကား ကျွေးနိုင်လောက်အောင် ငါချမ်းသာလို့လား ?

စဉ်းစားကြည့်လိုက်နော် . .
အဲဒီလို စဉ်းစားကြည့်လိုက်ရင် တစ်ရက် ကျွေးနိုင်ဖို့တောင် မလွယ်ပါဘူး ။ အဲဒီလို တစ်ရက် ကျွေးနိုင်တဲ့သူလည်း တစ်ယောက်မှ မရှိသေးပါဘူး ။

မြန်မာနိုင်ငံသူ/သားတွေ သန်းပေါင်း ခြောက်ဆယ်နီးပါး ရှိမှာပေါ့ ။ အဲဒီ သန်းပေါင်းခြောက်ဆယ်ကို အခမဲ့ တစ်ရက် ကျွေးဖို့တောင် မလွယ်ဘူး ၊

အဲဒီလောက်တောင်မှ မချမ်းသာသေးဘဲနဲ့ ဘာလို့များ မာန ကြီးဦးမှာလဲ ?

မြန်မာတစ်နိုင်ငံလုံးက သူတွေကို တစ်နှစ်လောက် ဒါမှမဟုတ် သူတို့တစ်သက်လုံး ကျွေးနိုင်လောက်အောင် ချမ်းသာပြီ ထား ။ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ လူတွေကို ကျွေးနိုင်ပြီလား ?

ကျွေးနိုင်ပြီဆို လက်တွေ့လုပ်ပါ ၊
အီသီယိုးပီးယားတို့ ၊ အာဖဂန်နစ္စတန်တို့ကို သွားပြီးတော့ ထောက်ပံ့လိုက် ၊ အာဖဂန်နစ္စတန်ကိုမှ မထောက်ပံ့နိုင်သေး ဘဲနဲ့တော့ မာနမကြီးနဲ့တော့ ။


အဲဒီတော့ ပစ္စည်းဥစ္စာကို အကြောင်းပြုပြီးတော့ မာနကြီးမယ် ကြံရင် . . .
တစ်ကမ္ဘာလုံးကို အခမဲ့ကျွေးနိုင်လောက်အောင် ငါ့မှာ ပြည့်စုံပြီလား ? မပြည့်စုံသေးဘူး ၊

ဒါဆိုရင် ဘာဖြစ်လို့ မာနကြီးနေဦးမှာလဲ ၊
ကိုယ့်မှာ ရှိတာကို တွေးကြည့် , ရှက်စရာကြီး ။

တစ်ကမ္ဘာလုံးကို အသာထားလိုက်ဦး ၊
ကိုယ့်ဆွေမျိုးလေး တစ်ခုကိုပဲ ချမ်းသာအောင် လုပ်ပေးနိုင်ပြီလား ?

ကိုယ့်ဆွေမျိုးထဲမှာ ဆင်းရဲသူ တစ်ယောက်မျှမရှိ ၊ ဆွေမျိုး အားလုံး ချမ်းသာနေအောင် ၊ ပြည့်စုံနေအောင် ကိုယ် ကူညီထောက်ပံ့နိုင်နေပြီလား ?

ကိုယ့်ဆွေမျိုးတစ်စုကိုတောင် ပြည့်စုံအောင် လုပ်မပေးနိုင်သေးဘဲနဲ့တော့ ကိုယ့်ရှိတာလေးကို အဟုတ်ထင်ပြီး မာနကြီး မနေပါနဲ့ . . . . . .။

ပြီးတော့ . . . ကိုယ့်ထက်သာတဲ့သူ ဆိုတာ အမြဲတမ်း မရှိဘူးလား ? ရှိတယ် ။

ကိုယ့်မှာ သိန်းပေါင်းတစ်ထောင် ရှိတယ်ဆိုပြီး မာနကြီးမယ် ကြံရင် သိန်းနှစ်ထောင် ချမ်းသာတဲ့သူတွေ အများကြီး ၊

သိန်းလေး ငါး ခြောက်ထောင် ချမ်းသာတဲ့သူတွေ အများကြီး ၊ လှမ်းကြည့်လိုက် ၊ မှန်းကြည့်လိုက် ။

ကိုယ့်မှာရှိတဲ့ သိန်းတစ်ထောင်လေးနဲ့ ဘာများ မာနကြီးစရာ ရှိသေးလဲ ?

