Halfwit

in #esteem6 years ago (edited)

ဦးနှောက် ဆိုသည်မှာ

သင့်ကို (၁) ကနေ (၁ဝ) ထိ ရွတ်ပြလို့ ပြောရင် သင်ဘယ်လို ပြန်ဖြေမလဲ ?
တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက်၊ ခုနစ်၊ ရှစ်၊ ကိုး၊ တစ်ဆယ် လို့ ပြန်ဖြေမှာပဲလေ။ တကယ်လို့ သင့်ကို သူငယ်တန်းတုန်းက ၁၊ ၂၊ ၃၊ ၄၊ ၅ လို့ မသင်ခဲ့ဘဲနဲ့ (၁) ပြီးရင် (၇) လာတယ်၊ (၇) ပြီးရင် (၄) လာတယ်။ (၄) ပြီးရင် (၉) လာတယ်၊ (၉) ပြီး (၂)၊ (၂) ပြီး (၈)... ဆိုပြီး သင်ခဲ့ရင် အခုချိန်မှာ သင်က (၁)၊ (၇)၊ (၄)၊ (၉)၊ (၂)၊ (၈) ... ကပဲ အမှန်လို့ ထင်လိမ့်မယ်။ (၁)၊ (၂)၊ (၃)၊ (၄)၊ (၅)၊ ... က အမှားလို့ ထင်နေမှာပဲ။

ဆိုလိုတာက ဦးနှောက်ဆိုတာ လိုသလို ပုံသွင်းလို့ရတယ်။


ကျွန်တော် (၄) တန်းတုန်းက အိမ်မှာ ကြောင်လေး (၂) ကောင် မွေးဖူးတယ်။ အိမ်မှာ မွေးထားတဲ့ ကြောင်မကြီးက အထီးလေး (၂) ကောင်ပေါက်တာဗျ။ ဆိုလိုတာ လုံးဝ အသစ်ကလေး၊ ဦးနှောက် အသစ်နဲ့ ကြောင်လေး (၂) ကောင်ပေါ့ဗျာ။ သူတို့ (၂) ကောင်ကို ထမင်းကျွေးရတာက ကျွန်တော့် အလုပ်ဆိုတော့ ကျွန်တော်က ကြောင်တွေ ခေါ်ရင် " မှီ၊ မှီ၊ မှီ " လို့ မခေါ်ဘူး။ ခွေးခေါ်သလို "တောက်၊ တောက်၊ တောက်" လို့ ခေါ်ခဲ့တယ်။ အဲ့တော့ အဲ့ဒီကြောင်လေး (၂) ကောင်အနေနဲ့ "တောက်၊ တောက်၊" ဆိုတဲ့ အသံက သူတို့ကို ခေါ်တာလို့ပဲ သိတော့တယ်။ အိမ်ကို လာတဲ့ ဧည့်သည်တွေက အဲ့ဒီ့ ကြောင်လေး (၂) ကောင် ကို "မှီ၊ မှီ" လို့ခေါ်ရင် သောက်ဖတ်တောင် မလုပ်ဘူး။ ဧည့်သည်တွေရှေ့မှာ "တောက်၊ တောက်" လို့ ခေါ်ပြလိုက်ရင် အဲ့ (၂) ကောင်က ဒုန်းဆိုင်းကို ပြေးလာတာ။ အဲ့လို ကြောင်မျိုး မြင်ဖူးကြသလား။ 😉

ဆိုလိုတာက ဦးနှောက်ဆိုတာ လိုသလို ပုံသွင်းလို့ရတယ်။


မြောက်ကိုရီးယားရဲ့ အာဏာရှင် "ကင်ဂျူံအမ်း" ဆိုတာ ကြားဖူးကြတယ်မလား။ သူ့တိုင်းပြည်မှာတော့ သူက ဘုရားပဲ။ God ဆိုတဲ့ ဘုရားသခင်လို့ တစ်နိုင်ငံလုံးက ယုံကြည်ထားတယ်။ ဒီခေတ်ကြီးမှာ နေမင်းကနေ မွေးဖွားလာတဲ့ သားတော်တွေလို့ တစ်နိုင်ငံလုံးက သိထားတယ်တဲ့ဗျား။ (ဘုရားသခင်မို့လို့ အိမ်သာတောင် တက်စရာမလိုဘူးလို့ သူတို့နိုင်ငံသားတွေက ယုံကြည်ထားတယ်ဆိုပဲ။ စာဖတ်နေတဲ့ ခင်ဗျားက ဦးနှောက်ရှိတော့ ဒါကို ရီစရာလို့ ထင်ပေမယ့် သူတို့နိုင်ငံသားတွေကို သွားမပြောမိစေနဲ့ဗျ။ ဘုရားရိုက်လိမ့်မယ်လို့ ပြန်ပြောမှာဗျား။) မြောက်ကိုရီးယား နိုင်ငံသားတွေ ငတ်ချက်က ရက်စက်ပါပေ့ပဲ။ တိုင်းပြည်ထဲမှာ အင်တာနက်မရှိဘူး။ ပညာမတတ်ကြဘူး။ ရုပ်ရှင်ဖျော်ဖြေရေးက သူတို့ရေးတဲ့ ပေါ်လစီ ဇာတ်လမ်းတွေပဲ ပြတယ်။ ငတ်တယ်။ မငတ်ချင် စစ်ထဲဝင်။ တစ်ပါတီ စနစ်။ တစ်နိုင်ငံလုံး (၇) ရက် ငိုရမယ်လို့ အမိန့်ထုတ်လိုက်ရင် လူတိုင်း ရအောင် ဆက်တိုက်ငို။ ဘာမှ ပြန်မပြောနဲ့။ စောဒက မတက်နဲ့။ ဘုရားက ခိုင်းတာ၊ အကုန်လုပ် ဆိုတဲ့ ပုံစံမျိုးနဲ့ ထိန်းချူပ်တယ်။ ထိန်းချူပ်တိုင်းလည်း တစ်တိုင်းပြည်လုံး လိုက်လုပ်တယ်။

