ရွာနဲ့ ကြုံခဲ့ရသမျှ ( final )
သေဘေးကို ဘယ်သူတစ်ဦးတစ်ယောက်ကမှ စောင့်ဆိုင်မနေချင်ကြပါဘူး။ သူ့တတ်နိုင်သလောက်တော့ ကြိုးစားချင်သေးမှာပေါ့။အဲ့ဒီတော့ ဦးကြီးက တောင်ဝှေးအားကိုးနဲ့ တစ်လှမ်းချင်း ဘုန်းကျောင်းကိုလျှောက်လာခဲ့တယ်လို့ပြောတယ်။ ဒါပေမယ့် သူ့အိမ်နဲ့ဘုန်းကျောင်းက အတော်လေးလှမ်းတော့ သူ ဘုန်းကျောင်းအထိ မရောက်နိုင်တော့ဘူး။နောက်ဆုံး သူဘယ်မှာ ပုန်းခိုလိုက်တယ် ထင်ပါသလဲ။သူ့အိမ်နဲ့ဘုန်းကျောင်းရောက်ဖို့ လမ်းတစ်ဝက်လောက် ရွာရဲ့ လမ်းလေးဆုံလေးခွနေရာမှာ အိမ်ရှေ့ရေမြောင်းတွေ တဆက်တည်းရေစီးဖို့လုပ်ထားတဲ့ ဂုံးတံတား အောက်ထဲ ဝင်နေလိုက်တော့တယ်တဲ့။ဆောင်းရာသီဆို ရေမြောင်းတွေလည်း ခြောက်သွေ့နေပြီလေ။ညအမှောင်ထဲမှာဆို ဘယ်သူမှ ထင်မှတ်မထားတဲ့နေရာပေါ့။ လူတစ်ယောက် ကောင်းကောင်း ဝင်ထိုင်နေဖို့ လုံလောက်တဲ့နေရာ။ပုံမှန်ဆို ဘယ်သူမှ ဝင်ကြည့်ဖို့တောင် မစဉ်းစားကြတဲ့နေရာကို အသက်ဘေးကြောင့် လူတစ်ယောက် ဝင်ရောက်နားခိုခဲ့ဖူးပါသတဲ့။ ဒါဟာ တကယ်ဖြစ်ပျက်ခဲ့တဲ့ အမှန်တရားတွေထဲက တစ်ခုပါပဲ။
နောက်ထပ် များပြားလှတဲ့အကြောင်းအရာတွေကို မပြောတော့ပါဘူး။ဒီအကြောင်းတွေကတော့ မငြိမ်းချမ်းတဲ့နယ်မြေ မအေးချမ်းတဲ့ဒေသမှာ တကယ်ကြုံတွေ့ခဲ့ရတာတွေချည်းပါပဲ။
အခြားရွာတွေက အေးဆေးနေကြပြီး မင်းတို့ရွာကျမှ ပိုကြောက်သလားလို့ မေးခံခဲ့ရဖူးတယ်။ အခြားရွာတွေလည်း အနည်းနဲအများတော့ အထိတ်တလန့်ဖြစ်နေကြတာချည်းပါပဲ။ကျမတို့ရွာကျမှ ဘာလို့ပိုကြောက်ကြရသလဲဆိုရင်တော့ ကြောက်ဖို့ ခိုင်လုံတဲ့အကြောင်း ရှိခဲ့ဖူးလို့လို့ပဲ ပြောရပါလိမ့်မယ်။
အထူးသဖြင့် ရွာဟာ တောင်နဲ့ပိုနီးတယ်။ရွာရဲ့အနောက်မှာ စစ်တပ်ရှိတယ်။ရွာဟာ အဲ့ဒီစစ်တပ်အတွက် ခံတပ်တစ်ခုလိုလည်း ဖြစ်နေတယ်။တကယ်တမ်း တိုက်ပွဲတွေဖြစ်လာမယ်ဆိုရင် စစ်တပ်ကိုချည်း အားကိုးနေလို့မရတော့ဘူး။စစ်တပ်က စစ်သားတွေဟာ ဒီတော ဒီတောင် ဒီနယ်မြေတွေကြားမှာ ဒေသခံတွေ မဟုတ်ဘူး။
ဆက်ကြေးဆိုတာကို ငြိမ်းချမ်းတဲ့ဒေသကလူတွေကတော့ မြန်မာ့တော်လှန်ရေးဇာတ်ကားတွေထဲ ကြည့်ဖူးမြင်ဖူးကြပါလိမ့်မယ်။ဒါပေမယ့် အပြင်မှာ အဲ့ဒါထက် ပိုလေးနက်ပါတယ်။