နှိုင်းယှဉ်တယ် . . .ဆိုတာ အကုသိုလ်စိတ် မဖြစ်အောင်သာ နှိုင်းယှဉ်ရမှာ ။ ကုသိုလ်စိတ် ဖြစ်အောင်တော့ နှိုင်းယှဉ်ရမှာပေါ့ ။

" ဆရာတော် အရှင်ဆန္ဒာဓိက-ရွှေပါရမီတောရ "
( ထူးမှထူး ၊ စာ-၃၅-၃၉) အား ပူဇော်ပါ၏


" မာ" ရင်တော့ " န "သွားမှာပါပဲ

မြင့်သူတွေရဲ့ကြားမှာ နိမ့်အောင်နေတဲ့အတွက်
ကိုယ့်ဘဝ နိမ့်သွားလိမ့်မယ် မထင်ပါနဲ့ ။
မြင့်သူတွေကြားမှာ နိမ့်လိုက်မှ ကိုယ့်ဘဝ မြင့်နိုင်တာပါ ။

မာနတွေ ကြီးပြီးတော့ ဘဝင် မြင့်နေတဲ့သူတွေကြားမှာ
မာနကို နှိမ့်ချပြီးတော့ ဘဝင်နိမ့်မယ် ဆိုရင်
အဆင့်အတန်း မြင့်တဲ့ ဘဝကို ရောက်နိုင်ပါတယ် ။

လူတိုင်း သိကြတယ် ။
မာနကြီးရင် သံသရာ အကျိုးပေး အနေနဲ့
ဘာဖြစ်တတ်တုန်း ?

  • အမျိုးယုတ်တယ် ၊ အမျိုးညံ့တယ် ။
  • ဖြစ်လေရာဘဝမှာ ယုတ်ညံ့တဲ့ အမျိုးမှာ ဖြစ်ရတယ် ။
  • အကြီးဆုံးအကျိုးက အပါယ်လေးပါးပေါ့ ။
  • မာနကြီးရင်လည်း အပါယ်လေးပါးကို ရောက်မှာပဲ ။
  • အပါယ်လေးပါးက လွတ်ပြီး လူပြန်ဖြစ်ပြီဆိုရင်လဲ
    အမျိုးညံ့မှာ ဖြစ်တတ်ပါတယ် ။

ငါအမျိုးမြတ်တယ် , ငါအမျိုးမြင့်တယ် ဆိုပြီး လက်မ
ထောင်ပြီးတော့ ဘဝင်မြင့်လိုက်တယ် ။
အဲဒါ အကျိုးပေးတော့
ကိုယ်မလိုချင်တဲ့ , ကိုယ်နိမ့်ချပြောထားတဲ့
အမျိုးညံ့ , အမျိုးယုတ်မှာ သွားပြီးတော့ ဖြစ်ရတယ် ။

မြင့်တဲ့အတွက် နိမ့်သွားတာပါ ။
ဘဝင်မြင့်တဲ့အတွက် ဘဝနိမ့်သွားတာပါ ။


မြတ်စွာဘုရားလက်ထက်တုန်းက
ပုဏ္ဏကာထေရီ ဆိုတာ ရှိပါတယ် ။
သူက လူ့ဘဝတုန်းက အနာထပိဏ် သူဌေးကြီးရဲ့
ရေခပ်ကျွန်မရဲ့ ဝမ်းမှာ ဝင်စားပြီး ကျွန်မ ဖြစ်ရတယ် ။