အဖြေက ရှင်းနေတာပဲ။
ပညာမှ မတတ်ကြတော့တာကိုး။
အသိညဏ် အဆင့်အတန်း နိမ့်ကျသွားတာကိုး။
ဦးနှောက်ကို ပုံသွင်းခံလိုက်ရတာကိုး။

ရီစရာ မကောင်းဘူးလားဗျာ။ ဘယ်လိုစဉ်းစား စဉ်းစား ရီစရာ မကောင်းဘူးလားဗျာ။ တကယ်တော့ "ကင်ဂျူံအမ်း" ဆိုတာဟာ ကမ္ဘာက လက်ခံထားတဲ့ ပြဿနာ ကောင်ပါပဲ။ နှူကလီးယား လက်နက်ကို ပိုင်ဆိုင်ထားတယ်။ တစ်ကမ္ဘာလုံးကို ချိန်းခြောက်ထားတယ်။ သူ စိတ်မထင်ဘဲ နှူကလီးယား ဒုံးကျည်တွေ ပစ်လွှတ်လိုက်တဲ့နေ့က တတိယကမ္ဘာစစ် ဖြစ်မယ့်နေ့ပဲ။ ပြောရရင် ISIS ဆိုတဲ့ စစ်သွေးကြွတွေဟာ စီးပွားရေးအတွက် စစ်တိုက်နေသလောက်ပဲ ရှိတာပါ။ နှစ်ဖက်စလုံးက အပြန်အလှန် ထိန်းထိန်းသိမ်းသိမ်း ရှိသေးတယ်။ တစ်ကမ္ဘာလုံးက ဘာသာရေး စစ်ပွဲအဖြစ် မြင်နေကြပေမယ့် သာမန် ပိုက်ဆံအတွက်၊ အာဏာအတွက် တိုက်တဲ့ စစ်ပွဲတစ်ခုထက် မပိုဘူး။ ဒါကို သက်သက် ကြားထဲကနေ ဘာသာရေး အမြတ်ထုတ်ပြီး လုပ်စားနေတဲ့ လူတွေက အများကြီးရှိသေး။ ထားပါတော့။

ISIS ကို အမြစ်ပြုတ်သွားအောင် တိုက်ပစ်လိုက်လို့ရတယ်။ ဒါမယ့် ကင်ဂျုံအမ်းကို အဲ့လို သွားလုပ်လို့မရဘူး။ ဟို ငနဲသားက ဘာမပြောညာမပြောနဲ့ နှူဒုံး ကို လွှတ်ထည့်လိုက်လို့ ကမ္ဘာပေါ် လူတောင် ခြေချစရာ မရှိဖြစ်သွားဦးမယ်။ ရေးရင်းနဲ့ out of topic ဖြစ်လာတယ်ဗျ။ အဲ့ဒီ့ နိုင်ငံက ထွက်ပြေးလာတဲ့လူတွေရဲ့ ဖြေဆိုချက်တွေ ဖတ်ရရင် ခင်ဗျား မျက်ရည်ပါ ကျလောက်အောင် သနားသွားလိမ့်မယ်။ အသက် ၃ဝ လောက်ရောက်ပြီး တောင်ကိုရီးယားဆိုတဲ့ နိုင်ငံ ရှိမှန်းတောင် မသိတဲ့သူနဲ့။ ကမ္ဘာဆိုတာ အမေရိကန်၊ တရုတ်နဲ့ မြောက်ကိုရီးယားပဲ ရှိတဲ့ မြေသားကြီးပဲလို့ သိခဲ့တဲ့သူနဲ့။ ထားပါတော့ဗျာ။ ဆိုလိုတာကဗျာ။ သူက ခေတ်ပညာတတ်တယ်။ သူ့နိုင်ငံထဲမှာတော့ ခေတ်ပညာတတ်မရှိအောင် လုပ်ထားလိုက်တယ်။ ပညာ မတတ်မှ သူ့ကို တော်လှန်လို့ မရမှာကိုး။ တော်လှန်မယ့် အရိပ်အယောင် ပြမိလိုက်ရင်လည်း အသေဆိုးနဲ့ သေအောင် ရက်ရက်စက်စက် သတ်ပစ်တတ်တဲ့ ကင်ဂျူံအမ်းပဲ။ ပါဝါရှိချင်လား။ သူနဲ့ အဆင်ပြေအောင်ပေါင်း။ တစ်ကမ္ဘာလုံးက မုန်းနေတဲ့ ဒင်းကို မြောက်ကိုရီးယား နိုင်ငံမှာ ထောက်ခံနေတာ ဘယ်သူတွေလည်း သိလား။ အရိုးအရင်းကိုက်နေရတဲ့၊ သူ့နားက မြောက်ထိုးပင့်ကော် လုပ်ပေးနေတဲ့၊ အနေအစားချောင်နေတဲ့ စစ်တပ်က အကြီးအကဲတွေနဲ့ သူတို့ရဲ့ အသိုင်းအဝိုင်းတွေပါပဲ။