ကျမတို့ရွာဟာ ဟိုတုန်းကတည်းက ပြည်သူ့စစ်တွေရှိဖူးတယ်။အဲ့ဒီပြည်သူ့စစ်တွေဟာ လက်နက်ကိုင်ကြရတယ်။တောဖက်က လူတွေရွာထဲ နှစ်ကြိမ်ထက်မနည်းဝင်ဖူးတယ်လို့ဆိုကြပါတယ်။ ပထမတစ်ကြိမ်ကတော့ အမေ့ကို မွေးပြီးပြီး လပိုင်းအကြာကလို့ အဖွားကပြောတယ်။တောဖက်ကတွေနဲ့ ရွာကပြည်သူ့စစ်တွေတေ့တေ့ဆိုင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ဖူးပါတယ်တဲ့။အဲ့ဒီတိုက်ပွဲမှာ ရွာက လူနှစ်ယောက်ကျတယ်။တစ်ယောက်တော့ အမေ့ရဲ့အမေ ကျမတို့ အဖွားရဲ့မောင်အရင်း ဖြစ်တယ်။( နာမည်မဖော်ပြလိုတော့ပါ)
ရွာတစ်ဝက်လောက် မီးလောင်သွားခဲ့တယ်တဲ့။အဲ့ဒီတုန်းကတိုက်ပွဲမှာ ပါခဲ့တဲ့ အဖိုးတစ်ယောက်က ကျမတို့ အိမ်ခြေရင်းမှာနေပါတယ်။အခုထိသက်ရှိထင်ရှားရှိနေတုန်းပါပဲ။ဆောင်းရာသီ မီးလှုံကြတိုင်း အိမ်ကို အလည်လာပြီး အဲ့ဒီတုန်းကတိုက်ပွဲတွေအကြောင်း ပြောပြတတ်လေ့ရှိတယ်။ရွာက ပြည်သူ့စစ်တွေက ကံအားလျော်စွာနဲ့ အနိုင်ရခဲ့တယ်လို့ ဆိုနိုင်ပါတယ်။တိုက်ပွဲကြောင့် ကစင့်ကလျားထွက်ပြေးကြတဲ့ မိသားစုတွေကို မနက်ကိုပြန်ပြီး လိုက်ရှာကြရတယ်လို့လည်း ပြောဖူးတယ်။တိုက်ပွဲကနေ အိမ်အပြန်မှာ မီးလောင်တဲ့အထဲပါသွားတဲ့ အိမ် ၊ကျွဲ နွား စတဲ့ ကိုယ်ပိုင်ဆိုင်တဲ့ ရှိစုမဲ့စုပိုင်ဆိုင်မှုမှန်သမျှကို လက်လွတ်ဆုံးရှုံးလိုက်ရတဲ့ ရွာသားအချို့ဟာ တစ်သက်စာအတွက် ပြောစမှတ်တွင်ခဲ့တဲ့ လုပ်ရပ်အချို့ကို လုပ်ခဲ့မိကြပါတယ်။အဲ့ဒီအဖြစ်အပျက်ဟာ ကျမတို့ကို ဒီအရွယ်အထိ လက်ဆင့်ကမ်းလာခဲ့တယ်။အဲ့ဒီအဖြစ်အပျက်မှာ ပါခဲ့တဲ့ လူတစ်ချို့ဟာ အခုတော့ သေဆုံးသွားကြပါပြီ။ အတော်ရင်နာဖွယ်ကောင်းတဲ့ အခြေအနေကို ဖန်တီးခဲ့ကြတာမို့ ပြန်မပြောတော့ပါဘူး။စစ်ပွဲရဲ့ အနိဋ္ဌာရုံတွေလို့ပဲ သတ်မှတ်ထားလိုက်ပါရစေ။
အဲ့ဒီအဖြစ်အပျက်ကြောင့်ပဲ ဒီရွာဟာ တောဖက်က လူအချို့ရဲ့အမုန်းထားတာကို ခံခဲ့ရတယ်။စောင့်ကြည့်တာကို ခံခဲ့ရတယ်။ကြုံခဲ့ဖူးတဲ့လူတွေရဲ့ စကားတွေက ကျမတို့အထိ ထိတ်လန့်နေစေခဲ့တယ်။မင်းတို့မကြုံဖူးလို့ပါ ဆိုတဲ့ စကားလုံးက ကျမတို့အတွက်တော့ ပေါ့ပျက်တယ်။ သူတို့အတွက်တော့လေးနက်တယ်။