ဘာကြောင့် ကျွန်မ ဖြစ်သလဲဆိုရင် . . . .
သူဟာ ရှေးဘုရားခြောက်ဆူရဲ့ လက်ထက်မှာ
ပိဋကတ်သုံးပုံကို အာဂုံဆောင်နိုင်တဲ့ တိပိဋကဓရ ဘိက္ခုနီမ
ဖြစ်ခဲ့ဖူးတယ် ။

တရားဟောလဲ အင်မတန်ကောင်းတယ် ။ ဗဟုသုတလည်း အင်မတန် ပြည့်စုံတယ် ။ အဲဒါကို အကြောင်းပြုပြီး မာနတွေ ကြီး ၊ ဘဝင်တွေ မြင့်ခဲ့တယ် ။

ပိဋကတ်သုံးပုံ အာဂုံဆောင်ပြီး သီလ , သမာဓိ , ပညာ
သိက္ခာသုံးပါး ဖြည့်ကျင့်ပေမယ့် ၊
ဝိပဿနာအလုပ်ကို ကြိုးစားအားထုတ်ပေမယ့်
မာနတွေ ကြီးနေတဲ့အတွက် ကိလေသာကို အပြီးသတ်
ပယ်သတ်ဖို့ မစွမ်းနိုင်ခဲ့ဘူး ။
တရားထူး ၊ တရားမြတ် လုံးဝ မရခဲ့ဘူး ။

သိပ်ကို သံဝေဂ ရစရာကောင်းတယ် ။

သက်တော်ထင်ရှား ဘုရားခြောက်ဆူနဲ့
ခြောက်ကြိမ်တိုင်တိုင် ဆုံရတာတောင် မာန ခံနေလို့
တရား မရဘူး ဆိုမှတော့ . . .

သက်တော်ထင်ရှားဘဝနဲ့ မဆုံရတဲ့ ခုလို အချိန်မျိုးမှာဆို
ပြောမနေနဲ့တော့ပေါ့ ။

မာနတွေ . . . မာနတွေ
သိပ်ကြောက်စရာ ကောင်းတယ်နော် ?
ကိုယ့်ဘာသာ မာနကြီးတာ ဘာဖြစ်လဲ ?
ခါးမထောက်ပါနဲ့ ။ ဘာမှ မဖြစ်ပါဘူး ။
တရားထူး မရရုံ , အပါယ်ငရဲ ကျရုံနဲ့ , အမျိုးညံ့ရုံ ( ယုတ်ရုံ )
လေးပါပဲ ။ သိပ်မဆိုးပါဘူးနော် ။

ဘုရားခြောက်ဆူလုံးလက်ထက်မှာ ပရိယတ် , ပဋိပတ်
ပြည့်စုံပေမယ့် ဂေါတမဘုရားရှင် လက်ထက်မှ ရဟန္တာ ဖြစ်ရပါတယ် ။

ကျွန်မဘဝကနေ ဘိက္ခုနီမ ဝတ်ပြီးတော့ ရဟန္တာ ဖြစ်ရတယ် ။
ဘာကြောင့်လဲ ? မာနကြီးခဲ့လို့ ။
တရားထူး မရတာလဲ မာနကြီးခဲ့လို့ ။
ကျွန်ဖြစ်ရတာလဲ မာနကြီးခဲ့လို့ ။

ဒါကြောင့် မာနက ကြီးကို မကြီးသင့်ပါဘူး ။
" မာန်မာန မထားသင့်ပါတယ် " ဆိုတဲ့ သီချင်းစာသားလေးကို တရားသဘောလေးနဲ့ အမြဲနှလုံးသွင်းကြပေါ့နော် ။

" ဆရာတော် အရှင်ဆန္ဒာဓိက - ရွှေပါရမီတောရ "
( ထူးမှထူး ၊ ၅၄ - ၅၉ ) မှ ကောက်နုတ်ပူဇော်ပါ၏။
image

@claye

Coin Marketplace

STEEM 0.20
TRX 0.14
JST 0.030
BTC 68854.36
ETH 3283.36
USDT 1.00
SBD 2.67