တစ်ခေါက်လောက် ထပ်ပြောဦးမှပါ။ ** တစ်ကမ္ဘာလုံးက မုန်းနေတဲ့ ဒင်းကို ထောက်ခံတာ ဘယ်သူတွေလည်း သိလား။ အရိုးအရင်းကိုက်နေရတဲ့၊ သူ့နားက မြောက်ထိုးပင့်ကော် လုပ်ပေးနေတဲ့၊ အနေအစားချောင်နေတဲ့ စစ်တပ်က အကြီးအကဲတွေနဲ့ သူတို့ရဲ့ အသိုင်းအဝိုင်းတွေပါပဲ။ **

တကယ်တော့ သူတို့အပြစ်လည်း မဟုတ်ဘူးလေ။ စားနေရတာကိုး။ စားပေါက်ပိတ်မှာ ကြောက်တာကိုးဗျ။ < 😢

တစ်ကမ္ဘာလုံးအမြင်မှာ ကင်ဂျူံအမ်းက စောက်ရူးနားကမ်း ပြဿနာကောင်
ဘာကြောင့် ဒီလိုမြင်ရတာလည်း။ ?
သူဘာကောင်လည်း၊ ဘာတွေလုပ်နေလည်းဆိုတာ အထင်းသားမြင်တွေ့နေရတာကိုး။

မြောက်ကိုရီးယား နိုင်ငံသားတွေအမြင်မှာ ကင်ဂျူံအမ်းက ဘုရားသခင်
ဘာကြောင့် ဒီလိုမြင်ရတာလည်း။ ?
ပညာမတတ်၊ အသိညဏ်မရှိ၊ ဦးနှောက်ထုတ်ပြီး ရိုက်သွင်း ခံထားရတာကိုးကွယ်။

သနားဖို့ မကောင်းဘူးလားဗျာ။ ကျွန်တော်တို့အားလုံးလည်း သွားကယ်လို့ မရဘူးလေ။ သူတို့အတွက်က ဒါက အမှန်တရားဖြစ်နေတာကိုးဗျာ။ 😢


တကယ်တော့ ကျွန်တော်တို့ နေထိုင်နေတဲ့ ကမ္ဘာကြီးပေါ်မှာ အာရှတိုက်ဆိုတာ ရှိတယ်။ အဲ့ဒီ့ အာရှတိုက်ထဲက နိုင်ငံတွေထဲမှာ မြောက်ကိုရီးယားကို အားကျတဲ့ နိုင်ငံတစ်ခု ရှိခဲ့တယ်။ တစ်နိုင်ငံလုံးကို ပညာမတတ်အောင် လုပ်တယ်။ အဖက်ဖက် နိမ့်ကျသွားတော့မှ စိတ်တိုင်းကျ ခြယ်လှယ်တယ်။ ဒီအခြေအနေမှာ သူတို့ကို တော်လှန်မယ့် ပညာတတ်တစ်ယောက် ပေါ်လာတယ်။ တစ်ကမ္ဘာလုံးက လေးစားတဲ့ အဲ့ဒီ့ ပညာတတ်ကို မုန်းတီးတဲ့ လူတန်းစား တစ်ခု ရှိတယ်ဆို ခင်ဗျားတို့ ဘာပြောမလဲ။ မရှင်းရင် အပေါ်မှာ ကျွန်တော် နှစ်ခါပြန်ရေးခဲ့တဲ့ စာတန်းကိုသာ ပြန်ဖတ်ကြည့်လိုက်ပေါ့ဗျာ။


ဆိုလိုတာက ဦးနှောက်ဆိုတာ လိုသလို ပုံသွင်းလို့ရတယ်။

@chitchit

Sort:  

မှန်လိုက်တာ

မှန်တယ်ဗျာ

မှန်​ပါ့

Coin Marketplace

STEEM 0.21
TRX 0.13
JST 0.030
BTC 68152.98
ETH 3536.22
USDT 1.00
SBD 2.86