ဒါ့ကြောင့်လည်း ရွာက လူကြီးတွေကတော့ အမြဲတမ်းသတိထားနေကြလေ့ရှိတယ်။
ဒီအကြောင်းတွေကိုပြောလို့ သောင်းကျန်းသူတွေကို မုန်းလို့လားလို့ပြောရင်ကျမကတော့ လုံးဝမမုန်းဘူးလို့ပဲ ဖြေမယ်။တစ်ဦးတစ်ယောက်ရဲ့ ဆန္ဒနဲ့ တခြားသူတစ်ယောက်ရဲ့ အသက်အိုးအိမ်တွေကို ပျက်စီးစေလိုခဲ့မယ်လို့ ကျမ မယုံကြည်ဘူးလေ။
အမိန့်တွေအောက်မှာ အသက်တွေကို စတေးကြရခြင်းပဲ။စစ်ပွဲတွေရဲ့နောက်မှာ သက်ရောက်တဲ့ အနိဋ္ဌာရုံတွေပဲလို့ ကျမသတ်မှတ်တယ်။
စိတ်တော့မကောင်းဘူးပေါ့။ ဖြစ်ပျက်ခဲ့သမျှတွေမှာ စိတ်ချမ်းသာဖွယ်မှ မရှိပဲ။
စစ်တပ်ကြီးရှိနေပြီး ကာကွယ်မပေးဘူးလားလို့ အပြစ်တင်ကောင်းတင်ကြလိမ့်မယ်။ကျမကတော့ အပြစ်မတင်ပါဘူး။သူတို့လည်း သူတို့အလုပ်ကို သူတို့လုပ်မှာပါပဲ။အချို့အခြေအနေတွေဟာ ထင်ထားတာထက် ပိုပြီး ရှုပ်ထွေးနေတတ်တယ်လေ။
တောဖက်ကလူတွေနဲ့ အကြောင်းအချို့ကြောင့် ပတ်သက်မှုအကြောင်းတွေက အစင်းရာအခြစ်ရာတွေနဲ့ ဒဏ်ရာဆန်တယ်လို့ ပြောရမှာပေါ့လေ။
ဒါပေမယ့် စစ်တပ်နဲ့လည်း အဲ့ဒီလောက် ကောင်းမွန်တဲ့ အခြေအနေတော့ မဟုတ်သေးပြန်ဘူး။ပြန်ပြောရင် တူးဆွရမယ့် အတိတ်တွေရှိတယ်။ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကြောင့် နစ်နာရသူတွေရှိတယ်။အခုပြောရင် အခုထိ ရင်နာဖွယ်အဖြစ်အပျက်တွေပဲ ဖြစ်နေမှာပါပဲ။
ဖြစ်ပျက်ခဲ့ခြင်းမှာ တကယ်ခံစားခဲ့ရသူ(သူ့ရဲ့ဆွေမျိုးသားချင်းတွေ)အခုထိ နေထိုင်နေကြဆဲပါပဲ။ပြစ်ဒဏ်ရှိသူကို ပြစ်ဒဏ်ပေးပြီးတဲ့နောက်မှာ စစ်တပ်ဆိုတဲ့ အဖွဲ့အစည်းကြီးကိုသူတို့ မုန်းတီးမနေခဲ့တော့ဘူး။စစ်သားတွေက ပြုလုပ်ခဲ့တယ်ဆိုပေမယ့် အဲ့ဒီစစ်သားဟာ လူတစ်ယောက်ပဲလေ။အဲ့ဒီလူတစ်ယောက်ချင်းကိုမှ ထိုက်တန်တဲ့ ပြစ်ဒဏ်တွေ ပေးပြီးပြီလေ။ဘာ့ကြောင့် စစ်သားတိုင်း ဒါမှမဟုတ် စစ်တပ်ကြီးကို မုန်းတီးနေကြအုံးမှာလဲ။
ကျမတို့ရွာသားတွေဟာ အခု လက်နက်ကိုင်နေတဲ့အဖွဲ့အစည်းနှစ်ခုကြားမှာနေတယ်။ နှစ်ဖွဲလုံးနဲ့ သက်ဆိုင်ပတ်သက်တဲ့ အက်ကြောင်းကြီးကြီးမားမားတွေရှိခဲ့တယ်။ဒါပေမယ့် အခုနေမှာတော့ ဘယ်အဖွဲ့ထဲမှာပဲနေနေ ရွာကို ရန်မမူဘူး။အေးဆေးနေတယ်ဆိုရင် ဘယ်အဖွဲ့အစည်းအပေါ်မှာမှ မေတ္တာပျက်မနေကြဘူး။ပုံမှန်ဆက်ဆံကြတယ်။ရွာထဲ ဝင်ထွက်သွားလာ နေထိုင်လို့ရတယ်။အေးအေးဆေးဆေးပါပဲ။သတိတော့ထားတာပေါ့လေ။
ကျမဆိုလိုတာက ဒီရွာက လူတွေဟာ အတော်ကြီး ခွင့်လွှတ်တတ်ကြ သည်းခံလွန်းတတ်ကြသူတွေလို့ ဆိုလိုတာမဟုတ်ပါဘူး။ကိုယ့်ခွေးနဲ့သူ့ခွေးကိုက်ရင်တောင် ကိုယ့်ခွေးဖက်က အနိုင်ရစေချင်တတ်ကြတဲ့ လူ့သဘာဝ ဒီရွာက လူသားတွေမှာလည်း အပြည့်အဝ ရှိကြတာပါပဲ။တကယ်တမ်း ထိရှခဲ့ကြတဲ့ နှလုံးသားတွေကို ခံစားခဲ့ကြသူတွေချည်းပါပဲ။အဲ့ဒီအတိတ်တွေကို ပြန်ပြီးတူးဆွနေကြရင် ဒီရွာဟာ နောက်ထပ်လက်နက်ကိုင် သောင်းကျန်းသူတစ်စု ဖြစ်ဖို့ပဲ ရှိတော့မှာပေါ့။
လူတစ်ဦးတစ်ယောက်က မကောင်းခဲ့ရုံနဲ့ အဲ့ဒီလူပါဝင်တဲ့ အဖွဲ့အစည်းတစ်ခုလုံးအပေါ် အပြစ်ပုံမချမိဖို့ကြိုးစားနေကြတယ်။ အနာဂတ်အပေါ်မှာ ဟန်ချက်ညီအောင် ထိန်းပြီးလျှောက်ဖို့ ကြိုးစားနေကြတယ်။
ဖြစ်ပျက်ခဲ့သမျှတွေအပေါ် ခွင့်လွှတ်ဖို့ ကြိုးစားနေကြတယ်။ကိုယ့်ရပ် ကိုယ့်ရွာကို အေးချမ်းစေဖို့ ကြိုးစားနေကြတယ်။
ဒဏ်ရာဒဏ်ချက်တွေကို ဖာထေးပစ်လိုက်ကြဖို့ ကြိုးစားနေကြတယ်။
ဒဏ်ရာရပြီးရင် အနာဖေးဖြစ်သွားတဲ့တိုင် ထိမိရင် စပ်ဖျဉ်းဖျဉ်းတော့ ဖြစ်တတ်ကြတာပါပဲလေ။ဒါပေမယ့် ဒီလူတွေက ဒဏ်ရာဟောင်းကို မထိမိဖို့ကြိုးစားနေကြတယ်။
ထိခိုက်မိခဲ့ကြတဲ့လမ်းတွေမှာ ဒဏ်ရာတွေ အနာတွေ များလွန်းတော့လည်း အနာဂတ်ကို ပန်းမန်တွေနဲ့ လှပချင်ကြတော့မှာပေါ့လေ။
ကိုယ်တိုင် ကြုံဖူးမှ သိမှာပါ ဆိုတဲ့ စကားလုံးကို လူအချို့နားမလည်နိုင်ကြသေးပေမယ့်......
ကျမတို့ ဘယ်စစ်ကိုမှ မမက်ဘူး။ ဘယ်လို အနိဋ္ဌာရုံတွေကိုမှ မလိုချင်ဘူး။ဘယ်လို အာဃာတတွေကိုမှလည်း လက်မခံချင်တော့ဘူး။
ဒါတွေဟာ ဖြစ်ပျက်ခဲ့သမျှ ဖြစ်ပျက်နေဆဲ အမှန်တရားတွေချည်ပါပဲ။
( ဒီအမှန်တရားတွေကြောင့် ထာဝရ ငြိမ်းချမ်းကြပါစေ)
(.မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်စေရန် မရည်ရွယ်ပါ.)
I'm ATM.
Msu 021
အမြန်ဆုံး ငြိမ်းချမ်းကြပါစေ ခင်ဗျာ။
Posted using Partiko Android
nice post